ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ နေထိုင်ရာနေရာနှင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ဒဏ်ရာရမှုများရှိကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။
စစ်ကောင်စီသည် မင်းတပ်မြို့မြောက်ပိုင်းရှိ စွန်တောင်ကျေးရွာနှင့် ပလိပ်ထွီကျေးရွာများဘက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မင်းတပ်မြို့ပေါ်ရှိ တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဝမ္မသူးကျေးရွာသို့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဆလိုင်းယောမန်က “လေကြောင်းနဲ့က နှစ်ကြိမ်ရှိပြီ ၊၂၁ ရက်နေ့ရော မနေ့ကရောကြဲတာ။ကြားထဲမှာ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ ဒဏ်ရာရလူနာတွေကို သယ်လာနိုင်တယ်လို့ ယူဆတဲ့ တိုက်နယ်ဆေးခန်းဘက်ကို ဗုံးကြဲတိုက်ခိုက် တာတွေရှိတယ်၊ သေဆုံးတာတော့ မရှိသေးပေမယ့် ဒဏ်ရာထားသူ ဒေသခံက ၈ ဦးလောက်ရှိနေတယ်” ဟုပြောသည်။
လတ်တလော မင်းတပ်မြို့နယ်အတွင်း မြေပြင်တိုက်ပွဲနှင့် စစ်ကြောင်းထိုးမှုများ မရှိဘဲ စစ်ကောင်စီကလေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အချို့၊ ဘုန်းကြီးကျောင်းနှင့် သိမ်တခုလည်း ထိခိုက် ပျက်စီးခဲ့ရသည့်အပြင် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်-၂ အတွင်းရှိ ပလိပ်ထွီကျေးရွာသို့ လေကြောင်းမှဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရသလို စွန်တောင်ရွာအနီး ဗုံးကြဲခံရမှုတွင် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
ပလိပ်ထွီရွာ ဘုန်းကြီးကျောင်းသည် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်နေသူများ နေထိုင်ရာဖြစ်ပြီး ဘာသာရေးအဆောက်အဦများအား တိုက်ခိုက်ရုံသာမက အရပ်သားစစ်ဘေးရှောင်များကိုပါ ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်းလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၁ ရက်နေ့ည ၁၂ နာရီခန့်တွင် မင်းတပ်မြို့နယ် စွန်တောင်ရွာအနီးသို့ တိုက်လေယာဉ်မှ ဗုံးနှစ်လုံးကြဲခဲ့ရာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးကာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ၊ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ဝမ္မသူးရွာသို့ မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများနှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း လည်း သိရသည်။
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်းလည်း မင်းတပ် CDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ကျေးရွာများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ အနီးတွင် သတ်မှတ်ထားသော အတိုင်းအတာများ ပြည့်မီသည့် ဗုံးခိုကျင်းများ တူးကြရန်နှင့် စစ်ကောင်စီ၏ လေကြောင်းရန်အား သတိပြုကြရန် မင်းတပ် CDF တပ်ဖွဲ့မှ သတိပေး ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်းမှစ၍ ချင်းပြည်နယ်အား သာလွန်အင်အား တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်လျှက်ရှိရာ အဆိုပါ စစ်ကောင်စီတပ်အား ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNO/CNDF) အနေဖြင့် အခြားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း CNO/CNDF က ယနေ့ (ဇန်နဝါရီလ ၂၄ရက်) ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခုလအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအား တိုးမြှင့်ပြုလုပ်လျှက်ရှိရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင်လည်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ် ဗစ်တိုးရီးယားစခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် CNF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှုများနှင့် အဆောက်အဦး အချို့ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်။
You may also like these stories :
CNF ဌာနချုပ်အား ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံတရုံ ထိမှန်ပျက်စီး
ဟားခါးတွင် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်များ ဝိုင်းတိုက်
ကသာ မိုးတားတိုက်နယ်ရှိ ရွာများ မီးရှို့ခံနေရ
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး