သတင်း

တရားမဝင်လမ်းမှ ပြည်ပထွက်သူပိုများလာတော့မည်

ပြည်ပတွင် တရားဝင် သွားရောက် အလုပ် လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ပေး ထားခြင်းအား ရပ်ဆိုင်းလိုက်သည့်အတွက် တရားမဝင် သွားရောက်မည့်သူဦးရေ ပိုမို များပြားလာနိုင်ကြောင်း အလုပ် အကိုင် အေဂျင်စီများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

နှစ်နိုင်ငံ သဘောတူစာချုပ်စနစ် (MoU) ဖြင့် စေလွှတ်မည့် အလုပ်သမားများ အပါအဝင် နိုင်ငံကူး လက်မှတ်လျှောက် ထားခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) က အသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင်က စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုချက်ဖြင့် စေလွှတ်မည့် အလုပ် သမားများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို အထူးအစီအစဉ် (Green Channel) ဖြင့် ပြုလုပ်ပေး နေခြင်း ဖြစ်သည်။

လက်ရှိတွင် ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် Green Channel ဖြင့် ပတ်စ်ပို့ ပြုလုပ်ပေးခြင်း၊ ပတ်စ်ပို့ လျှောက် ထားရန် အမည်စာရင်း ပေးပို့ခြင်းများကို ယာယီ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တရားဝင်နည်းလမ်းအရ အလုပ်သမား ပို့ဆောင်မှု ရပ်ဆိုင်းလိုက်သည့်အတွက် တရားမဝင်လမ်းကြောင်း ကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး တရားမဝင် သွားရောက်မှုနှုန်ူး မြင့်လာနိုင်ကြောင်း အလုပ်သမား အေဂျင်စီတချို့နှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။

ပြည်တွင်းရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ လုပ်ငန်းရှင်တဦးက “ပြည်ပကိုထွက်ဖို့က အများကြီး ကျန်နေ သေးတယ်။ ပတ်စ်ပို့လုပ်လို့ မရဘူး ဖြစ်နေတာ။ ပတ်စ်ပို့ရုံးထဲမှာကို ပြဿနာတက်နေတာ။ နောက်ပိုင်း အေဂျင်စီ တွေကို ပုံချပြီး ပြဿနာ ရှာနေကြတာပဲ။ အခု တရားဝင် အခွင့်အလမ်း မရှိရင် တရားမဝင်အနေနဲ့ သွားမှာပဲလေ။ တရားဝင်ကို ပိတ်ရင် တရားမဝင်ကို လမ်းပွင့်သွားသလိုပဲ။ အဓိကက အဲဒါကို ဦးတည်နေတာ” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သားများ (ဓာတ်ပုံ – วันนี้ที่แม่สอด อ.แม่สอด)

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဒီဇင်ဘာလဆန်းမှ စတင်ရပ်ဆိုင်းခဲ့ပြီး MoU စနစ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ် လုပ်မည့်သူများ၊ သင်္ဘောသားများကို သီးခြား အစီအစဉ်ဖြင့် ဆက်လုပ်ပေးနေခြင်း ဖြစ်သည်။

လက်ရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံကူး လက်မှတ်ရှိပြီးသား လုပ်သားများသာလျှင် ပြည်ပသို့ ဆက်လက် ထွက်ခွာ နိုင်မည်ဖြစ်ပြီး နိုင်ငံကူး လက်မှတ်ရရှိရန် ကြိုးစားနေဆဲသူများမှာ ပြန်လည် လုပ်ဆောင်ပေးမည့် အချိန်တခုကိုသာ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း သိရသည်။

ပွင့်ဖူးအောင် အလုပ်အကိုင် အေဂျင်စီက “ထိခိုက်မှာပါ။ လုပ်သားတွေက အဓိကက ပတ်စ်ပို့စာအုပ်ရှိမှဖြစ်တဲ့အတွက် ကြောင့် မရှိရင် ပို့လို့မရဘူး။ တရားဝင်ပို့နေတဲ့ အေဂျင်စီတွေအနေနဲ့ ထိခိုက်ပါတယ်။ လောလောဆယ် ပတ်စ်ပို့စာ အုပ်တွေ လုပ်လို့မရတဲ့အတွက်ကြောင့် အွန်လိုင်းပေါ်မှာ ပတ်စ်ပို့စာအုပ် ရိုက်ပေးမယ် ဘယ်လောက်ဆိုပြီး ပြောတာ တွေရှိတော့ အလိမ်မခံကြရဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းတွင် တရားမဝင် ဝင်ရောက်လာသည့် လူများအား ထိုင်းအစိုးရမှ ပန်းရောက်ကတ်ဟု ခေါ်သည့် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်အား ထုတ်ပေးခြင်းကြောင့်လည်း တရားမဝင် ဝင်၍ ပန်းရောင်ကတ်ဖြင့် အလုပ် လုပ်ကိုင်သူ များပြားလျက်ရှိသည်။

နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်ဖြင့် လာရောက်ပါက ကုန်ကျစရိတ်များပြားခြင်း၊ လုပ်သားခေါ်ယူမည့် အချိန်ကာလ တခုကို စောင့်ဆိုင်းရခြင်းများကြောင့် တရားမဝင် နည်းလမ်းများကို ရွေးချယ်ကြကြောင်း အလုပ်သမားရေး ဆောင် ရွက်သူများက ဆိုသည်။

ဘန်ကောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ငွေကုန်ကြေးကျတွေ အများကြီးရှိပြီး မျှော်လင့်ချက်တွေနဲ့ တဖက်နိုင်ငံကို သွားမယ်ဆိုပြီးကာမှ ပတ်စ်ပို့ထုတ်ပေးတာ ကို ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အချိန်တွေ နောက်ထပ် အများကြီး ပေးလိုက်ရတဲ့အတွက် ရင်းနှီးထားတဲ့ ငွေတွေ မြန်မာပြည်ကလာတဲ့ MoU အလုပ်သမားတွေဆိုတာ သိတဲ့အတိုင်းပဲ။ အထုပ်လိုက်အထည်လိုက်ရှိကြလို့ မဟုတ်ဘူး။ အတိုးနဲ့ချေးငှားထားကြရတာ။ အခုလို ရပ်လိုက်လို့အချိန်တွေ အကန့်အသတ်မရှိ ကြန့်ကြာသွားနိုင်တဲ့အတွက် အလုပ် အကိုင်ရရှိမှု နှောင့်နှေးသွားနိုင်သလို ငွေချေးထားတာတွေကလည်း အတိုးတွေ တက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင် တာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သားများ (ဓာတ်ပုံ – วันนี้ที่แม่สอด อ.แม่สอด)

ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးသည့်အတွက် ပြည်ပနိုင်ငံများသို့ အလုပ် သွားရောက်လုပ်ကိုင်မည့်သူများ အနေဖြင့် တရားသောနည်းလမ်းဖြင့် တရားဝင်လမ်းကြောင်းများကိုသာ ရွေးချယ်ကြရန်နှင့် မစောင့်ဆိုင်းနိုင်ဘဲ တရားမဝင်နည်းလမ်းများဖြင့် သွားရောက်ပါက ဖမ်းဆီးအရေးယူခံရခြင်းများနှင့် နေရပ်ပြန်ပို့ခံခြင်းကြောင့် တပူပေါ် နှစ်ပူဆင့်သာဖြစ်နိုင်ကြောင်း ဦးအောင်ကျော်က ပြောသည်။

၎င်းက “ပြည်တွင်းမှာ အတိုးတွေနဲ့ ငွေချေးပြီး နယ်စပ်ဖြတ်ကျော်လာပြီးခါမှ အဖမ်းအဆီး ခံရတယ်။ ပြစ်ဒဏ်တွေ ကျခံမယ်ဆို ရင် အားလုံး သောကတွေ ပိုဖြစ်သွားနိုင်တဲ့အတွက် လုပ်ဆောင်စရာ အားလုံးကို စနစ်တကျ စဉ်းစားဆင်ခြင်ပြီး လုပ် ကြဖို့ ပြောလိုပါတယ်” ဟု အကြံပြု ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ယာယီ ပိတ်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ မြန်မာကောင်စစ်ဝန်ရုံးသို့ ချင်းမိုင်မြို့ရှိ မြန်မာများသာမက မဲဆောက်၊ ရနောင်း၊ ချင်းရိုင် စသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အခြာဒေသအသီးသီးမှ မြန်မာ အလုပ်သမား၊ ကျောင်းသားနှင့် မှီခိုဗီဇာ၊ ပင်စင်ဗီဇာတို့ဖြင့် အကြောင်း အမျိုးမျိုးဖြင့် နေထိုင်သည့်သူများသည်လည်း လာရောက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ပြုလုပ်ကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားပေါင်း ၅ သန်း ဝန်းကျင်အထိရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ ပြောင်းလာသည့် မြန်မာနိုင်ငံသားများလည်း ပို၍များလာကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် များသူများထံမှ သိရသည်။

You may also like these stories:

၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်

ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်း ရောက် မြန်မာများ စိုးရိမ်နေ

Loading