ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများ၌ပင် အလှည့်ကျ အချိန်ပိုင်းစနစ်ဖြင့် လျှပ်စစ်မီး ပေးနေရသည့် အခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် နေပြည်တော်တို့၌ လျှပ်စစ်ကားအားသွင်းရုံ (Charging Station) များ တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိသည်။
နေပြည်တော်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ စက်သုံးဆီဆိုင် ၃၈ ဆိုင်ကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက လျှပ်စစ်ယာဉ်များ EV (Electric Vehicle) အတွက် အားသွင်းရုံများ တပ်ဆင်လိုပါက ပြည်တွင်းကုမ္ပဏီတခု ဖြစ်သော Grand Sirius နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းစက်ဆုံးဆီကုမ္ပဏီများကို အကြောင်းကြားထားသည်။
ထိုသို့ စစ်ကောင်စီဘက်က လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံများကို စက်သုံးဆီဆိုင်များတွင် တည်ဆောက် လိုသော်လည်း စက်သုံးဆီလုပ်ငန်းရှင်အများစုက စိတ်ဝင်စားမှု မရှိကြောင်း စက်သုံးဆီတင်သွင်း ရောင်းချနေသည့် ကုမ္ပဏီတချို့က ဧရာဝတီကို ပြောသည်။

ပြည်တွင်း စက်သုံးဆီကုမ္ပဏီတခုမှ အကြီးတန်းအရာရှိတဦးက “စက်သုံးဆီဆိုင်တွေ တည်ဆောက် ထားကတည်းက အခုလို ကိစ္စမျိုးတွေအတွက် ထည့်သွင်းစဉ်းစားခဲ့တာ မရှိတော့ ဆိုင်တွေအတွက်က အလုပ်ရှုပ်၊ နေရာရှုပ်တာပဲ အဖက်တင်မှာလေ။ အခုလိုအချိန်မှာ အနောက်ကနေ အတို (သေနတ်) နဲ့ ထောက်ထားလို့ ဟန်ပြလောက်ပဲ လုပ်ပေးကြမှာ” ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် စစ်ကောင်စီက လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် မပေးနိုင်ခြင်းကြောင့် စက်သုံးဆီဆိုင်များ၌ပင် မီးစက်များ အသုံးပြုနေရသဖြင့် ယခု အစီအစဉ်သည် အဆင်မပြေနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီ၏ စက်သုံးဆီဆိုင်များသို့ အကြောင်းကြားစာအရ ပြည်တွင်းကုမ္ပဏီ Grand Sirius က တရုတ်နိုင်ငံအခြေစိုက် Linkcharging Technology မှ ထုတ်လုပ်သော Linchr အမှတ်တံဆိပ် 60 kW အားသွင်းရုံ တင်သွင်းရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
Grand Sirius ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံအခြေစိုက် Hozon Auto နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း၌ NETA အမှတ်တံဆိပ် လျှပ်စစ်ကား ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် သဘောတူလက်မှတ် ရေးထိုးထားသည့် ကုမ္ပဏီ ဖြစ်သည်။
ယခုသတင်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် Grand Sirius ကုမ္ပဏီထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

