လူ့အခွင့်အရေးအဖွဲ့တခုနှင့် မြန်မာနိုင်ငံမှလူပုဂ္ဂိုလ် ၁၆ ဦးက မြန်မာစစ်ဗိုလ်ချုပ်များကို ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းနှင့် ၂၀၁၇ ခုနှစ်က မူဆလင်ရိုဟင်ဂျာများကို နှိမ်နင်းစဉ်က ၎င်းတို့ ကျူးလွန်သည့် လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အပြစ်ပေးရန် ဂျာမနီနိုင်ငံတွင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုလိုက်သည်။
ထိုဖြစ်ရပ် နှစ်ခုလုံးနှင့် ပတ်သက်သည့် ရာဇဝတ်မှုအတွက် တာဝန်ရှိသည့် လူပုဂ္ဂိုလ်များကို အပြစ်မပေးရသေးကြောင်း တရားစွဲဆိုသူများအနက် အဖွဲ့အစည်းတခုဖြစ်သော Fortify Rights က ဇန်နဝါရီ ၂၄ ရက်နေ့ ဘန်ကောက်တွင် ကြေညာသည်။
လွန်ခဲ့သော သီတင်းပတ် ဇန်နဝါရီလ ၂၀ ရက်နေ့က တရားစွဲဆိုသည့် အမှုနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ ဖက်ဒရယ်ရှေ့နေချုပ်ရုံးက တစုံတရာ ဝေဖန်ပြောကြားရန် ငြင်းဆန်သည်။ ထိုအမှုကို တရားရုံးသို့ မပေးပို့မီ ရှေ့နေချုပ်ရုံးက စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရန်မှာ ရှည်ကြာသည့်လုပ်ငန်းစဉ် ဖြစ်နိုင်သည်။
မြန်မာစစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်များကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နှင့် ကမ္ဘာ့တရားရုံးဟု ခေါ်သည့် နိုင်ငံတကာတရားရုံး (ICJ) မှ လူမျိုးတုံးသတ်ဖြတ်မှုတခုတွင်လည်း စုံစမ်းစစ်ဆေးနေသည်။
သို့သော် အကြွင်းမဲ့တရားစီရင်ခွင့် အယူအဆအရ ထိုသူများကို အပြစ်ပေးရန် တက်ကြွလှုပ်ရှားသူများက အာဂျင်တီးနား၊ တူရကီနိုင်ငံ တရားရုံးများတွင်လည်း စွဲဆိုထားပြီး ယခုအခါ ဂျာမနီတွင် ထပ်မံစွဲဆိုခြင်း ဖြစ်သည်။
ဥပဒေသဘောတရားအရ ပြစ်မှုများသည် ပြင်းထန်လွန်းသောကြောင့် နိုင်ငံတကာ အသိုက်အဝန်း တခုလုံးကို ကျူးလွန်သော ရာဇဝတ်မှုမြောက်သောအခါ မည်သည့်နေရာတွင် သို့မဟုတ် မည်သည့် နိုင်ငံသားက ကျူးလွန်သည်ဖြစ်စေ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကို စီရင်ခွင့် ရှိကြောင်း Fortify Rights ကို ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မက်သယူး စမစ်က ပြောသည်။
“ဒီအမှုတွေကို ဂျာမနီဥပဒေအရ စုံစမ်းစစ်ဆေးပြီး နောက်ဆက်တွဲအဖြစ် စီရင်တာဟာ အပြင်းထန်ဆုံး ရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ပေးဖို့နဲ့ မြန်မာက ရာဇဝတ်မှု ကျူးလွန်သူတွေ အနာဂတ်မှာ ရာဇဝတ်မှု မကျူးလွန်အောင် တားဆီးဖို့ဖြစ်ပြီး မြန်မာနဲ့ အခြားနေရာတွေက ရာဇဝတ်မှု ကျူးလွန်သူတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ဒဏ်ကို ရှောင်ရှားလို့မရဘူးဆိုတဲ့ သတင်းစကား ပေးပို့ဖို့ဖြစ်တယ်” ဟု Fortify Rights က ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု နှစ်ပတ်လည်မတိုင်မီ ရက်အနည်းငယ်အလိုတွင် ထိုသို့ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်မှု အများအပြားအတွက် ထောင် ၃၃ နှစ်ချထားသော်လည်း ထိုသို့လုပ်ခြင်းသည် စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် လုပ်ဆောင်ဖြစ်သည်ဟု ယူဆကြသည်။ နိုင်ငံမှ မွတ်ဆလင် ရိုဟင်ဂျာလူနည်းစုကို မြန်မာလုံခြုံရေးတပ်များက ဖြိုခွဲသည့် ရက်စက်ကြမ်းကြုတ်သော ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအပြီး ၅ နှစ်ကျော်ကြာမှ ဂျာမနီတွင် ယခုကဲ့သို့ စွဲချက်တင်ခြင်းဖြစ်သည်။
