စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်တောင်ဘက် ရေရှင်ရွာတွင် စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော်မှာ သောက်ရေ မလုံ လောက်သည့် အခက်အခဲနှင့် ကြုံနေရကြောင်း ရေရှင်ရွာဒေသခံများနှင့် ကလေးမြို့နယ်ရှိ စစ်ရှောင်များအား ကူညီနေ သူအချို့က ဆိုသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ရေရှင်ရွာသည် ကလေးမြို့နှင့် ၃၆ မိုင် ကွာဝေးပြီး တောင်ဘက်၌ ကျောက်ပြုတ်၊ ဟံသာဝတီ၊ ကုက္ကား စသည့် ရွာများရှိကာ ယင်းရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ နှင့် ပျူစောထီး လက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း သိရသည်။
ရေရှင်ရွာ၌ အိမ်ထောင်စု ၃၅၀ ကျော်ရှိပြီး ရွာခံ ၁၅၀၀ ခန့်မှာ စစ်ကောင်စီနှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုးမှု ကြောင့် ၂၀၂၁ ဧပြီလမှ စ၍ တောတောင်များအတွင်း တိမ်းရှောင်နေခဲ့ရကြောင်း၊ ရေရှင်ရွာမှာ အာဏာသိမ်းမှုကို နည်းမျိုးစုံဖြင့် တက်ကြွစွာဆန့်ကျင်သဖြင့် စစ်ကောင်စီတပ်များ၏ ၆ ကြိမ်ထက်မနည်း စစ်ကြောင်းထိုး မီးရှို့မှုကြောင့် လက်ရှိ ရွာတွင် နေအိမ် ၅ လုံးခန့်သာ ကျန်တော့ ကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် မိုးကာလက သောက်ရေအတွက် အဆင်ပြေသော်လည်း ဒီဇင်ဘာလမှ စတင်၍ ယင်းပြဿနာ ကြုံ လာရခြင်း ဖြစ်ကြောင်း ရေရှင်ရွာခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “လောလောဆယ် ချိုးရေက အရမ်းအခက်ကြီးတော့ မဟုတ်ဘူး။ သောက်ရေကတော့ ခက်နေတယ်။ နောက် ပိုင်းကျရင် ပိုခက်တော့မှာ” ဟု ဆိုသည်။
ယခင်က ရေရှင်ရွာသည် ရေအရင်းအမြစ်အတွက် မြစ်သာမြစ်နှင့် ရွာရှိ ရေတွင်းများကို အားထားခဲ့ကြသော်လည်း ယခုအခါ မြစ်သာမြစ်တွင် လာရောက်ရေခပ်ပါက ဟံသာဝတီ၊ ကုက္ကား၊ ကျောက်ပြုတ်စသည့် ပျူစောထီးရွာများမှနေ ၍ ၁၂၀ မမ မော်တာဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။
ထို့ပြင် ရေရှင်ရွာသားများ ရွာသို့ ပြန်ဝင်ပါကလည်း လက်နက်ကြီးဖြင့် ပစ်သဖြင့် ၂၀၂၂ အောက်တိုဘာလအတွင်း ရေရှင်ရွာ၌ ရေပြန်ချိုးသည့် ၁၀ ကျော်သက်အရွယ် မိန်းကလေး ၂ ဦး လက်နက်ကြီး ထိမှန်ခဲ့ရသည်။
