လက်နက် သို့မဟုတ် စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ဖွယ်ရှိသော မည်သည့်ပစ္စည်းကိုမှ မြန်မာသို့ လွှဲပြောင်းပေး အပ်ရန် စင်ကာပူက ခွင့်ပြုချက်ပေးခြင်း မရှိခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက် က ထုတ်ပြန်ကြေညာသည်။
ထိုသို့သော ပစ္စည်းများကို လက်နက်မဲ့အရပ်သားများအား အကြမ်းဖက်ရာတွင် အသုံးပြုမည့်အန္တရာယ် လွန်စွာ မြင့်မားကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးအဖွဲ့ (SAC-M) က ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ အပေါ် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် စင်ကာပူသည် ကုန်ကြမ်း အပါအဝင် မြန်မာလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း လွန်စွာအများအပြား အတွက် သေနင်္ဂဗျူဟာ ကျသည့် ကြားခံဖြစ်ကြောင်း ဖော်ပြထားသည်။
သြစတြီးယား၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကိုလည်း မြန်မာနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းသို့ ကုန်ကြမ်းများရောင်းသည့် ကုမ္ပဏီများကို လက်ခံထားသော နိုင်ငံများအဖြစ် ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
လွတ်လပ်သောကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂ အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် SAC-M ၏ အစီရင်ခံစာပါ အကြောင်းအရာများကို လေ့လာနေကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
“ပဏာမအနေနဲ့ ပြောရရင် စင်ကာပူနဲ့ပတ်သက်တဲ့ ပြောဆိုချက်အများအပြားက ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက စီးပွားရေးကိစ္စတွေနဲ့ သက်ဆိုင်နေတယ်လို့ မှတ်ချက်ပေးလိုပါတယ်” ဟု ဝန်ကြီးဌာန ပြောခွင့်ရသူတဦးက CNA သတင်းဌာန၏ မေးမြန်းမှုကို တုံ့ပြန်သည်။
၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စင်ကာပူသည် မြန်မာသို့ လက်နက်စီးဆင်းမှု ပိတ်ပင်တားဆီးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည်မှာ အများပြည်သူသိရှိသည့် မှတ်တမ်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
“နိုင်ငံတကာလက်နက်ရောင်းချမှုနဲ့ လွှဲပြောင်းပေးအပ်မှု အတွက်သာမက မည်သည့်နိုင်ငံကိုမဆို ကုလသမဂ္ဂရဲ့ အရေးယူမှု၊ ပိတ်ပင်မှုတွေအပေါ် ကျွန်ုပ်တို့ရဲ့ နိုင်ငံတကာတာဝန် တင်းကျပ်စွာ လိုက်နာမှုမှာ ဒီကိစ္စကို ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြောသည်။
SAC-M ၏ အစီရင်ခံစာတွင် စင်ကာပူမှ ကုမ္ပဏီများသည် လက်နက်အရောင်းအဝယ်များတွင် ပွဲစားအဖြစ် ဆောင် ရွက်ပြီး ထိုပစ္စည်းများကို မြန်မာနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး (DDI) သို့ဖြစ်စေ ဟန်ပြအရပ်သား ကုမ္ပဏီများသို့ဖြစ်စေ တင်ပို့နေကြောင်း ဖော်ပြထားသည်။

DDI စက်ရုံများတွင် လက်ရှိထုတ်လုပ်နေသည့် လက်နက်များတွင် Chartered Industries of Singapore က မူလထုတ်လုပ်သည့် လက်နက်ကြီးများ ပါဝင်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကုမ္ပဏီကို လက်နက်ခဲယမ်းများ ထုတ်လုပ်ရန် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးနောက် Singapore Technologies (ST) Kinetics ဟု အမည်ပြောင်းခဲ့သည်။
“Singapore Technologies (ST) Kinetics နှင့် DDI အကြား စီပွားရေးဆောင်ရွက်မှုနှင့် ပတ်သက်သည့် အများ ပြည်သူသို့ ထုတ်ပြန်သော သတင်းအချက်အလက် အလွန်နည်းသော်လည်း Singapore Technologies (ST) Kinetics သည် ထိုင်းနိုင်ငံရှိ ပွဲစားတဦးမှတဆင့် အတိအကျမသိရသည့် လက်နက်ကိရိယာများကို မြန်မာသို့ ရောင်း ချနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်တခုကပြောသည်” ဟု SAC-M အစီရင်ခံစာတွင် ဖော်ပြထားသည်။
Singapore Technologies (ST) Kinetics ၏ မိခင်လုပ်ငန်း ST Engineering က ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ် ပြန်ကြေညာချက်တွင် ၎င်းတို့သည် DDI နှင့် “မည်သည့် လက်ရှိရောင်းချမှု၊ သဘောတူညီချက် သို့မဟုတ် လိုင်စင် များချထားပေးခြင်း မရှိကြောင်း” ဖော်ပြထားသည်။
“မိမိတို့သည် စီးပွားရေးလုပ်ကိုင်ရာတွင် သက်ဆိုင်ရာဥပဒေများကို လိုက်နာပြီး စင်ကာပူနိုင်ငံက အဖွဲ့ဝင်ဖြစ်သည့် ကုသလမဂ္ဂနှင့် နိုင်ငံတကာစာချုပ်စာတမ်းများပါ တာဝန်များကို လိုက်နာသည်” ဟု ကာကွယ်ရေး နည်းပညာလုပ်ငန်း အုပ်စု ST Engineering က ပြောသည်။
စင်ကာပူနိုင်ငံသည် နိုင်ငံတကာ လက်နက်လွှဲပြောင်းမှုများကို သမားရိုးကျလက်နက်များ ကုလသမဂ္ဂ မှတ်ပုံတင်ရုံး (UNROCA) သို့ အစီရင်ခံစာများ တင်သွင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထောက်ပြ သည်။ ထိုအစီရင်ခံစာများကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ပြီး စင်ကာပူထံမှ မြန်မာသို့ ထိုသို့သော လွှဲပြောင်းပေးအပ်မှု မရှိကြောင်း ပြသနေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
စင်ကာပူသည် တောင့်တင်းကောင်းမွန်သည့် ပို့ကုန်ထိန်းချုပ်မှုရှိပြီး နိုင်ငံတကာ ကတိကဝတ်များနှင့် တာဝန် ဝတ္တရားများကိုသာမက သက်ဆိုင်ရာ လက်နက်မပြန့်ပွားရေး စနစ်များနှင့်အညီ ထိန်းချုပ်စာရင်းများကို ပုံမှန်ဖြည့်စွက် ပြဋ္ဌာန်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
“ဥပဒေချိုးဖောက်သူတွေကို အရေးယူဖို့ ကျနော်တို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း စစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင်သူ တို့အကြား တိုက်ပွဲများကြောင့် နိုင်ငံအခြေအနေ ဖရိုဖရဲဖြစ်နေသည်။ အတိုက်အခံများကို ဖြိုခွဲရာတွင် လူ ၂,၀၀၀ ကျော် သေဆုံးကြောင်း ပြည်တွင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များက ပြောသည်။
ကိုးကား ။ ။ Channel News Asia သတင်း Singapore does not authorise transfer of arms or ‘items with potential military application’ to Myanmar: MFA
You may also like these stories:
လွတ်လပ်ရေးနေ့မှာ ပြသွားတဲ့ ဒုံးပျံစနစ် အသစ်နဲ့ တင့်ကား
စစ်ရေးအသုံးစရိတ် စစ်ကောင်စီ ပိုတိုးချဲ့
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