ရိုဟင်ဂျာ ၇၄၀,၀၀၀ သည် ကျေးရွာများ မီးရှို့ခံရပြီးနောက် အုပ်စုလိုက် အဓမ္မပြုကျင့်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ခံရသောကြောင့် ဘေးကင်းရာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ပြန်လည်တောင်းဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို နောက်ဆုံးတွင် စစ်တပ်က သတ်ဖြတ်နှိမ်နင်းသောကြောင့် လက်နက်စွဲကိုင် ပုန်ကန်ရသည့် ပြည်သူများကိုလည်း အလားတူ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်။
ဂျာမနီတွင် စွဲချက်တင် တိုင်ကြားသူ ၁၆ ဦးအနက် ထက်ဝက်ခန့်သည် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်စဉ်က ညှဉ်းပန်းနှိပ်စက်ခံရသူများဖြစ်ပြီး အခြားသူများမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရသူများ ဖြစ်သည်။
ထိုသူများတွင် ကျောင်းသားများ၊ ပညာရှင်များ၊ လယ်သမားများ၊ ကျေးရွာအကြီးအကဲဟောင်းများနှင့် အိမ်ရှင်မများဖြစ်ပြီး လူမျိုးစုပေါင်းစုံမှပါဝင်သည်ဟု Fortify Rights အဖွဲ့က ပြောသည်။
တိုင်ကြားသူများအနက် တဦးသည် အသက် ၅၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးဖြစ်ပြီး မိသားစုဝင်များအားလုံး ဆုံးရှုံးကာ ကိုယ်တိုင်လည်း စစ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံရသူဖြစ်သည်ဟု အထက်ပါအဖွဲ့ကပင် ပြောကြားခဲ့ပြီး သူ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
ထိုအမျိုးသမီး၏ ကျေးရွာကို စစ်သားများဝင်ရောက်လာပြီး ရိုဟင်ဂျာမဟုတ်သည့် လူအုပ်စုက ရွာမှ နေအိမ်များကို မီးရှို့ကာ ရွာသားများ မထွက်ခွာနိုင်အောင် ပိတ်ဆို့ထားကြောင်း သိရသည်။ သူ့ကို ဘေးချင်းကပ်အခန်းတွင် စစ်သားများက ရိုက်နှက်နေစဉ် စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ ထိုလူများက သူ၏ချွေးမကို အဓမ္မပြုကျင့်ကြသည်ကို ကြားနေရသည်။
“စစ်တပ်က သူ့ရဲ့ရွာကို တိုက်ခိုက်ရင်း သူ့ရဲ့မိသားစုဝင် ခုနစ်ယောက်ကို သတ်ခဲ့တယ်။ နောက်သီးခြား ဖြစ်ရပ်တခုမှာ သူ့ကို ဓားနဲ့လှီးလို့ သေရာပါအမာရွတ်တွေ ကျန်ရှိနေတယ်” ဟု Fortify Rights က ပြောသည်။
“သူ့ရဲ့ရွာမှာ ရိုဟင်ဂျာတွေ အလောင်းချင်းထပ်နေတာ၊ စစ်သားတွေက ရိုဟင်ဂျာတွေနဲ့ ကလေးတွေ အများအပြားကို ဓားနဲ့ထိုးတာ၊ ရိုက်တာ၊ သတ်တာ သူတွေ့ခဲ့တယ်။ ရေတောင်းသောက်တဲ့ ကလေးတယောက်ကို စစ်သားတွေက သတ်လိုက်တာလည်း သူတွေ့ခဲ့တယ်” ဟု Fortify Rights က ဆက်လက်ပြောကြားသည်။
