ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့လယ်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စုပေါင်းရုံးဝင်း တိုက်ခိုက်မီးရှို့ခံရပြီးနောက် စစ်တပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက် ရှိကြောင်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၃ ရက်) ည ၈ နာရီခန့်တွင် ဘုရားသုံးဆူမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ) အပါအဝင် လူဝင်မှုကြီးကြပ်ရေးဌာန (လဝကရုံး)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးများ ဗိုလ်လင်းယုန် ဦးဆောင်သည့် မြို့ပြ ပြောက်ကျားအဖွဲ့၏ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ရုံး ၄ ရုံးစလုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေ ခြင်း ဖြစ်သည်။
ယနေ့ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့ကြား စစ်ကူလာသော စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် ကော်သူလေးတပ်မတော် (KTL Army) ၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များ အနီးကပ်ထိတွေ့ပြီး တိုက်ပွဲ ပြင်းထန် စွာ ဖြစ်ပွားလျက် ရှိကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
Lion Battalion Commando – ဗျူဟာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ယနေ့ နံနက်ပိုင်းတွင် ကျုံးဒိုး-ညောင်ရိပ် သာဒေသသို့ ဝင်ရောက်လာသော စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားရာ ယနေ့ နေ့လယ်၂ နာရီခွဲကျော်အချိန်ထိ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်းလည်း ပြောဆို သည်။
၎င်းက “ကျနော်တို့ စစ်ကြောင်းကတော့ ကြာအင်းဆိပ်ကြီးဘက်ကို လောလောဆယ် တာဝန်ယူထားတာ။ ညက ဗိုလ်လင်း ယုန်တို့အဖွဲ့တွေ ဝင်စီးတဲ့အချိန်မှာ သူတို့ဘက်ကိုရော၊ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူဘက်ကိုရော စကစရဲ့တပ်မ ၄၄ လက်အောက်ခံတပ်တွေ စစ်ကြောင်းဖြန့်ပြီး ထိုးတာပေါ့။ ကျနော်တို့က ကြိုပိတ်ထားတာပေါ့။ ဒီကောင်တွေ ဝင်လာ မယ့် လမ်းကြောင်းတွေကို အဲဒီမှာ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ ကျနော်တို့ စိုးမိုးနယ်မြေကို နယ်မြေရှင်းလင်းရေး လုပ်တယ်။ ဒီကောင်တွေဘက်က ၂၀ ကျော် ကျထားပြီး ဆက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ နံနက်ပိုင်းထိ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခဲ့ပြီး နေ့လယ်ပိုင်းတွင် ပစ် ခတ်မှုများ ငြိမ်သွားသော်လည်း မြေပြင်စစ်ရေးအခြေအနေမှာ တင်းမာလျက် ရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “တပ်မဟာ ၄၄ တပ်တွေကို သူတို့ဘက်က တောက်လျှောက် ထည့်နေတာ။ ကျနော်တို့ဘက်က လည်း ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားတယ်။ ဒီအချိန်မှာ ညက ဘုရားသုံးဆူကို ဝင်တိုက်လိုက်တဲ့ အခါကျတော့ ဒီက စစ်ကြောင်းတွေကို အဲဒီဘက်ကို ပို့တဲ့သဘောပေါ့။ အဲဒီတော့ ကျနော်တို့က ကြားထဲက ဖြတ်တောက်ပြီး သူတို့ စစ်ကြောင်းတွေကို ဖြတ်တိုက်တဲ့သဘောပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် ဘုရားသုံးဆူမြို့အနီးရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) (ဒေါနအနောက် ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံရုံးများ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ စရဖရုံး အပါအဝင် လဝကရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးတို့ကို ကရင်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့တွင် ရေးသားဖြန့်ဝေနေကြသော်လည်း စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
လက်ရှိတွင် စစ်ကောင်စီဘက်မှ အထိနာနေသောကြောင့် အင်အားများ ဖြည့်တင်းနေပြီး တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင် သောကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများ တူးထားရန်နှင့် စစ်ရေးသတိရှိရန် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက သတိပေးထားသည်။
You may also like these stories:
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများ အတိုက်ခံရ
ဖာပွန်နယ်မှ စစ်စခန်းကျပြီးနောက် ကျေးရွာများပါ စစ်ကောင်စီ ဗုံးကြဲ