အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ရန်ကုန်ရှိ စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်မည့် Spring Valour ကွန်ဒိုမီနီယမ်တိုက်ခန်းများ ကြိုတင်ရောင်းချရာတွင် ၁၈ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချခြင်းသည် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) က စစ်တပ်၏ ပိုင်ဆိုင်မှုများကို လေလံတင်ရောင်းချကာ စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးအတွက် ရန်ပုံငွေရှာသည့် လတ်တလော အားထုတ်မှုဖြစ်သည်။
ယခုနှစ်အတွင်း MOPFI ၏ ပထမဆုံးစီမံကိန်းဖြစ်သော Spring Valour ကွန်ဒိုမီနီယမ်စီမံကိန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အကုန်ရောင်းချရခြင်း ဖြစ်သည်။
ထိုကွန်ဒိုမီနီယမ်ကို ရန်ကုန်မြို့၏ အချက်အခြာနေရာတခုဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ စစ်တပ်ပိုင်မြေနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ ကွန်ဒိုမီနီယမ်တွင် အခန်းစုစုပေါင်း ၇၇၀ ပါဝင်ပြီး အခန်းတခန်း၏ တန်ဖိုးသည် ဒေါ်လာ ၁၈,၇၅၀ မှ ၄၀,၅၀၀ အထိ ရှိသည်။
စတင်ရောင်းချပြီးနောက် ၁၈ နာရီအတွင်း စုစုပေါင်း ဒေါ်လာ ၁၀ ဒသမ ၀၉ သန်းတန်သော အခန်းအားလုံး၏ ၉၆ ရာခိုင်နှုန်းကို ရောင်းချလိုက်သဖြင့် မူလက ခန့်မှန်းထားသည်ထက် ပိုမိုသာလွန်ကြောင်း MOPFI ကပြောသည်။
ထိုသို့ရောင်းချမှုအောင်ပွဲသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးတွင် ပါဝင်လိုသော ပြည်သူ့ဆန္ဒကို ဖော်ပြခြင်းဖြစ်ကြောင်း MOPFI ဝန်ကြီး ဦးတင်ထွန်းနိုင်က Facebook တွင် ရေးသားသည်။
“Spring Valour စီမံကိန်းက တကယ်တော့ ပြည်သူတွေအတွက်အောင်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့မျှော်လင့်ချက်တွေ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဝယ်ယူသူများသည် ကနဦးစရံပေးငွေ ၄၀ ရာခိုင်နှုန်းပေးချေရန် လိုအပ်ပြီး ကျန်ငွေကို တော်လှန်ရေးဖြင့် စစ်ကောင်စီကို ဖြုတ်ချပြီးသောအခါမှသာ ပေးဆောင်ရမည်ဖြစ်ကြောင်း MOPFI က ပြောသည်။ ထိုကွန်ဒိုမီနီယမ်တွင် ရေကူးကန်တခု၊ gym အားကစားရုံ၊ ကစားကွင်း၊ လမ်းလျှောက်ရန် လမ်း၊ ဥယာဉ်များ၊ ဘာဘီကျူးအကင်ဆိုင်များနှင့် ကားရပ်နာရန်နေရာတို့ ပါဝင်မည်ဖြစ်သည်။
“သူများတွေက အသက်တွေ စတေးပြီး စွန့်လွှတ်နေချိန်မှာ ပြန်ရှာလို့ရတဲ့ငွေနဲ့ တော်လှန်ရေးကို အကျိုးဆောင်ဖို့က ပြည်သူအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်” ဟု ဝယ်ယူသူတဦးက ပြောသည်။
ထိုကွန်ဒိုမီနီယမ် တည်ရှိသောနေရာတွင် တော်လှန်ရေးပြီးပါက ဟိုတယ်တလုံးနှင့် စီးပွားရေးစင်တာများ တည်ဆောက်မည် ဖြစ်ကြောင်းလည်း NUG က ပြောသည်။
NUG အစိုးရသည် ရန်ကုန်တိုင်းအတွင်းတွင် နွေဦး စံရိပ်မွန် အမည်ရှိ တန်ဖိုးနည်း အိမ်ရာစီမံကိန်း သုံးခုကိုလည်း ရောင်းချရန် စီစဉ်ထားသည်။ ထိုစီမံကိန်းများတွင် လှိုင်သာယာ၊ တောင်ဒဂုံနှင့် မင်္ဂလာဒုံမြို့နယ်များမှ စစ်တပ်ပိုင်မြေများတွင် တည်ဆောက်ထားသည့် အိမ်ပေါင်း ၂,၅၀၀ ပါဝင်မည်ဖြစ်သည်။
MOPFI သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် အိမ် နှစ်လုံးနှင့် အခြား စစ်တပ်ပိုင်မြေများကို ရောင်းချခြင်းအပါအဝင် စီမံကိန်းအမျိုးမျိုးမှ ရန်ပုံငွေ ဒေါ်လာသန်း ၁၀၀ ကျော် ရှာဖွေထားပြီး ဖြစ်သည်။ ယခုနှစ်မကုန်မီ ဒေါ်လာ သန်း ၂၅၀ အထိ ရန်ပုံငွေရှာရန် MOPFI က ရည်မှန်းထားသည်။
You may also like these stories:
မိုးကုတ်ရတနာမြေ ကျောက်မျက်တူးဖော်ခွင့် ချပေးရန် NUG စီစဉ်နေ
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား
ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး
စစ်ကောင်စီ သိမ်းမြေများ လေလံမှ NUG ဒေါ်လာ ၉ သန်း ရ
Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