စစ်ကောင်စီက ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်နယ်လူထုအနေဖြင့် စိတ်ဝင်စားမှု မရှိကြောင်းဒေသခံများနှင့် လေ့လာစောင့်ကြည့်သူများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း မဲစာရင်းများ လိုက်လံကောက်ယူနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “မဲစာရင်းကောက်တဲ့အထဲမှာတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေးနဲ့ လဝက ဝန်ထမ်းတွေ ပါတယ်။ သူတို့ကတော့ အိမ်ထောင်စုရင်းနဲ့ မှတ်ပုံတင်တွေကို တောင်းပြီး အိမ်မှာရှိတဲ့ အိမ်ထောင်စုစာရင်းမှာရှိတဲ့လူနဲ့ မရှိတဲ့ လူတွေကို စာရင်းကောက်ယူသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မဲစာရင်းများကောက်ယူရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလများကဲ့သို့ စေတနာ့ ဝန်ထမ်းများလိုက်ပါ ဆောင်ရွက်မှုများ မရှိသလို ပြည်သူလူထုအနေဖြင့်လည်း စိတ်ဝင်စားမှု တစုံတရာမရှိကြောင်း ဒေသခံများက ကျောက်ဖြူမြို့ခံများက ပြောသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ထွေအုပ်ဝန်ထမ်းတို့ အနှောင့်အယှက် အတားအဆီး တစုံတရာမရှိဘဲ မဲစာရင်းများ ကောက်ယူနေသော်လည်း ပြည်သူ အများစုမှာ ရွေး ကောက်ပွဲထက် စစ်ကောင်စီနှင့် AA တို့၏ တိုက်ပွဲမှ ထွက်ပေါ်လာမည့် စစ်ရေး၊ နိုင်ငံရေးကိုသာ အာရုံစိုက်မှု ရှိကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများက ပြောသည်။
မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ရွေးကောက်ပွဲဖြစ်ရင်လည်း လူထုကတော့ စိတ်ဝင်စားမှု လုံးဝ မရှိတော့ဘူး။ No Vote သမားတွေ အဖြစ်များမယ်။ ရွေးကောက်ပွဲ ကျင်းပတယ်၊ မဲထည့်လိုက်တယ်။ နိုင်ငံရေး၊ စီးပွားရေး ဘာမှ တိုးတက်မလာတဲ့အခါ လူထုက ရွေးကောက်ပွဲကို ပြဿနာလို့သာ မြင်လာကြတယ်။ ရခိုင်လူထု စိတ်ဝင်စားတာက ရွေးကောက်ပွဲထက် စစ်တပ်နဲ့ AA တို့ရဲ့ တိုက်ပွဲက အဖြေ ဘာထွက်လာမလဲ ဆိုတာပဲ စိတ်ဝင်စားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားလျက်ရှိသလို ရွေးကောက်ပွဲ စနစ်ကိုလည်း ယခင်နှစ်များကဲ့သို့ နိုင်သူအကုန်ယူစနစ်ကို ပြောင်းလဲကာ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် အားထုတ်လျက်ရှိသည်။
လက်ရှိ ၂၀၀၈ ဖွံ့စည်းပုံအခြေခံ ဥပဒေအရ စစ်တပ်သည် ရွေးကောက်ခံရန်မလိုဘဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အသီးသီးတွင် ထိုင်ခုံနေရာများ ယူထားပြီး ဖြစ်သလို PR စနစ်သည် ကြံ့ခိုင်ရေးပါတီက အမတ်များ လွှတ်တော် သို့ မဲအရေအတွက်အလိုက် အချိုးကျ တက်ခွင့်ရရှိမည့် စနစ်တခု ဖြစ်သည့်အတွက် စစ်တပ်ခေါင်းဆောင်များသည် နိုင်ငံ တော်အာဏာကို ဆက်လက် ရယူရန် ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ က ပြောသည်။
ယင်းပြင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း သြဇာကြီးထွားနေသည့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA)နှင့် ယာယီ အပစ်ရပ်ထားပြီး ရခိုင်နိုင်ငံရေးသား ဒေါက်တာ အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစံ ကျော်လှ၊ ဒေါ်အေးနုစိန် (နိုင်ငံတော်ကောင်စီဝင်) အပါအဝင် ရခိုင်တိုင်းရင်းသားတချို့ကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပြီး နိုင်ငံရေး ပါတီဘောင်ကို ကျယ်ပြန့်စေရန် စည်းရုံးထားသည်ကိုလည်း တွေ့မြင်ရသည်။
သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းနေသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ တိတိကျကျ ထွက်ပေါ်လာမှသာ ပါတီတွင် အစည်းအဝေး တရပ်ပြုလုပ်ပြီး ကျင်းပသွားမည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ဝင်စားမှုမရှိသလို စစ်ကောင်စီသည် ပြိုင်ဘက်မရှိဘဲ တဖက်သတ်အနိုင်ယူမည့် ပွဲတခုသာ ဖြစ်ကြောင်း သုံးသပ် ပြောကြားသည်။
၎င်းက “ဒီရွေးကောက်ပွဲဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရရင် ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီးတော့ အာဏာသိမ်း တဲ့ပွဲ ဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ ပေါ်ပေါက်လာတာဖြစ်တယ်။ အဲဒီအတွက် ဗမာပြည်သူတွေကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ရခိုင်မှာဆို ပိုးဆိုးတာပေါ့။ နောက်တခုက ဒီရွေးကောက်ပွဲဟာ လက်ဝှေ့စကားနဲ့ ပြောမယ်ဆိုရင် ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို ခြေတွေလက်တွေ ရိုက်ချိုးပြီးတော့ တဖက်သတ်အနိုင်ယူတဲ့ပွဲသာ ဖြစ်တဲ့အတွက် ဘယ်သူမှတော့ စိတ်ဝင်စားမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ အနှောင့်အယှက်မရှိဘဲ မဲစာရင်းများ ကောက်ယူနိုင်သော်လည်း ပြည်နယ်တခုလုံးတွင် သြဇာလွမ်းမိုးထားသော ULA / AA က ခွင့်ပြုပေးထား သည်ဟု မှတ်ယူ၍ မရကြောင်း၊ နှစ်ဖက်အပစ်ရပ်ထားသည့် အခြေအနေအပေါ်မူတည်ပြီး တိုက်ပွဲပြန်ုဖြစ်မဖြစ်အပေါ် မူတည်ကာ အနီးကပ်ရောက်မှသာလျှင် ULA/ AA အနေဖြင့် ဆုံးဖြတ်ချက်တခု ချမှတ်မည့် အခြေအနေရှိကြောင်း ဦးဖေသန်းက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သော NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ် ပွားခဲ့ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်ကို NLD အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုခဲ့ဘဲ ချန်လှန်ထားခဲ့သည်။
You may also like these stories:
စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး အသတ်ခံရမှု AA လက်ချက်ဟု ALP ထုတ်ပြန်
AFP ပါတီဝင်တွေ လွတ်ဖို့ တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့သူ ဒေါက်တာအေးမောင်အား မေးမြန်းခြင်း