နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ယာယီ ထိန်းသိမ်းထားသည့်နေရာမှ ပဲခူးတိုင်း၊ တောင်ငူ အကျဉ်းထောင်သို့ ဇန်နဝါရီ ၁၄ ရက်က ပြောင်းရွှေ့လိုက်ပြီး ထောင်လုံခြုံရေးကိုလည်း စစ်တပ်ဖြင့်ပါ တိုးမြှင့် ချထား ကြောင်း ဧရာဝတီ၏ သတင်းအရင်းအမြစ်တဦးက ပြောသည်။
နေပြည်တော်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တဦးက “သမ္မတကြီး ဦးဝင်းမြင့် တောင်ငူထောင် အပို့ခံရတယ်ဆိုတဲ့ သတင်းက ဟုတ်ပါတယ်။ ၁၄ ရက်နေ့ကတည်းက လုံခြုံရေး အစောင့်အရှောက်ကားတွေနဲ့ ခေါ်သွားခံရတာပါ။ အဆောင် သစ်တခုမှာ သီးသန့်ထားတယ်လို့လည်း ကြားပါတယ်။ သူ ရောက်ပြီးနောက်ပိုင်း ထောင်လုံခြုံရေးကိုလည်း သိသိသာသာ ကို တိုးမြှင့်ထားတယ်” ဟု ဆိုသည်။
စစ်တပ် အာဏာသိမ်းသည့်နေ့တွင် သမ္မတရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခြိမ်းခြောက်မှုအပေါ် အံတုငြင်းဆန်ခဲ့သည့် သမ္မတဦးဝင်းမြင့်သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်၌ တလျှောက်လုံး ချုပ်နှောင်ခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှုဥပဒေတို့ဖြင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ် ချခံထား ရသည်။
သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်သို့ မပို့ဆောင်မီ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေး ဝန်ကြီး ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုယ်တိုင် တောင်ငူထောင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး အကျဉ်းထောင်လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်နှင့် ထောင်ဆူပူမှုများ ဖြစ်ပွားလာပါက အချိန်တိုအတွင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ စနစ်တကျ ဆောင်ရွက်ထားရန် ပြောဆိုခဲ့သည်။
လက်ရှိ တောင်ငူထောင်တွင် သမ္မတဦးဝင်းမြင့် မရောက်မီကတည်းက စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်ထားသည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီး ဖြစ်သူ ဦးစိုးညွန့်လွင်တို့ကိုလည်း ပြောင်းရွှေ့ အကျဉ်းချထားကြောင်း ၎င်းတို့အမှုနှင့် နီစပ်သူများက ပြောသည်။
ယင်းသို့ ပြောင်းရွှေ့ချုပ်နှောင်မှုများ ရှိသည့်အပြင် မူလကတည်းက တောင်ငူထောင်တွင် အကျဉ်းချခံထားရသည့် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းကိုလည်း သရက်ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။
လတ်တလောတွင် သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်အတွင်းရှိ ဆေးရုံဆောင်အနီး သီးသန့်အဆောက်အအုံသစ်၌ ချုပ်နှောင်အကျဉ်းချထားကြောင်း သိရသည်။
မကြာသေးမီက တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်လာသူအချို့၏ ပြောကြားချက်အရ တောင်ငူထောင်အတွင်း အဆောက်အအုံငယ်အသစ်များ ဆောက်လုပ်နေသည်မှာ မှန်ကန်ကြောင်း ဆိုသည်။
သမ္မတဦးဝင်းမြင့်၏ အမှုနှင့် နီးစပ်သည့်အသိုင်းအဝိုင်း၏ ပြောကြားချက်အရ သမ္မတအတွက် ထောင်ဝင်စာ အနေဖြင့် အစားအသောက်များအား နေပြည်တော်၊ ဇဗ္ဗူသီရိရဲစခန်းသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က နောက်ဆုံးအနေဖြင့် ပို့ဆောင်ခဲ့ရကြောင်း သိရပြီး ထိုစဉ်က ထောင်ပြောင်းရွှေ့မည်ကို မသိရသေးကြောင်းလည်း ၎င်းတို့က ပြောသည်။
You may also like these stories:
စစ်ကောင်စီ စွပ်စွဲချက်မှားယွင်းကြောင်း အထောက်အထားနှင့် သမ္မတ ချေပ
သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတကာက မေ့လျော့နေ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအား ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက်အမှု ပြန်ခေါ်သက်သေစစ်ဆေး