မော်တော်ယာဉ် တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်တဦးက “လျှပ်စစ်ကားတွေ ဆိုတာက သူများနိုင်ငံတွေမှာ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် တွင်ကျယ်အောင် လုပ်နေကြတာ။ အခု ဒီကအခြေအနေက ဆောင်းတွင်း တောင် မီးမမှန်တော့ လျှပ်စစ်ကားတွေအတွက် လောင်စာဆီ ပိုသုံးရမယ့် ပုံစံမျိုးဆိုရင် ဒီစနစ်က ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် လျှပ်စစ်ကားများအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ပြည့်စုံစွာ ကြိုတင်ပြင်ဆင် တည်ဆောက်မှု မရှိဘဲ လျှပ်စစ်ကားများကို အရင်တင်သွင်းခိုင်းထားသည့် အခြေအနေကြောင့်လည်း အခက်အခဲများ ရှိလာနိုင်သလို လျှပ်စစ်အားသွင်းရုံများအတွက် လိုအပ်မည့် လျှပ်စစ်ဗို့အား (High Voltage) ကိုလည်း ပြည့်မီအောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါ လုပ်ငန်းရှင်က ဆက်၍ “လျှပ်စစ်မီး မှန်ရင်တော့ နိုင်ငံတကာမှာလို EV ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မယ်။ လျှပ်စစ်မီး မမှန်နေရင်တော့ EV ကားတွေရဲ့ အသုံးဝင်မှု ဘာမှ သိပ်မရှိနိုင်ဘူး” ဟု ပြောသည်။
နိုင်ငံတကာတွင် လျှပ်စစ်ကားများကို လောင်စာဆီ လျှော့ချသုံးစွဲနိုင်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါး၍ လေထုညစ် ညမ်းမှု လျော့ကျစေခြင်းတို့ကြောင့် အသုံးပြုမှု တွင်ကျယ်လာနေခြင်း ဖြစ်သည်။
စစ်ကောင်စီက ပြည်တွင်း၌ လျှပ်စစ်ကားများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ယခု ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ (မတ်လကုန်) အတွင်း၌ ဘက်ထရီလျှပ်စစ်စွမ်းအင်သုံး ကုန်တင်ကား၊ လူစီးကား၊ သုံးဘီး၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို တင်သွင်းပါက အခွန်မကောက်ကြောင်း ကြေညာထားခဲ့သည်။
လတ်တလောတွင် တက္ကစီလုပ်ငန်းနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်ကားများ အစားထိုး ပြေးဆွဲနိုင်ရန်အတွက် ကုမ္ပဏီ ၉ ခုကို လျှပ်စစ်ကား တင်သွင်းခွင့် လိုင်စင်များ ထုတ်ပေးထားကြောင်း ပြည်တွင်း ကားလုပ် ငန်းရှင် အသိုင်းအဝိုင်းထံမှ သိထားရသော်လည်း စစ်ကောင်စီဘက်ကမူ ထိုကုမ္ပဏီများ၏ အမည်စာရင်း ထုတ်ပြန်ကြေ ညာခြင်း မရှိပေ။
စက်သုံးဆီလုပ်ငန်းရှင်တဦးကလည်း “အခုလိုမျိုး လျှပ်စစ်မီး မမှန်ပုံနဲ့က EV ကားတွေ တင်သွင်းခွင့် ပေးကတည်းက အနောက်က တွဲကားတွေကိုပါ အခွန်မကောက်ဘဲ တင်သွင်းခွင့် ပေးသင့်တယ်။ အဲဒါမှ မီးစက်တင်ပြီး အားလိုက်သွင်းလို့ ရမှာလေ” ဟု မှတ်ချက်ပြုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်တွင်း၌ လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသော်လည်း စီးပွားရေးဆိုင်ရာ အစည်းအဝေးများတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေးကို မကြာခဏဆိုသလို ထည့်သွင်းပြောဆိုလေ့ ရှိသည်။

လတ်တလောတွင် ပြည်တွင်း၌ ဂျပန်ကုမ္ပဏီ Nissan၊ ပြည်တွင်းကုမ္ပဏီ Khaing Khaing Sangda အပါအဝင် တရုတ် ကုမ္ပဏီတချို့သည် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချလျက် ရှိသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီး ၄၀ စတင် ရောက်ရှိနေပြီး ယင်းတို့အား လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည် ဖြစ်ကြောင်း၊ လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan ကုမ္ပဏီမှ ရန်ကုန် လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲမည်ဖြစ်ပြီး NPK Motors ကုမ္ပဏီမှ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများမှာ BYD အမျိုးအစား E2 Model ဖြစ်ပြီး လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုတို့ကို ခွင့်ပြုပြီးနောက် Chin Dwin Shan Construction Co,Ltd နှင့် NPK Motors Co,Ltd တို့က ပထမဆုံး တင်သွင်း လာခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်