စစ်ကိုင်းတိုင်း ကသာမြို့မြောက်ဘက် မိုးတားတိုက်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ် မီးရှို့မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် နီးစပ်သူထံမှ သိရသည်။
စစ်ကောင်စီ၏ ကသာမြို့အခြေစိုက် အမှတ် (၃၀၉) ခြေမြန်တပ်ရင်းနှင့် တပ်မ (၈၈) လက်အောက်ခံ အမှတ် (၇၇) ခြေလျင် တပ်ရင်းမှ ပူးပေါင်းအင်အား ၁၅၀ ခန့်ပါစစ်ကြောင်းနှင့် ကသာမြို့ နယ်မှ တော်လှန်ရေး ပူးပေါင်းတပ်များအကြား ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ဇန်နဝါရီလ ၁၉ ရက်က မိုးတား လေးရွာကို မီးရှို့သလို ယနေ့ တိုက်ကုန်းရွာသို့ ဝင်ရောက်ကာ မီးရှို့ နေခြင်းဖြစ်ကြောင်း သိရသည်.။
မြေပြင်သတင်းရင်းမြစ်တဦးက “ဒီကောင်တွေက ရွာတွေမီးရှို့တုန်း ။ အဲဒီဘက်မှာ တိုက်ကုန်းဆိုတဲ့ ရွာရှိတယ်။အဲ့ဒီရွာကို ဒီနေ့လည်း မီးရှို့နေတယ်။ ကျနော်တို့ဘက်နဲ့ တိုက်ပွဲထပ်ဖြစ်တာတော့ မရှိဘူး” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် တိုက်ကုန်းရွာတွင် အိမ်ခြေ ၃၀ ခန့် မီးလောင်နေပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သူက ဆက်ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF-မြောက်ပိုင်း)၊ မြို့လှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (Myo Hla KPDF) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝိုင်းပတ် တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း Myo Hla KPDFက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်နှင့်သာမက Mi -35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် နီးစပ်သူတဦးက ဆိုသည်။
၎င်းက “၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက နေရာကောင်းကောင်းယူပြီး ခံပစ်တာပေါ့။ ဒါတောင်သူတို့ဘက်က ၂၀ လောက်ပဲကျန်တယ်။ ကျနော်တို့မှာလည်း ပွိုင့်ဖိုက်မရှိ၊ လက်နက်ကြီးမရှိဘဲနဲ့ လက်နက်ငယ်နဲ့ပဲ ထိုးနေရတာဆိုတော့ အကုန်လုံးကို ကျနော်တို့ မသိမ်းနိုင်တာပေါ့။ အဲဒီကောင်တွေကို ကျနော်တို့က လုံးပြီး သိမ်းဖို့ လုပ်နေတဲ့ အချိန် လေယာဉ်က ဝင်လာတာ” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၀ ရက်တွင် တိုက်ခိုက်ရေးရဟတ်ဖြင့် ကာပစ်ကာ ပိတ်မိနေသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၂၀ ကို ကယ်ထုတ်ပြီး နောက်ထပ် တပ်ဖွဲ့ဝင်အများအပြားကို မြေပြင်တွင် ထပ်မံချထားခဲ့ကြောင်း သိရသည်။
၎င်းက “Mi 17 နဲ့ (၆ )ခေါက်လောက် လူချတယ်။ သူတို့ချနေတဲ့ အချိန် ကျနော်တို့က ပစ်လို့လည်းမရဘူး။ ပစ်လိုက်ရင် ကျနော်တို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ထည့်လိုက်ရင် ကျနော်တို့လူတွေအကုန်ထိကုန်မှာ။ အဲဒါကြောင့် ငြိမ်ပြီး ကြည့်နေတာ။ သူတို့က အင်အားတွေတိုးချလာပြီး ပစ္စည်းပစ္စယတွေအစုံနဲ့ဆိုတော့ ကျနော်တို့ဘက်က မိုက်ရူးရဲပုံစံနဲ့ ဇွတ်မတိုးတော့ဘဲ ပြန်ဆုတ်ပေးလိုက်တာ” ဆိုသည်။
စစ်ရေးလေ့လာသူတဦးကလည်း မိုးတားဒေသသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်ကမ်းဘေး တွင်ရှိပြီး ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် KPDF များက စစ်ကောင်စီသင်္ဘောများကို မကြာခဏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နေရာဖြစ်ကြောင်း ဆိုသည်။
၎င်းက “အဓိကကတော့ သူတို့မြို့ပတ်ချာလည်ကို KIA နဲ့ PDF တွေစိုးမိုးနေတာကို ထွက်ရှင်းတာလည်းဖြစ်တယ်။ နောက်တခုက ကချင်နဲ့ စစ်ကိုင်းကြား တော်လှန်ရေးအင်အားစုတွေ ကူးလူးနေတဲ့ လမ်းကြောင်းကို ပိတ်ချင်တာလည်း ဖြစ်မှာပေါ့။ သူတို့ဘက်က လွယ်လွယ်ကူကူရှင်းလို့ရမယ်ထင်ပြီး ဝင်သွားပြီးကာမှ ပိတ်မိတဲ့အခါကျတော့ လေကြောင်းပစ်ကူသုံးတာပေါ့” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ကသာမြို့မြောက်ဘက်ဒေသရှိ တော်လှန်ရေးအင်အားစုများသည် ရဟတ်ယာဉ်များကို တုံ့ပြန် ပစ်ခတ်နိုင်သည့် ပွိုင့်ဖိုက်ကဲ့သို့သော စက်သေနတ်ကြီးများမရှိသော်လည်း မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထား နိုင်ကြောင်း ၊ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် အဆိုပါတော်လှန်ရေးတပ်များကို ဖြိုခွဲနိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။
၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့် သေဆုံးနိုင်ပြီး တော်လှန်ရေးတပ်များဘက်တွင် ဒဏ်ရာရသူအချို့ရှိကြောင်း မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ်ကိုတိုက်နေသည့် တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူများ ကဆိုသည်။
တိုက်ပွဲတွင်း စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် မိုးတားလေးကျေးရွာအုပ်စုမှ ဒေသခံ ၇ ဦးသေဆုံးခဲ့ပြီး ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရကာ ဒေသခံထောင်ဂဏန်းခန့်သည်လည်း ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးနေရကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုးတားတိုက်နယ်ဒေသသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည့် ဒေသတခု ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသည့် ဒေသတခုလည်း ဖြစ်သည်။
You may also like these stories:
ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး
KIA တပ်မဟာ ၈ ဌာနချုပ်အနီး ၂ ရက်ဆက် ဗုံးကြဲ
CNF ဌာနချုပ်အား ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံတရုံ ထိမှန်ပျက်စီး