လာမည့် သြဂုတ်လတွင် ကျင်းပမည်ဆိုသော စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်နေသည့် အဖွဲ့များ တိုင်းနှင့် ပြည်နယ်တချို့ ၌ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံနေကာ သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိနေ ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေစာရင်း ကောက်ယူနေခြင်း ဖြစ်ပြီး စတင်သည့် နေ့မှစ၍ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ ကြီးများသာမက တနင်္သာရီ၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ် ချင်းပြည်နယ် တို့တွင် တိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်း၊ ဧရာဝတီက စုံစမ်းသိရှိထားသည့် အချက်အလက် များအရ ဇန်နဝါရီလ ၉ ရက် မှ ၁၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၁၂ ခု၌ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
တိုက်ခိုက်ခံရသည့် နေရာများမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ မကွေးတိုင်း နတ် မောက်၊ သရက်၊ မင်းတုန်း၊ ရေစကြို စသည့် မြို့နယ်များအပြင် စစ်ကိုင်းတိုင်းတွင် မုံရွာ၊ မြောင်၊ ဆားလင်းကြီး အစရှိ သည့် မြို့နယ်များ၊ တနင်္သာရီတိုင်းတွင် လောင်းလုံးမြို့နယ်၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်နှင့် ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရခြင်းမှာ လူထုက အသိအမှတ်မပြုသည့် ရွေးကောက်ပွဲ ဖြစ်သည်သာမက စစ်အုပ်စု၏ လုပ်ဆောင်ချက် မှန်သမျှကို တရားမဝင်ဟု သတ်မှတ်ထားသည့်အတွက် ဖြစ်ကြောင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဆိုကြ သည်။
Special Regional Attacks Force (Monywa)မှ ပြန်ကြားရေး တာဝန်ခံက “သူတို့လုပ်မယ့် ရွေးကောက်ပွဲက လူထု ထောက်ခံမှု မရှိတဲ့အတွက် ဒီရွေးကောက်ပွဲ မဖြစ်ဖို့ အတတ်နိုင်ဆုံး လုပ်မှာပါ။ မတရားတဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လက်နက်ကိုင်လမ်းစဉ် လျှောက်ကြတဲ့ တော်လှန်ရေးသမားတွေကလည်း ကျင့်ဝတ်တွေနဲ့ အညီ ပြည်သူတွေကို မထိခိုက်အောင် ရှောင်ရှားပြီး ရွေးကောက်ပွဲ မဖြစ်မြောက်ရေး တိုက်ပွဲဆက်လက် ဝင်နေဦးမှာပဲ” ဟု ပြောသည်။
Special Regional Attacks Force (Monywa) အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပေါ်က ဒေါနခြံရပ်ကွက်၊ သာစည် မီးပွိုင့်တွင် အိမ်ထောင်စု စာရင်းလိုက်လံစစ်နေမှုကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဇန်နဝါရီလ ၉ ရက်ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီး၌ လူဦးရေ စာရင်းကောက်သည့် အဖွဲ့အား လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက တိုက်ခိုက်ခဲ့သဖြင့် ၁ ဦး သေဆုံးပြီး AK 47 သေနတ် ၁ လက်၊ ကျည် ၂၃ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက “တရားမဝင် ရွေးကောက်ပွဲဖြစ်နေလို့ တိုက်ခိုက် တာ။ အာဏာသိမ်းထားတာဆိုတော့ သူတို့ လုပ်ရပ်မှန်သမျှက တရားမဝင်ဘူးလို့ပဲ ယူဆထားတယ်။ မဲစာရင်းကောက်ခံတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာလည်း ထုတ်ပြန်ထားတယ်” ဟု ဆိုသည်။
ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းတွင်လည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးဖောက်ခွဲခဲ့ကြောင်း မန္တလေးပြောက်ကျား တပ်ဖွဲ့ STF- MDY ကထုတ်ပြန် ထားသည်။
ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ငန်းစဉ်တရပ်ဖြစ်သော လူဦးရေ စာရင်းကောက်ယူမှုတွင် ပါဝင်သည့် ဝန်ထမ်းများကို ပူးပေါင်းပါဝင်ခြင်း မပြုဘဲ CDM လုပ်ရန်လည်း တော်လှန်ရေး လက်နက်ကိုင် အင်အားစုများက တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရကလည်း ပြည်သူများအနေဖြင့် စစ်အုပ်စု၏ လူဦးရေစာရင်း ကောက်ယူခြင်းကို ငြင်းဆန်ရန် နှင့် မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေး အားပေးအားမြှောက် ဆောင်ရွက်ကြသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက အဖွဲ့များနှင့် အခြားမည်သည့် ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟု ဇန်နဝါရီ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လူဦးရေ စာရင်းကောက်ယူနေမှုများအား အများစုသော ပြည်သူများက ပူးပေါင်း ပါဝင်ခြင်း မရှိကြသလို စာရင်းပေးသူများ အနေဖြင့်လည်း ဆန္ဒအရ မဟုတ်ဘဲ ဖိအားပေးခံရမှုများသာမက ၎င်းတို့၏ လုံခြုံရေး စိုးရိမ်ချက်များ ကြောင့်ပေးခြင်းသာ ဖြစ်ကြောင်း မြို့ခံများနှင့် တော်လှန်ရေး အင်အားစုအဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
