သတင်း

အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် စီးပွားရေးသမားတဦးဖြစ်သူ ထွန်းမင်းလတ်သည် အခြားတရားခံလေးဦးနှင့်အတူ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်များအတွက် အပြစ်မရှိကြောင်း ထိုင်းရာဇဝတ်တရားရုံးတွင် လျှောက်လဲခဲ့သည်။ တချိန်တည်းတွင် ဖမ်းဆီးမှုတွင် ဦးဆောင်နေသည့် ရဲအရာရှိ ဘန်ကောက်မြို့မှ ပြောင်းရွှေ့ခံရကြောင်း ထိုင်းသတင်းဌာန Prachatai က ရေးသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာလက်နက်ပွဲစား ထွန်းမင်းလတ်သည် ဘန်ကောက်မြို့တော် လတ်ချဒါဖိဆက် Ratchadaphisek ရာဇဝတ်တရားရုံးရှေ့မှောက် သံခြေချင်းဝတ်ဖြင့် ပေါ်လာသည်။ သူ့ဘေးတွင် ဒီးယန်းဂွန်တူလ Dean Young Guntula ကိုလည်း သံခြေချင်းခတ်ထားသည်။

၎င်းတို့နှစ်ဦးအား ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗဟို တရားရုံးမှ ဆင့်ခေါ်ထားသည်။ ၎င်းတို့နှင့်အတူ ထိုင်နေသည့် ကျန်တရားခံများမှာ နမ်ဟုမ်နက်ထရာခွန် Namhom Nettrakun နှင့် ပီယာဒခမ်တာ Piyada Khamta တို့ဖြစ်ပြီး သံခြေချင်းမပါရှိဘဲ ထောင်အရာရှိလေးဦးက နောက်တွင် ထိုင်ပြီး စောင့်ကြည့်နေသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် စီးပွားရေးလုပ်ငန်းတခု ဖြစ်သည့် Allure Group P&E အပါအဝင် အဆိုပါလေးဦးအား ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ ၎င်းတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်နွယ်သည့် ပြစ်မှုများဖြင့်လည်း စွဲချက်တင်ထားပြီး သေဒဏ်အထိ ချမှတ်နိုင်သည်။

တရားခံများ၏ ဆွေမျိုးများနှင့် သတင်းထောက်များ တရားခွင်သို့ တက်ရောက်နားထောင်ကြပြီး ၎င်းတို့လေးဦးသည် ၎င်းတို့၏ ရှေ့နေများမှတစ်ဆင့် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။

ငွေလဲသူ  ပြဿနာ

ယေဘုယျအားဖြင့် ရှေ့နေများက ၎င်းတို့၏ အမှုသည်ငါးဦးသည် မူးယစ်ဆေးဝါးမှုဆိုင်ရာ ပြစ်မှုများနှင့် ဘာမှမဆိုင်ကြောင်း လျှောက်လဲခဲ့သည်။ Allure Group P&E သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် စာချုပ်အရ မြန်မာနိုင်ငံ တာချီလိတ်ဒေသသို့ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား တင်သွင်းခြင်းလုပ်ငန်းကို ရိုးရိုးရှင်းရှင်း လုပ်ဆောင်နေခြင်းဟု တင်ပြသည်။

၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထွန်းမင်းလတ်တို့ကို အတူတကွ မြင်ရစဉ်

နယ်စပ်ဖြတ်ကျော်မှုများအတွက် တာဝန်ယူရန် ကုမ္ပဏီမှ တရားဝင်မဟုတ်သော ငွေလဲလှယ်သူအား အသုံးပြုရန် ဆုံးဖြတ်သောအခါမှသာ ပြဿနာ ပေါ်သည်။ ကုမ္ပဏီက မသိဘဲ ငွေလဲလှယ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်နေကြောင်း ဆိုသည်။

Dean ၏ အမှုတွင် ရှေ့နေက ဤကိစ္စရပ်တခုလုံးတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများထဲတွင် တရားမဝင်သော မည်သည့်အရာမျှ မတွေ့ခဲ့ရကြောင်းနှင့် မည်သည့်အခါကမျှ မြန်မာပြည်သို့ မသွားခဲ့ကြောင်း လျှောက်လဲသည်။

