ပြည်ပထွက်ခွာခွင့် တားမြစ်ခံရသော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူများ၊ ပြည်ပနိုင်ငံ လေဆိပ်များမှ ပြည်ဝင်ခွင့်မပြုဘဲ ပြန်လည်စေလွှတ်ခြင်းခံရသော မြန်မာနိုင်ငံသားများအား ပစ်မှတ်ထားစောင့်ကြည့်ရန် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က ညွှန်ကြားထားသည်။
ပေါက်ကြားလာသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှတ်တမ်းတွင် ထိုသို့ ညွှန်ကြား ထားခြင်း ဖြစ်ပြီး ပြည်ပလေဆိပ်များမှ ပြန်ပို့ခံရသူများကိုလည်း CDM များကဲ့သို့ပင် ပစ်မှတ်ထားစောင့်ကြည့်ရန် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။
၎င်းက “CDM လုပ်သူများ Black List သွင်းထားသည့်အတွက် ပြည်ပသို့ ထွက်ခွင့်မရတော့ဘဲ လေဆိပ်တွင် တားဆီးမှုများ ရာနှင့်ချီ၍ ရှိလာပါကြောင်း၊ ထိုသို့ တားဆီးခံရသူများသည် အစိုးရအပေါ် မကျေနပ်သည့်အဖွဲ့များ ဖြစ်လာနိုင်ပါကြောင်း၊ ပြည်တွင်း၌လည်း အလုပ်မရှိ၊ ပြည်ပသို့လည်း သွားမရခြင်းတို့ကြောင့် ထိုလူအုပ်စု၏ အန္တရာယ်သည် ကြီးမားလာနိုင်ပါ ကြောင်း” ဟု ဆိုသည်။
အစည်းအဝေးအတွင်းမှ ပေါက်ကြားလာသည့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏ ပြောဆိုချက်အရ ပြီးခဲ့သည့် နှစ်လအတွင်းမှာပင် ပြည်ဝင်ခွင့်မပြုဘဲ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားဦးရေ ၅၀၀ ခန့် ရှိနေပြီး Black List သွင်းခံရမှုကြောင့် လေဆိပ်တွင် တားဆီးခံရသူ ရာနှင့်ချီ ရှိနေကြောင်းလည်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာနပေါင်းစုံမှ CDM ပြုလုပ်သူ နိုင်ငံ့ဝန်ထမ်း သိန်းနှင့်ချီ ရှိခဲ့ပြီး ၎င်းတို့အား စစ် ကောင်စီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဖမ်းဆီးနှိပ်ကွက်ခြင်း၊ အချို့အား ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ယမန်နှစ် မတ်လမှစ၍ CDM ပြုလုပ်ထားသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) များကိုလည်း Black List လုပ်ကာ ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ကန့်သတ်ခဲ့သည့်အတွက် လေဆိပ်တွင် ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရသူများလည်း ရှိခဲ့သည်။
CDM ပြုလုပ်ထားသူ ရန်ကုန်မြို့မှ အလယ်တန်းပြ ကျောင်းဆရာမတဦးက ၎င်းအနေဖြင့် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ် ရန် နိုင်ငံကူးလက်မှတ် သွားလုပ်ရာ၌ ပြုလုပ်ခွင့် မရခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ပတ်စ်ပို့ သွားလုပ်တာ နာမည်ပြောလိုက်တာနဲ့ ကျောင်းဆရာမလားလို့ မေးတယ်။ သူတို့အနေနဲ့ အခု စာအုပ် ထုတ်ပေးလိုက်လည်း လေဆိပ်ကျရင် အဖမ်းခံရမှာပဲလို့ ပြောတယ်။ စာအုပ်ပဲ လိုချင်တာပါလို့ ပြောတာ မရဘူး” ဟု ဆိုသည်။
၎င်းအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် တိမ်းရှောင်နေခဲ့ရသည့် အခြေ အနေများ ရှိခဲ့ပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်မှုအတွက်လည်း စိုးရိမ်စိတ်များရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ CDM ပြုလုပ်လာသူ တဦးကလည်း ၎င်းအနေဖြင့် လတ်တလောတွင် ပြည်ပသို့ ထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေလိုသော်လည်း နိုင်ငံကူးလက်မှတ် သွားလုပ်သည့်အခါ ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုရှိသောကြောင့် သွားရောက် ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်ခဲ့သည့် အလှမယ်ဟန်လေးမှာလည်း ပတ်စ်ပို့ ပယ်ဖျက်ခံရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်၌ ယာယီထိန်းသိမ်းခံရသကဲ့သို့ မော်ဒယ်နန်းမွေစံမှာလည်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရပြီး နိုင်ငံကူးလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။
နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခံရသည့် အလှမယ်ဟန်လေး အနေဖြင့် ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရခဲ့သော်လည်း ရန်ကုန်လေ ဆိပ်၌ ဖမ်းဆီးခံရသည့် မော်ဒယ်နန်းမွေစံမှာမူ လက်ရှိတွင် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စစ်ခုံရုံးက ထောင် ဒဏ် ၆ နှစ် ချမှတ်ထားသည်။
ထို့ပြင် စစ်ကောင်စီဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖြစ် Black List စာရင်းသွင်းခြင်းများနှင့် ပတ်သက်ပြီး နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များနှင့် နယ်စပ် အဝင်အထွက် ဂိတ်များတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးတားဆီးမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဌေးလှိုင်က ပြောထားသည်။
အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည် ဝင်ရောက်လာသည့် နိုင်ငံသားများအား အကြမ်းဖက်မှုနှင့် ဆက် စပ်သည့် သင်တန်းများ တက်ရောက်ခဲ့ခြင်း ရှိမရှိ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောဆိုထားသည်။
ထိုသို့သော အခြေအနေတွင် စစ်ကောင်စီက CDM များနှင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသူများ၏ အချက်အလက် များအား ပြည်နယ်နှင့်တိုင်း ရဲတပ်ဖွဲ့များထံ ဖြန့်ဝေပြီး ပစ်မှတ်ထားစောင့်ကြည့်ရန် ထပ်မံ ညွှန်ကြားလာသည့်အတွက် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် Black List သွင်းခံထားရသူများ အနေဖြင့် ဖမ်းဆီးတရားစွဲဆိုခံရမှုများ ထပ်မံ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုများကြောင့် နိုင်ငံသား သိန်းနှင့် ချီပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းများဖြင့်ပါ ထွက် ခွာလျက် ရှိသည်။
ထိုသို့ နိုင်ငံသား အများအပြား ပြည်ပသို့ ထွက်ခွာနေမှုများနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ကန့် သတ်သည့် အနေဖြင့်လည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်း စသည့် လုပ်ငန်းစဉ် များအား လတ်တလော ရပ်ဆိုင်းထားသည်။
You may also like these stories:
နိုင်ငံရေးနှင့် တည့်တည့်ဝင်တိုးမိသည့် သူနာပြုဆရာမတဦး
Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို
ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်း ရောက် မြန်မာများ စိုးရိမ်နေ
အလှမယ် ဟန်လေးအား ကယ်ထုတ်နိုင်ရေး UNHCR ဆောင်ရွက်နေဟုဆို