ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလမ်ပိုလ် ဆရီဆဝဒ်တို့ ယနေ့တွေ့ဆုံကြောင်း စစ်ကောင်စီ၏ မြဝတီသတင်း ဌာနက ထုတ်ပြန်သည်။
ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလမ်ပိုလ် ဆရီဆဝဒ်နှင့် အဖွဲ့သည် မြန်မာနှင့် ထိုင်းတပ်မတော် ၂ ရပ်ကြား ၈ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (8 th HLC)တက်ရောက်ရန် ယနေ့ရောက်ရှိနေခြင်းဖြစ်ပြီး၊ ၃ရက်ကြာ ခရီးစဉ် အတွင်း တပ်မတော် ၂ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းစစ်တပ် ထုတ်ပြန်ချက်ကို ကိုးကား၍ ရေးသားထားသည့် BBC သတင်းတွင်မူ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အပါအဝင် နယ်စပ် ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် Regional Boder Committee အစည်းအဝေးနှင့် တခြားသော စီမံချက်များနှင့် ပတ်သက်၍ အသိအမှတ်ပြုခဲ့သလို အနာဂတ် ကာလ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တခု ချမှတ်ရန် သဘောတူခဲ့ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင်က ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ထိုင်းအစိုးရ၏ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ပါရှိသည်။
ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း၊ရေ၊လေ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော် အရာရှိများ၊အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင်တပ်မတော် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
မြန်မာ- ထိုင်း တပ်မတော် နှစ်ရပ်အကြား ၈ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို အကြောင်းပြု၍ မြန်မာစစ်တပ်ခေါင်းဆောင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ရခိုင်ပြည်နယ် သံတွဲမြို့ တွင် တွေ့ဆုံခဲ့ခြင်းအပေါ် စစ်ရေးလေ့လာသူများက အာဏာသိမ်းစစ်အုပ်စုအား အာစီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အသိအမှတ်ပြု ဆက်ဆံခြင်း မပြုတော့သည့်အတွက် အလွတ်သဘောတွေ့ဆုံမှုသာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက ဆက်လက်၍“ နိုင်ငံတကာက စစ်အုပ်စုကို အသိမှတ်ပြုပြီး ဆက်ဆံမှုတွေ မပြုလုပ်တဲ့အခါကျ တော့ ထိုင်းဘက်က လည်း အလွတ်သဘော တွေ့တာဖြစ်တယ်။ တရားဝင်သာ တွေ့ မယ်ဆို ရင် နေပြည်တော် ဇေယျာသီရိခန်းမမှာ တွေ့ကြမှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ခရီးစဉ်တွင် စစ်တွေမြို့သို့ပါ သွားရောက်မည်ဖြစ်ကြောင်း၊ စစ်တွေမြို့ ရွှေမင်းဂံတွင် တည်ဆောင်နေသည့် ရေတပ်ဌာနချုပ်အား အဆင့်မြှင့်တင်နိုင်ရေးနှင့် မောင်တောနယ်စပ် ကိစ္စရပ်များကို သက်ဆိုင်ရာတပ်မှူးများနှင့် တွေ့ဆုံကာ လုပ်ငန်းစီမံချက်ချမှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ စစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဉ်ကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုရဲချုပ်တို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ ကတည်းက စစ်တွေမြို့ သို့ ရောက်ရှိနေပြီး စစ်တွေမြို့ ပေါ်နှင့် ပင်လယ်ကမ်းခြေတို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ကို လုံခြုံရေး တိုးမြင့်ချထားကာ ကမ်းစပ်တလျောက် ဈေးဆိုင်များကိုလည်း ညနေဘက် ဈေးမရောင်းရန် တားမြစ်ထား ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံနေရသော လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်၏ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် ငွေကြေး ခဝါချမှု စသည့်အမှုများတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံနှင့် သမီး ဒေါ်ခင်သီရိသက်မွန်တို့၏ အမည် ပေါက် ပိုင်ဆိုင်မှုများပါ ပါဝင်နေကြောင်း Justice For Myanmar က မကြာသေးမီက စုံစမ်းဖော်ထုတ်ထားသည်။
You may also like these stories:
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်
လက်နက်မှောင်ခိုမှုများကြောင့် ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်
ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းတပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်