ဂျာမနီ ဖက်ဒရယ်ရှေ့နေချုပ်ရုံးသို့ တင်သွင်းသည့် စွဲဆိုချက်များတွင် စစ်ကောင်စီ အဆင့်မြင့်အရာရှိများက ရာဇဝတ်မှုကျူးလွန်သော လက်အောက်ငယ်သားများထက် ပိုမိုမြင့်မားသည့် တာဝန်ယူထားပြီး လက်အောက်ငယ်သားများ၏ ရာဇဝတ်မှုများကို သိရှိသော်လည်း ရာဇဝတ်မှု မဖြစ်ပွားစေရန်တားဆီးသည့် မည်သည့်အရေးယူမှုမှ မပြုလုပ်သော ခိုင်မာသည့် အထောက်အထားများလည်း ပါဝင်သည်ဟု Fortify Rights ကပြောသည်။
စွဲချက်တင်သော တိုင်စာများတွင် အသက်မသေ လွတ်မြောက်လာသူများနှင့် တွေ့ဆုံမေးမြန်းမှုများ၊ မြန်မာစစ်တပ်နှင့် ရဲမှထွက်ပြေးလာသူများထံမှ ပေါက်ကြားလာသည့် စာရွက်စာတမ်းနှင့် သတင်းအချက်အလက်များသာမက ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးသူများ၏ ယခင် အစီရင်ခံစာများလည်း ပါဝင်သည်။
အကြွင်းမဲ့တရားစီရင်ခွင့် သဘောတရားကို ကျင့်သုံးသည့် ဂျာမန်တရားရုံးများသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဆီးရီးယားထောင်များတွင် ပြုလုပ်သည့် ညှဉ်းပန်းနှိပ်စက်မှုများနှင် အစ္စလမ်မစ် အုပ်စု (IS) များက ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်ရှိသော စီရင်ချက်များ ရရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အာဂျင်တီးနားမှ တရားရုံးများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် မြန်မာ ထိပ်တန်းအရာရှိများအပေါ် စွပ်စွဲချက်များကို အကြွင်းမဲ့တရားစီရင်ခွင့် သဘောတရားအရ စုံစမ်းစစ်ဆေးရန် သဘောတူခဲ့သည်။ လန်ဒန်အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ချုပ်-ယူကေ (BRO-UK) က ထိုစွဲချက်များကို ၂၀၁၉ ခုနှစ်တွင် အာဂျင်တီးနား တရားရုံးများသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် အာဂျင်တီးနားသည် ၁၉၃၆-၃၉ စပိန်ပြည်တွင်းစစ်၊ ဖရန်စစ္စကို ဖရန်ကို စစ်အစိုးရခေတ်နှင့် ထိုအာဏာရှင် ၁၉၇၅ ခုနှစ်တွင် သေဆုံးပြီးနောက် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲအကြား နှစ်နှစ်ကြာဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခဲ့သော စီရင်းထုံးတခုလည်း ရှိနေသည်။
လွန်ခဲ့သောနှစ် မတ်လတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Myanmar Accountability Project က ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များက ညှဉ်းပန်းနှိပ်စက်မှု အသုံးပြုခြင်းနှင့် ပတ်သက်ပြီး တူရကီတရားရုံးတခုသို့ တိုင်ကြားကာ ထိုအလေ့အထသည် “ကျယ်ပြန့်ပြီး စနစ်တကျ” ကျူးလွန်သည့် အလေ့အထဖြစ်ကြောင်း စွပ်စွဲသည်။ လန်ဒန်အခြေစိုက် ထိုနိုင်ငံတကာအဖွဲ့သည် စစ်ကောင်စီကို ဥပဒေကြောင်းအရ အရေးယူမှု အများအပြား လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
ကိုးကား ။ ။ AP သတင်း Rights group files suit in Germany against Myanmar military
You may also like these stories:
ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း
တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ
ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ
ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်