တရုတ်နိုင်ငံတွင် လူ ၁၀ ဦးလျှင် ရှစ်ဦးကို ကိုဗစ်နိုင်တင်း ကူးစက်ပြီးဖြစ်ကြောင်း အစိုးရ၏ ထင်ရှားသော သိပ္ပံပညာရှင်တဦးက ပြောကြားလိုက်သည်။
ယခု ရောဂါကူးစက်မှုလှိုင်းသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံအနက် ၈၀ ရာခိုင်နှုန်းကို ကူးစက်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာနမှ ကူးစက်ရောဂါပညာရှင်များ၏ အကြီးအကဲ ဝူကျန်ညိုက တရုတ်နှစ်သစ်ကူးမတိုင်မီ တရက်ဖြစ်သော ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြောသည်။
တရုတ်နှစ်သစ်ကူး ခရီးသွားရာသီတွင် လူအများအပြား ခရီးသွားကြသောကြောင့် ကျေးလက်ဒေသများသို့ ကူးစက်ပြီး နောက်ထပ် ကူးစက်မှုလှိုင်းဖြစ်မည်ကို စိုးရိမ်နေစဉ် သူက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် နှစ်သစ်ကူးကာလ ခရီးသွားခြင်းသည် ကမ္ဘာ့အကြီးမားဆုံး ရွှေ့ပြောင်းသွားလာမှုအဖြစ် တခါတရံ သတ်မှတ်ကြသည်။
သို့သော် သူ၏ ပုဂ္ဂလိက လူမှုကွန်ရက်တွင် ရေးသားရာတွင် မစ္စတာ ဝူက လူအများအပြားသို့ ရောဂါကူးစက်ပြီး ဖြစ်သောကြောင့် နောက်ထပ်လှိုင်းတခု မဖြစ်နိုင်တော့ကြောင်း ဖော်ပြသည်။
“လာမယ့် ၂ လ၊ ၃ လအတွင်း တရုတ်တနိုင်ငံလုံးမှာ ကိုဗစ်နိုင်တင်း ပြန်ဖြစ်နိုင်ခြေ ဒါမှမဟုတ် နောက်ထပ် ကူးစက်မှုလှိုင်းတခု ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်” ဟု မစ္စတာ ဝူက ရေးသားသည်။
ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားပြီး လွန်ခဲ့သော သုံးနှစ်နောက်ပိုင်း ကိုဗစ်ကန့်သတ်ချက်များ မရှိတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် ဇာတိမြို့ရွာများသို့ ပြန်ကြသောကြောင့် ရက်ပေါင်း ၄၀ ကြာ တရုတ်နှစ်သစ်ကူး ကာလအတွင်း ခရီးသွားလာမှု ၂ ဘီလီယံရှိမည်ဟု တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားထားသည်။
တရုတ်နှစ်သစ်ကူး မတိုင်မီညက ခရီးသွားလာမှု ၂၆ သန်းကျော်ရှိကြောင်း တရုတ်အစိုးရရုပ်သံ CCTV က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကြေညာခဲ့သည်။
ထိုအရေအတွက်သည် ကိုဗစ်ကူးစက်မှု မတိုင်မီ ၂၀၁၉ ခုနှစ် နှစ်သစ်ကူး မတိုင်မီညက ခရီးသွားသည့် အရေအတွက်၏ ထက်ဝက်သာရှိသေးကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်ကထက် ၅၀ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
နှစ်သစ်ကူးမတိုင်မီညက မိသားစုနှင့် ပြည်လည်တွေ့ဆုံရန် လူ ၄ ဒသမ ၁ သန်းကျော်သည် ရထားဖြင့် ခရီးသွားပြီး ၇၅၆,၀၀၀ ဦးသည် လေကြောင်းဖြင့် ခရီးသွားသည်ဟု CCTV က ပြောသည်။
ထိုနေ့က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် ခရီးသွားလာမှု သန်း ၂၀ ကျော် ရှိသောကြောင့် ၂၀၂၂ ခုနှစ်ကထက် ၅၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်။