တာမွေမြို့နယ်နေ ပြည်သူတဦးက “ရပ်ကွက်ထဲမှာ လူဘယ်လောက်နေလဲ သိချင်လို့ ကောက်ပါတယ်ဆိုပြီး တောင်းတာ။ အောက်ကနေ စပီကာနဲ့ အော်ခေါ်ပြီး တောင်းတာ။ ကြောက်စိတ်နဲ့ ဆင်းပေးကြတာက မပေးလို့ မရဘူး လမ်းတလမ်းမှာ ဆိုရင် ရိုးရိုးတန်းတန်း ရပ်ကွက်ရုံးက လူတွေ လာကောက်တယ်။ ဆင်းမလာတော့ သေနတ်တွေ တရမ်းရမ်းနဲ့ လုပ်ပါလေ ရော။ အဲဒီတော့ ဆင်းပေးရတော့တာပေါ့” ဟု ပြောသည်။
ဗဟန်းမြို့နယ်နေသူ တဦးကလည်း ခြံဝင်း အိမ်ရှေ့ထိ လာရောက်ကောက်ယူမှုကြောင့် မဖြစ်မနေ ပေးလိုက်ရကြောင်း၊ အချို့ ကန်ထရိုက်တိုက်များသော ရပ်ကွက်များတွင် တိုက်ပေါ်သို့ မတက်ဘဲ လမ်းပေါ်မှ အော်ကာ စာရင်းကောက်ခံပါက ပေးမည်မဟုတ်ကြောင်း ပြောသည်။
၎င်းက “ကျမတို့ဆို ၂ အိမ်ရှိတယ်။ မြေစိုက်ခြံဝင်းအရှေ့ထိ လာကောက်တော့ ငြင်းလို့မရဘူး။ ပေးရတာပေါ့။ နောက်တခု က တိုက်ပေါ်တွေ မတက်ဘဲ လမ်းတွေအောက်က အော်တာလောက်တော့ မပေးဘူး။ ဒီကောင်တွေ ကောက်လို့ကို မပေးချင်တာလေ။ မဖြစ်မနေမလို့ပဲပေးမှာ သဘောဆန္ဒ လုံးဝမရှိဘူး” ဟု ဆိုသည်။
ဇန်နဝါရီ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လူဦးရေစာရင်းလာရောက် ကောက်ခံသည့် မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးနှင့် ထွေအုပ်ဝန်ထမ်း ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးကာ ထိန်းသိမ်းထားကြောင်း သိရသည်။
မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံက “အကျယ်ချုပ်သဘော လုံလုံခြုံခြုံ ထားထားပါတယ်။ မူမမှန်တဲ့ ရွေးကောက်ပွဲ လုံးဝလက်မခံသင့်တဲ့ အကြောင်းအရင်းနဲ့ ဖမ်းတာပေါ့။ ပြည်သူကမှ မကြိုက်တာ၊ ဒီမိုကရေစီ မဟုတ်ဘူး လေ။ ပြည်သူက လက်မခံဘူးလေ။ သူတို့ စစ်ကောင်စီက မူမမှန်တဲ့ ရွေးကောက်ပွဲကို လုပ်ဆောင်ချင်တာပေါ့။ အများ ပြည်သူက လုံးဝလက်သင့်မခံဘူး။ အဲဒါကြောင့် ကျနော်တို့ကလည်း အများပြည်သူ့ရဲ့ ဆန္ဒအရ ဖမ်းဆီးပေးတာပါဗျ” ဟု ပြောသည်။
ဖမ်းဆီးရမိသည့် အဆိုပါ ၄ ဦးအား NUG ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းခရိုင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ လူဦးရေ စာရင်းကောက်ယူသူများကို တိုက်ခိုက်ခံရမှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသည့် အကြမ်းဖက် အဖွဲ့အစည်းများ က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက ယင်းကဲ့သို့ ဝါဒဖြန့်နေသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက်က ပြုလုပ်သော စစ်ကောင်စီ၏ အကြမ်း ဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးမှ ပေါက်ကြားလာသော လျှို့ဝှက်ညွှန်ကြားချက်များတွင် လူဦးရေစာရင်း ကောက်ယူမှု သည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တခြားတော်လှန်ရေးအင်အားစုများကို စုံစမ်းဖော်ထုတ်ရေးသာ ဖြစ်ကြောင်း ပြောဆိုထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပေး မည်ဟု ပြောထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွန်အားပေး လုပ်ဆောင်လျက်ရှိသော်လည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ပြီး တရားမဝင်ကြောင်း၊ ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ တွင် မပူးပေါင်း ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများက တိုက်တွန်းနှိုးဆော် သတိပေးလျက်ရှိသည်။
You may also like these stories:
ရွေးကောက်ပွဲအတွက် ဆိုကာ လူဦးရေစာရင်းကောက်မှုမှာ PDF ချေမှုန်းရေးသာဖြစ်
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ
မဲစာရင်းပြုစုရေး ပရဟိတအဖွဲ့များကိုပါ ဖိအားပေး ခိုင်းစေ