ဗီယက်နမ် သမ္မတ ငုယင်စွမ်းဖုက ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာလိုက်သောကြောင့် ကွန်မြူနစ်ပါတီအုပ်ချုပ်သည့် နိုင်ငံခေါင်းဆောင်များအကြား အာဏာအပြောင်းအလဲ ဖြစ်စေသည်။
ထိုသို့နုတ်ထွက်မည်ဟု ကောလာဟလများထွက်နေပြီး သူ၏လက်အောက်မှ ဒုဝန်ကြီးချုပ် နှစ်ဦး နုတ်ထွက်သွားပြီးနောက် အထက်ပါအတိုင်း ကြေညာခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သော မစ္စတာ ဖုသည် သမ္မတရာထူးတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂၀၂၁ ခုနှစ်ကပင် ဖြစ်သည်။ ပါတီမှ သဘောထားတင်းမာသူများ ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွင်း ထိုသို့နုတ်ထွက်မည့် သတင်းထွက်လာခဲ့ခြင်း ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင် ရာပေါင်းများစွာကို စုံစမ်းစစ်ဆေးနေသည်။
သမ္မတ နုတ်ထွက်ရန် အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်ပြီး အမျိုးသားလွှတ်တော်သည် အဆောင်အယောင်သဘောမျှ ဖြစ်သည်။
မစ္စတာ ဖု ရာထူးမှ နုတ်ထွက်တော့မည်ဆိုသည့် ခန့်မှန်းပြောဆိုချက်များ ရက်သတ္တပတ် အတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတ နုတ်ထွက်မည့်သတင်းကို ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက အတည်ပြုခဲ့သည်။
ပါတီက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင်မူ မစ္စတာ ဖု၏ ခေါင်းဆောင်မှုကို ချီးကျူး ပြောကြားသော်လည်း သူသည် သူ၏လက်အောက်မှ အရာရှိအများအပြား၏ ဥပဒေချိုးဖောက်မှုများနှင့် ပြစ်မှုကျူးလွန်မှုများအတွက် နိုင်ငံရေးအရ တာဝန်ရှိကြောင်း ဖော်ပြထားသည်။
ယခုလအစောပိုင်းက နုတ်ထွက်ခဲ့သည့် ဝန်ကြီးချုပ် နှစ်ဦး၊ ဝန်ကြီး နှစ်ဦးနှင့် အခြားအရာရှိများသည် ရာဇဝတ်မှု စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်။
“ပါတီနှင့် ပြည်သူအပေါ် သူ၏တာဝန်များကို သိရှိနားလည်သောကြောင့် မစ္စတာ ဖုသည် ရာထူးမှ နုတ်ထွက် အနားယူရန် တောင်းဆိုခဲ့သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ် နိုင်ငံရေးကို နားလည်ရန် အမြဲတစေ ခက်ခဲပြီး ကွန်မြူနစ်ပါတီက ၎င်းတို့၏ ဆုံးဖြတ်ချက်များကို တံခါးပိတ်ဆုံးဖြတ်သည်။
သို့သော် လွန်ခဲ့သောနှစ်က ပါတီကွန်ဂရက်တွင် ယခင်မရှိဖူးသည့် တတိယ ရာထူးသက်တမ်းကို ဆက်ခံသည့် သဘောထားတင်းမာသူ အထွေထွေအတွင်းရေးမှူး ငုယင်ဖုထရောင်သည် အနောက်တိုင်း ပိုမိုလိုလားသည်၊ စီးပွားရေးအားပေးသည်ဟု မြင်ကြသည့် အဆင့်မြင့်အရာရှိများကို ထုတ်ပယ်ခြင်းဖြင့် သူ၏အာဏာကို ခိုင်မာအောင် လုပ်နေပုံရသည်။
တရားဝင် ထုတ်ပြန်ချက်များအရ ယခုဖြစ်ပျက်နေသည်များ အားလုံးသည် ဗီယက်နမ်အတွက် ကြီးမားသည့် ပြဿနာတခုဖြစ်သော “အဂတိလိုက်စားမှု တိုက်ဖျက်ရေး” ခေါင်းစဉ်အောက်တွင် ဖြစ်သော်လည်း အာဏာချုပ်ကိုင်မှုအတွက် ပါတီတွင်းထိပ်ပိုင်းတွင် အာဏာပြိုင်နေကြောင်း ဖော်ပြသည့် လက္ခဏာဖြစ်သည်။
