စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေသော စစ်ကိုင်းအတွင်းက ရုံးဌာနများအား ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ယခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်း တော်လှန်ရေးအင်အားစုများက အသီးသီး ထုတ်ပြန်ကြေညာထားပြီးနောက် ယခုလို တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
ယမန်နေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက်ပိုင်းတွင် တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း- ၅ တို့ ပူးပေါင်းပြီး တမူးမြို့၊ စော်ဘွားရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးမြို့ ပ.က.ဖ က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုသည် သတိပေးသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့် ဆက်နွယ်သော မည်သည့်အဆောက်အအုံ၊ လူပုဂ္ဂိုလ်မဆို ပြင်းထန်စွာ အရေးယူသွား မည် ဖြစ်ကြောင်း ၎င်းတို့က သတိပေးထားသည်။
ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လူဦးရေစာရင်း စာရွက်စာတမ်းများ သိမ်းဆည်းထားသည့် မြို့နယ် လ.ဝ.က ရုံးအား ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မဲစာရင်းစာရွက်စာတမ်းများနှင့် ကွန်ပျူ တာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် “အကြမ်းဖက် စစ်ကောင်စီမှ ကြီးမှူးကျင်းပသော အတုအယောင် ရွေးကောက်ပွဲ အောင်မြင် စေရန် ရည်ရွယ်၍ မြင်းမူမြို့ လ.ဝ.က ရုံးအတွင်း၌ ပြည်သူ့သစ္စာဖောက် လောက်ကောင် ဝန်ထမ်းများမှ ညအချိန်ထိ လျှို့ဝှက်စွာ မဲစာရင်းလုပ်နေကြစဉ် PAFD နှင့် PAFD တပ်ခွဲ DK PDF-MMU တပ်ဖွဲ့ဝင်များက မဲစာရင်းစာရွက်စာတမ်းများ၊ ကွန်ပျူတာများကို မီးရှို့ဖျက်စီးနိုင်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးသည် အကြမ်းဖက်စစ်ကောင်စီ၏ အရန်အင်အားစု ဖြစ်သည့် မြို့နယ်မီးသတ်ရုံးနှင့် ကပ်လျက်တည်ရှိ၍ တော်လှန်ရေးရဲဘော်များက စနစ်တကျ အသေးစိတ် စီမံဆောင်ရွက်ခဲ့ရပါသည်။ လူပုဂ္ဂိုလ်အား တိုတ်ခိုက်နေခြင်း မဟုတ်ဘဲ အာဏာရှင်စနစ်ကို တိုတ်ဖျက်သည့် အဆုံးသတ်တိုတ်ပွဲဖြစ်၍ တတ်နိုင်သမျှ လူပုဂ္ဂိုလ်များအား ငဲ့ညှာစွာ ဆောင်ရွက်ခဲ့ပါသည်” ဟုလည်း ဆိုထားသည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းကလည်း အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအား တော်လှန်ရေး ပြောက်ကျားအဖွဲ့တဖွဲ့က လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က တုံ့ပြန်သည့် အနေဖြင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Indaw Revolution-IR က သတင်းဖော်ပြ ထားသည်။
ထိုသို့ စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းတော်မြို့ဈေး အရှေ့ပေါက်အနီး လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက်ဟုဆိုကာ တအိမ်တက် ဆင်း လူဦးရေစာရင်း စစ်ဆေးကောက်ယူမှုအား ယခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူလျက်ရှိရာ ယင်းလုပ်ငန်းစဉ်များအား ပူးပေါင်းပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက သတိပေး တိုက်တွန်းထားပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။
ထိုသို့ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး လူထုနှင့် တော်လှန်ရေးအင်အားစုများက ဆန့်ကျင်လှုပ်ရှားနေခြင်းသည် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးနေခြင်းအပေါ် ဆန္ဒဖော်ပြနေခြင်းသာ ဖြစ်ကြောင်းလည်း NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇောက မှတ်ချက်ပြုသည်။
၎င်းက “ဒီမိုကရေစီ လုံးဝမရှိတဲ့ အဖွဲ့အစည်းတခု ဒီမိုကရေစီရွေးကောက်ပွဲ လုပ်မယ်ဆိုတာ အတုအယောင်ပဲ။ ဘာမှ အဓိပ္ပာယ် မရှိဘူး။ စစ်ကောင်စီသာ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်နေတာ။ အခု လူထုကနေပြီးတော့ နည်းမျိုးစုံနဲ့ ကန့်ကွက်နေကြတယ်။ အဲဒါဟာ လူထုက ဒီမိုကရေစီအရ သူတို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွေ မရှိဘူး။ သူတို့ကို ပိတ်ပင်ထားတဲ့အခါမှာ နည်းမျိုးစုံနဲ့ သူတို့ရဲ့ဆန္ဒကို ဖော်ပြနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
You may also like these stories:
လူဦးရေ စာရင်းကောက်သည့်အဖွဲ့များ တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခံနေရ
ရွေးကောက်ပွဲအတွက် ဆိုကာ လူဦးရေစာရင်းကောက်မှုမှာ PDF ချေမှုန်းရေးသာဖြစ်
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထု စိတ်မဝင်စား