အာဏာသိမ်း စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား ရပ်တန့်လိုက်သဖြင့် ပြည်ပနိုင်ငံများသို့ သွားမည့်သူများနှင့် နိုင်ငံတကာတွင်ရှိနေကြသည့် မြန်မာအလုပ်သမားများ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။
နှစ်နိုင်ငံ သဘောတူစာချုပ်စနစ် (MoU) ဖြင့် စေလွှတ်မည့် အလုပ်သမားများ အပါအဝင် နိုင်ငံကူး လက်မှတ်လျှောက် ထားခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက်မှ စတင်ကာ စစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
ရပ်ဆိုင်းသည့် အချိန်ကာလနှင့် ယင်းသို့လုပ်ဆောင်ရသည့်အကြောင်းကို အများပြည်သူ သိရှိစေရန် တရားဝင် ထုတ်ပြန်ခြင်း မရှိပါ။
မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများကတော့ စစ်ကောင်စီက ထိုကဲ့သို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည့်လုပ်ရပ်အပေါ် နိုင်ငံရေးရည်ရွယ်ချက်ဟု ရှုမြင်ကြပြီး ယင်းလုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု သက်ရောက်ကြောင်း ပြောဆိုကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားကူညီရေး မလေးရှားတာဝန်ခံ ဒေါ်သူဇာမောင်က “အဓိကကတော့ ဒီလိုမျိုး ပိတ်ပင်လိုက်တယ်ဆိုရင် ပတ်စ်ပို့တွေမရှိတော့ဘူး။ သွားလို့လာလို့မရတော့ဘူးဆိုရင် ပတ်စ်ပို့ပြည့်ရင် အလုပ်လုပ်လို့မရတော့ဘူး။ အလုပ်တွေရပ်သွားမယ်။ လုပ်ခလစာတွေ မရတော့ရင် အဲဒီငွေက တော်လှန်ရေးထဲမှာ မစီးဆင်းတော့ဘူးဆိုပြီး လူပိန်းတွေးတဲ့ သဘောမျိုးပေါ့။ အဲဒီလိုမျိုးတွေ တွေးပြီလုပ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားအများစုမှာ နွေဦးတော်လှန်ရေးအတွက် ၎င်းတို့ရရှိသည့် လုပ်အားခများထဲမှ လှူဒါန်းကြခြင်းများရှိခြင်းကြောင့် သိန်းနှင့်ချီသည့် အလုပ်သမားထုအား အဟန့်အတားဖြစ်စေမည်ဆိုသော အတွေးများပါဝင်မည်ဖြစ်ကြောင်း သုံးသပ်သည်။
စစ်ကောင်စီလက်အောက်ခံ သံရုံးများသို့ အဝင်အထွက်မပြုလုပ်လိုခြင်းကြောင့် မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားအများစုမှာ Over stay ဖြင့်သာ နေထိုင်ကြပြီး မလေးရှားနိုင်ငံအတွင်းမှ ထုတ်ပေးသည့် အလုပ်လုပ်ကိုင်ခွင့် ၊ နေထိုင်ခွင့်များကိုသာ လျှောက်ထား၍ ရပ်တည်ကြကြောင်း သိရသည်။
“မလေးရှားမှာ အများကြီးရှိတယ်။ ပတ်စ်ပို့ကို လုံးဝမကိုင်တော့ဘူး။ သံရုံးကိုအဝင်အထွက် မလုပ်တော့ဘဲနဲ့ စစ်ကောင်စီရဲ့လုပ်ငန်းစဉ်တွေကို တောင့်ခံပြီးတော့ ပတ်စ်ပို့လွှင့်ပစ်လိုက်တဲ့သူတွေရှိတယ်။ သူတို့တွေ ကျမတို့ဆီရောက်လာပြီဆိုရင် နေထိုင်ခွင့်နဲ့ပတ်သက်ပြီး အဆင်ပြေအောင် သက်ဆိုင်ရာ UNHCR ရုံးတွေဆီကို ဆက်သွယ်ပေးတာတွေရှိတယ်” ဟု ဒေါ်သူဇာမောင်က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင်ရှိသည့် ပြည်ပရင်းနှီးမြှပ်နှံမှုတချို့ ပြန်လည်ထွက်ခွာသွားခြင်း၊ နိုင်ငံတွင်းမလုံခြုံမှုများ၊ စီးပွားရေးကြပ်တည်းမှုများကြောင့် အလုပ်အကိုင်ရှားပါးလာပြီး လူငယ်နှင့် လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများသို့ နေ့စဉ်နှင့်အမျှထွက်ခွာလျက်ရှိကြသည်။
ထိုသို့ ထွက်ခွာသည့်ထဲတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ အများဆုံးဖြစ်ကြောင်း သိရသည်။
ပြည်တွင်းမှ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားအများဆုံးဖြစ်သည့် ထိုင်းနိုင်ငံတွင် အာဏာသိမ်းကာလ ၂ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော်ရှိကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှသိရသည်။
မဲဆောက်အခြေစိုက် မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးပိုင်းတွေကို တိတိကျကျပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ ပိတ်ပင်ကန့်သတ်လိုက်တဲ့သဘောပါပဲ” ဟု ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီကို ဆန့်ကျင်နေသည့် တော်လှန်ရေး အင်အားစုများ အပေါ် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေး အရထောက်ပံ့မှုများကို အားလျော့အောင် လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်များ ရှိသကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများ ပုံစံပြောင်း အထောက်အထားများဖြင့်နေထိုင်ခြင်း၊ ထွက်ခွာခြင်း မရှိအောင် တင်းကြပ်လိုသည့် ရည်ရွယ်ချက်ပါနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ စစ်ကောင်စီ၏ ယခုလုပ်ရပ်ကြောင့် ပြည်ပထွက်မည့်သူများ ငွေကြေးဆုံးရှုံးမှု အပါအဝင် အခက်အခဲများစွာ ရင်ဆိုင်နေကြရသလို ပြည်ပတွင်ရှိနေကြသည့် မြန်မာများလည်း ငွေကြေးနှင့် အထောက်အထားဆိုင်ရာ ကိစ္စရပ်များ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
ပြည်ပတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ရပ်ဆိုင်းလိုက်သည့်အတွက်ကြောင့် တရားမဝင် သွားရောက်သူဦးရေ ပိုမို များပြားလာနိုင်ကြောင်း အလုပ်အကိုင် အေဂျင်စီများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုကြသည်။
ယခင်က စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုချက်ဖြင့် စေလွှတ်မည့် အလုပ် သမားများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို အထူးအစီအစဉ် (Green Channel) ဖြင့် ပြုလုပ်ပေး နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဒီဇင်ဘာလဆန်းမှ စတင်ရပ်ဆိုင်းခဲ့ပြီး MoU စနစ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ် လုပ်မည့်သူများ၊ သင်္ဘောသားများကို သီးခြား အစီအစဉ်ဖြင့် ဆက်လုပ်ပေးနေခြင်း ဖြစ်သည်။
ပတ်စ်ပို့ လုပ်ကိုင်ဆောင်ရွက်ပေးနေသူတဦးက “လက်ရှိတော့ ရုံးတွေက အကုန်ပိတ်ထားတယ်။ ဘာမှလည်း လုပ်လို့မရသေးဘူး။ အထက်ကလည်း ဘာမှဆက်ပြီးညွှန်ကြားထားတာတော့ မရှိဘူး။ အချို့တော့ ဒီလကုန်လိုလို ပြန်ဖွင့်မယ်ဆိုပြီး ပြောကြတာတွေရှိပေမယ့် မသေချာဘူးပေါ့နော်။ ဘာမှအတိအကျမသိရသေးပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တောင်ကိုရီးယားရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်သွားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား သက်တမ်း မတိုးပေးတော့သဖြင့် လူ ၅ ထောင်ကျော် အခက်အခဲ ဖြစ်ခဲ့ရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသား ၃ သောင်း ကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လပိုင်းမှ ပြီးခဲ့သည့် နိုဝင်ဘာလအထိ မြန်မာနိုင်ငံမှ ထွက်လာပြီး တောင်ကိုရီးယားတွင် နိုင်ငံရေးအရ ခိုလှုံခွင့်တောင်းခံခဲ့သော မြန်မာနိုင်ငံသား အရေအတွက် ၆၀၀ မှ ၈၀၀ ဝန်းကျင်အထိ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။
လက်တွဲကူညီ AAC အဖွဲ့မှ ကိုနေလင်းသူက “အလုပ်သမားတွေကို ပြောချင်တာကတော့ စိတ်ဓာတ်မကျပါနဲ့လို့ပဲ ပြောချင်တယ်။ အာဏာရှင်စနစ်မှာ ကိုယ့်အကျိုးစီးပွားရှာတဲ့သူ များလာတော့ ချနင်းခံရတာပေါ့။ ကမ္ဘာမီးလောင်သားကောင်ချနင်းပေါ့။ သူတို့အာဏာရူးတာက ကျနော်တို့ အလုပ်သမားတွေ၊ ပြည်သူတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ နိုင်ငံတွင်းမှာ နေလို့မရတော့ နိုင်ငံခြားကိုထွက်တော့လည်း တရားဝင်လာရင် တရားဝင်အခက်အခဲဖြစ်နေတယ်။ အောက်လမ်းကလာပြန်တော့လည်း အဆင်မပြေမှုတွေချည်းပဲ။ အမျိုးမျိုးအဖုံဖုံတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါနှင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် တလလျှင် မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပသို့ ပုံစံမျိုးစံဖြင့် ထွက်ခွာနေကြကြောင်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ( IOM) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားပေါင်း ၅ သန်း ဝန်းကျင်အထိရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ ပြောင်းလာသည့် မြန်မာနိုင်ငံသားများလည်း ပို၍များလာကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် များသူများထံမှ သိရသည်။
၂၀၂၂ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် ရွှေ့ပြောင်းလုပ်သား ၆သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဒီဇင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။