စီးပွားရေးတိုးတက်မှု မြန်ဆန်ခြင်းကို ထိန်းသိမ်းထားရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးပြီး တရုတ်နှင့် အမေရိကန်အကြား အားပြိုင်မှုတွင် သိမ်မွေ့သော သံတမန်ရေး လမ်းကြောင်းကို ထိန်းသိမ်းထားကာ ဗီယက်နမ်နိုင်ငံ၏ အဓိကလမ်းကြောင်းတွင် ပြောင်းလဲမည့် အလားအလာရှိပုံ မရပေ။
သို့သော် လုံခြုံရေးကို ပိုမိုအာရုံစိုက်သော အရာရှိများ ပါတီထိပ်ပိုင်းတွင် ရောက်လာဖွယ်ရှိခြင်းသည် လူ့အခွင့်အရေးနှင့် ပါတီကို ဝေဖန်ရဲသည့် ဗီယက်နမ် နိုင်ငံသားအနည်းငယ်အတွက် သတင်းဆိုးဖြစ်သည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သော မစ္စတာ ဖုသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဧပြီလအထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် သူသည် ဗီယက်နမ် နိုင်ငံရေး၏ ထိပ်ဆုံးမှ ထောက်တိုင် လေးခုအနက်တခုဖြစ်သော သမ္မတအဖြစ် ရွေးချယ်ခံရသည်။
ထိုရာထူး လေးခုတွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးသည် သြဇာ အကြီးမားဆုံးဖြစ်သော်လည်း သမ္မတသည် လုပ်ပိုင်ခွင့် ကြီးမားစွာရှိသူ ဖြစ်သည်။ အခြားအရေးပါသည့် ရာထူးနှစ်ခုမှာ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။
လက်ရှိပါတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတွင် သြဇာအကြီးမားဆုံး နိုင်ငံရေးသမားဖြစ်သော ငုယင်ဖုထရောင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးဆောင်နေသည်။
၂၀၂၂ ခုနှစ် တနှစ်တည်းတွင်ပင် အဂတိလိုက်စားမှုနှင့် ရည်ရွယ်ချက်ဖြင့် အမှားကျူးလွန်မှုများအတွက် ဝန်ကြီးများ၊ ထိပ်တန်းအရာရှိများနှင့် သံတမန်များ အပါအဝင် ပါတီဝင် ၅၃၉ ဦးကို အရေးယူ သို့မဟုတ် စည်းကမ်းထိန်းသိမ်ခဲ့ကြောင်း ပါတီက ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့သည် အဂတိလိုက်စားမှုပေါင်း ၄၅၃ ခုကို စုံစမ်းစစ်ဆေးခဲ့ပြီး ယခင်နှစ်ကထက် အဂတိလိုက်စားမှု ၅၀ ရာခိုင်နှုန်းတိုးလာသည်။ ဗီယက်နမ်သည် အာရှတွင် တိုးတက်မှု အမြန်ဆုံး စီးပွားရေးများအနက် တခုဖြစ်သည်။
မစ္စတာ ဖု၏ ရာထူးကို မစ္စတာ ထရောင်က ပူးတွဲရယူမည်ဆိုသည့် သတင်းများလည်း ထွက်နေသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ယာယီသဘောဆောင်နေနိုင်သော်လည်း နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များအကြား အာဏာခွဲဝေမှု နည်းလာသည့် အဓိပ္ပာယ်ဖြစ်သလို အာဏာရှင် ပိုဆန်လာနိုင်သည်။
နောက်ထပ်ဖြစ်နိုင်သည့် အခြေအနေတခုမှာ ပါတီ၏ ထိပ်တန်းဆုံးဖြတ်ချက်ချသည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ ပေါလစ်ဗြူရိုမှ အဖွဲ့ဝင်တဦးကို မစ္စတာ ဖု၏ ရာထူးတွင် အစားထိုးမည်ဆိုသည့် အချက်ဖြစ်သည်။
ကိုးကား ။ ။ BBC သတင်း Vietnam politics: Power shift as President Nguyen Xuan Phuc quit
You may also like these stories:
စစ်ကောင်စီနှင့် ပတ်သက်မှု ဗီယက်နမ် လုပ်ငန်းများ လမ်းပျောက်နေ
စစ်သားများကို ခြေရာခံရန် စစ်ကောင်စီက Mytel ဆင်းမ်ကဒ်များကို သုံးနေ
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