ရက်ပေါင်း ၄၀ ကြာ နွေဦးပွဲတော် ခရီးသွားရာသီတွင် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တရုတ် သယ်ယူပို့ဆောင်ရေး စနစ်သည် ခရီးသွားလာမှု သန်း ၅၆၀ ကျော်ကို ကိုင်တွယ်ပေးခဲ့ပြီး ရထား၊ အဝေးပြေးလမ်း၊ ရေကြောင်းနှင့် လေကြောင်းမှ ခရီးသွားလာမှုသည် ယခင်နှစ် အလားတူကာလကထက် ၄၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်း CCTV က ပြောသည်။
ကူးစက်မှုကိန်းဂဏန်းများကို သံသယရှိ
ပီကင်းတက္ကသိုလ်မှ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကျောင်းက ဇန်နဝါရီလ ၁၁ ရက်နေ့အထိ လူဦးရေ သန်း ၉၀၀ သို့မဟုတ် တရုတ်လူဦးရေ ၆၄ ရာခိုင်နှုန်းသည် ကိုဗစ်နိုင်တင်း ကူးစက်ပြီးဖြစ်နိုင်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။
နိုင်ငံ၏ ဒေသအများစုတွင် ရောဂါကူးစက်မှု အထွတ်အထိပ်ကာလမှာ တရုတ်တွင် ကိုဗစ် ကန့်သတ်ချက်များ ရုတ်သိမ်းပြီး ၁၃ ရက်ခန့်အကြာ ဒီဇင်ဘာလ ၂၀ ရက်နေ့ဖြစ်ကြောင်းလည်း ထိုတက္ကသိုလ်၏ သုတေသနက ပြသနေသည်။
ဒီဇင်ဘာလကုန်သို့ ရောက်သောအခါ ကူးစက်မှုသည် တနိုင်ငံလုံးတွင် အထွတ်အထိပ်ရောက်ကြောင်း ထိုသုတေသနအရ သိရသည်။
တရုတ်ကျန်းမာရေး အာဏာပိုင်များကလည်း အလားတူပြောဆိုပြီး တရုတ်တွင် ဖျားနာသောကြောင့် ဆေးခန်းသွားခြင်းနှင့် ကိုဗစ်ကြောင့် ဆေးရုံတင်ရခြင်းသည် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဇန်နဝါရီလအစောပိုင်းတွင် အထွတ်အထိပ်ရောက်ပြီးနောက် ပြန်လည် ကျဆင်းလာကြောင်း ပြောသည်။
အာဏာပိုင်များ၏ အဆိုအရ ဆေးရုံများတွင် အပြင်းအထန် ကြပ်မတ်ကုသရန်လိုအပ်သည့် လူနာအရေအတွက်လည်း အထွတ်အထိပ်ရောက်ခဲ့သည်။
တရုတ်တွင် ကိုဗစ်သုည မူဝါဒများကို ရုတ်တရက် ရုတ်သိမ်းပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်အတွင်း ဆေးရုံများတွင်သေဆုံးသည့် ကိုဗစ်လူနာ ၆ သောင်း နီးပါးရှိကြောင်း အစိုးရ သတင်းအချက်အလက်များအရ သိရသည်။
သို့သော် တရုတ်နိုင်ငံကထုတ်ပြန်သည့် ကိန်းဂဏန်းများသည် ဆေးရုံနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသရသည့် အရေအတွက်နှင့် သေဆုံးသည့် အရေအတွက်များကို လျှော့ချထားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ အမှုဆောင်ဒါရိုက်တာ မိုက်ရန်းက ယခုလအစောပိုင်းက ပြောသည်။
ထိပ်တန်း ကျန်းမာရေးအရာရှိများ၏ ဌာနတွင်း ခန့်မှန်းချက်များအရ ဒီဇင်ဘာလ ပထမ ရက် ၂၀ အတွင်း တရုတ်နိုင်ငံမှလူ သန်း ၂၅၀ ကို ကိုဗစ်ကူးစက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုခန့်မှန်းချက် မှန်ကန်ပါက နိုင်ငံလူဦးရေ၏ ၁၈ ရာခိုင်နှုန်းရှိသည်။ သို့သော် ထိုခန့်မှန်းချက်ကို CNN သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ကိုးကား ။ ။ CNN သတင်း China says 80% of population have had Covid-19, as millions travel for Lunar New Year
You may also like these stories:
ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ
ရောဂါပိုး ပျံ့နေသော်လည်း ကိုဗစ်ထိန်းချုပ်မှု လျှော့ချပြီး တရုတ်တွေ ခရီးသွားဖို့ ပြင်
တရုတ် လော့ဒေါင်း ဖြေလျှော့၍ မြန်မာ့ ဖရဲ၊ သခွား ဈေးကွက် ပြန်ကောင်းလာ