ရေရှင်ရွာဒေသခံက “ကလေးမလေး ၂ ယောက် ရွာထဲပြန်ပြီး ရေချိုးတာပေါ့။ အဲဒါ စစ်တပ်က ၁၂၀ နဲ့ လှမ်း ပစ်တာ။ ၁ ယောက် သေတယ်။ ၁ ယောက်က ဒဏ်ရာ ရသွားတယ်။ အမြွှာတွေလေ။ အကြီးမလေးက သေသွားတယ်။ အငယ်မလေး ကျန်ခဲ့တယ်” ဟု ပြောသည်။
ထိုဖြစ်စဉ် ပြီးနောက်ရေရှင်ရွာ ဒေသခံအများစုမှာ ရွာမပြန်ရဲတော့ဘဲ ၂ မိုင်ခန့် ဝေးသည့် တောတွင်းတနေရာတွင် ယာယီတဲများထိုးကာ တောင်ကျစမ်းရေကိုသာ အမှီပြု နေထိုင်ခဲ့ရကြောင်း ရေရှင်ရွာခံ အချို့ကဆိုသည်။
“နွားချောင်းက ရေကို ချိုးဖို့သုံးတယ်။ သူက သောက်လို့ အဆင်မပြေဘူး။ သောက်ရေကို တောင်ကကျလာတဲ့ စမ်းရေ ကိုပဲ ၁ လက်မ၊ ၃ မတ် ပိုက်တွေနဲ့ မလောက်မင သွယ်ပြီးသုံးကြတယ်။ အခုက ရွာမှာ အိမ်ထောင်စုက ၃၅၆ အိမ်ဆို တော့ လူတွေကလည်း ဟိုတစုဒီတစု တိမ်းရှောင်နေရတော့ ရေလည်း လုံလုံလောက်လောက် မပေးနိုင်ဖြစ်နေတာ” ဟု ရွာခံတဦးက ရှင်းပြသည်။
လက်ရှိတွင် ရေရှင်ရွာခံများသည် မိုးကာတာလပတ်များဖြင့် ယာယီသောက်ရေကန်များ လုပ်၍ အိမ်ထောင်စု ၁၀ စုလျှင် ၁ ကန်နှုန်းဖြင့် ရေကို မျှဝေသုံးစွဲနေရကြောင်း ဒေသခံများထံမှ သိရသည်။
ရေရှင်ရွာသားများ သောက်နေသည့် တောင်ကျရေမှာလည်း အလုံးစုံမသန့်ဘဲ ထုံးဓာတ် ပါဝင်မှုများသဖြင့် ကြိုချက် မသောက်ပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ကြောင်း၊ ရွာသူရွာသားများအတွက် အခြေခံဆေးဝါးများလည်း လိုအပ် နေကြောင်း ရေရှင်ရွာဒေသခံ ကိုဇော်က ရှင်းပြသည်။
လက်ရှိတွင် စစ်ဘေးရှောင်များ အနေဖြင့် သောက်ရေပြဿနာ ဖြေရှင်းနိုင်ရေး ဝိုင်းဝန်း ကြံဆနေကြပြီး သောက်ရေ ပြဿနာ ပြေလည်စေရန် တောင်ကျချောင်းရေကို ပိုက်များ ပိုမိုသွယ်တန်းပြီး ဖြန့်ဝေရန်နှင့် ပိုက်များသွယ်၍ မရသည့် နေရာများ၌ ရေတွင်းတူးရန် စဉ်းစားထားကြောင်း သိရသည်။
“အခုက ရေတွင်းတူးဖို့က ၁၅ သိန်းလောက် ကုန်မှာလို့ အကြမ်းဖျင်း တွက်ထားတယ်ဗျ။ ဒီဘက်က ကွန်ပရက် ဆာနဲ့မှုတ်ပြီး သုံးရမှာ။ ပေ ၇၀ လောက် တူးရမယ် ထင်တယ်” ဟု ဒေသခံတဦးကဆိုသည်။
ရေရှင်ရွာဒေသခံများအား လိုအပ်သည့် ရိက္ခာ၊ ငွေကြေးများ ကူညီနေသည့် ကလေးမြို့ ဒေသခံတဦးကလည်း ကလေး မြို့တောင်ပိုင်းတွင် စစ်ဘေးရှောင် သောင်းဂဏန်း ရှိသည့်အနက် ရေရှင်ရွာ ၁ ရွာတည်းသာ သောက်ရေရှားပါးသည့် ပြဿနာ ကြုံနေရခြင်း ဖြစ်ကြောင်း ပြောသည်။