ထွန်းမင်းလတ်နှင့် အခြားတရားခံများသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သီတင်းနှစ်ပတ်အကြာတွင် Dean ၏ယောက္ခမ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပချာရိယန်းကွန်း အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုစွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ သို့သော် ဖမ်းဝရမ်းကို အမြန်ရုပ်သိမ်းခဲ့ကြောင်း Prachatai က ဖော်ပြခဲ့သည်။

ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိသည့်ငွေများကို လျှပ်စစ်ကုမ္ပဏီသို့ လွှဲပြောင်းပေးသည်ဟု စွပ်စွဲခံထားရသည်။ Dean Guntula သည် သက်ဆိုင်ရာကုမ္ပဏီ Myanmar Allure Group Company Limited မှ Allure Group (P&E) သို့ ရန်ပုံငွေလွှဲပြောင်းခြင်းကို ကြီးကြပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

Allure Group (P&E) သည် မူးယစ်ဆေးဝါးမှ ရရှိသောငွေများကို မြန်မာနိုင်ငံသို့ တင်ပို့သည့် လျှပ်စစ် ကုန်စည်အဖြစ်သို့ အသွင်ပြောင်းရန် အသုံးပြုခဲ့ကြောင်း အဆိုပါ စွဲချက်တွင် ဖော်ပြထားသည်။ Piyada နှင့် Namhom တို့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သည်ဟုလည်း စွပ်စွဲခံထားရသည်။

Upakit သည် ယခင်က Myanmar Allure Group ၏ ဒါရိုက်တာတဦးဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်ကျော် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သော ထိုင်းစစ်တပ်က ဆီးနိတ်တွင် ခန့်ထားသော ၂၀၁၉ ခုနှစ်၌ ကုမ္ပဏီမှ နုတ်ထွက်ခဲ့ကြောင်း ကော်ပိုရိတ်မှတ်တမ်းများက ဖော်ပြသည်။

Allure Group တွင် ၂၀၁၉ ခုနှစ်အထိ ဒါရိုက်တာအဖြစ် စာရင်းမသွင်းရသေးသော်လည်း Dean ၏ Facebook ပရိုဖိုင်တွင် သူသည် ၂၀၁၇ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်သို့ သွားရောက်လည်ပတ်မှု များစွာပြုလုပ်ခဲ့ကြောင်း ပြသထားသည်။

အမှုစစ်ဆေးသည့်နေ့တွင်ပင် ထိုင်းသတင်းချန်နယ် Inside Thailand ဖော်ပြချက်အရ ထွန်းမင်းလတ်နှင့် အခြားသူများကို ဖမ်းဆီးသူ မြို့တော်ရဲဌာနမှ ရဲအရာရှိ ဗိုလ်မှူးကြီး ခရစ္စနတ် သနာဆူဖာနတ် Kritsanat Thanasuphanat  အား ဘန်ကောက်မြို့မှ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် ချိုင်းယာဖွန်ခရိုင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ သတင်းစကားဝိုင်းက ယင်းလုပ်ရပ်သည် ၎င်း၏ ရဲရင့်သော စွမ်းဆောင်မှုအတွက် လက်စားချေမှုပုံစံအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ထိုသတင်းအစီအစဉ်ကပင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူး ပီယဆီရီ ဝတ်ထနာဝရန်ကူး Piyasiri Wattanavarangkul ကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။ Allure Group တွင် ၂၀၂၀ ခုနှစ်ကတည်းက အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် ပရာနွန် ခွန်ပီတက် Pannarong Khunpitak နှင့် ကလျာဝီ သီရာပရာပဝေါင်း Kallayawee Thiraprapawong တို့ကို ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုးကား။            ။ Prachatai သတင်း Tun Min Latt in Thai court denies wrongdoing

You may also like these stories:

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို

လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း

ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

Loading