လက်ရှိ အခြေအနေအပေါ် ၎င်းက “စစ်ရှောင်က တမြို့နယ်လုံးဆိုရင် ၄ သောင်းလောက် ရှိမယ်။ ကလေး တောင်ပိုင်း မှာ ပိုများတယ်။ တချို့က ရွာထဲမှာ ပြန်နေ။ စစ်တပ်လာရင်တော့ ပြန်ရှောင်ပေါ့။ ရေရှင်ကတော့ ရွာနားကို ပြန်မကပ်နိုင် တော့ဘူး။ ပျူရွာတွေ ဝိုင်းနေလို့။ အခုကတော့ ပိုက်လိုင်းသွယ်ဖို့ လုပ်နေကြတာ။ ရေတူးမယ်လို့လည်း ပြောနေကြ တယ်။ ရေတွင်းတူးပြီးရင်လည်း စက်မရှိ၊ မီးမရှိနဲ့ ဘယ်လိုလုပ်ကြမလဲတော့ မသိဘူး” ဟု ဆိုသည်။
အလှူငွေများ ပိုရပါက တောင်ကျရေကို ပိုက်ဖြင့် ပိုသွယ်ယူနိုင်မည် ဖြစ်သလို ရေသန့်စင်စက်အချို့လည်း ဝယ်ယူနိုင် မည်ဖြစ်ရာ သောက်ရေကိစ္စ အထိုက်အလျောက် အဆင်ပြေနိုင်ကြောင်း၊ ရေရှင်ရွာ စစ်ဘေးရှောင်များထဲမှ ကလေးနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေပြီး အခြေခံဆေးဝါးများလည်း လိုအပ်နေကြောင်း စစ်ရှောင်များ အား ကူညီနေသူများက ဆိုသည်။
ထို့ပြင် ရေရှင်ရွာခံများအတွက် ဆေးဝါးနှင့် ရိက္ခာကို ကလေးမြို့ မှ ကားလမ်းအတိုင်း တိုက်ရိုက်သယ်ယူ၍ မရကြောင်း၊ ကလေးမြို့နှင့် ရေရှင်ရွာကြား စစ်တပ်စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်း ရှိနေပြီး ရေရှင်ရွာသားများကို ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် တောတွင်း ခြေကျင်လမ်းနှင့် ဆိုင်ကယ်လမ်းကိုသုံးကာ သယ်ယူနေရကြောင်း သိရသည်။
စစ်ရှောင်များအား ကူညီနေသည့် ကလေးမြို့ဒေသခံတဦးက “အခုက အဲဒီရွာကို သူပုန်ရွာလို့ စစ်ကောင်စီဘက်က သတ်မှတ်ထားတာပေါ့။ သူတို့ ရွာသားတွေက ဂိတ်တွေကို မဖြတ်ရဲဘူး။ ဂိတ်တွေကိုဖြတ်ရင် အဖမ်းခံရတာတွေ ရှိတယ်။ အဲဒီရွာကလူတွေကို ပိုပြီး ပစ်မှတ်ထားတာပေါ့။ သူတို့ဘက်မှာက ဆေးဝါးလည်း ဘာမှ မရောက်ဘူး။ NUG ဘက်က အဲဒီမှာ တလတခါ နယ်လှည့် ဆေးကုပေးတာတော့ ရှိတယ်ဗျ။ ဆေးကတော့ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ဝမ်းပျက်ဝမ်းလျှောပျောက်ဆေး အဲဒါတွေ လိုနေပါတယ်” ဟု ပြောသည်။
You may also like these stories:
ကလေးတွင် တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်သေဆုံးမှုများ
ကလေးတွင် စစ်ရှောင် သောင်းနှင့်ချီ တိုးလာ
စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း
မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