ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာများအား နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) ထုတ်ပေးခြင်းကို ၃ လခန့် အချိန်တိုးမြှင့်ပေးလိုက်သော်လည်း လုပ်ငန်းစဉ်များ ရှုပ် ထွေးနေသည့်အတွက် ပွဲစားများအား ဝန်ဆောင်ခပေး၍ လုပ်ဆောင်နေရကြောင်း အလုပ်သမားများနှင့် အလုပ် သမားအရေး ဆောင်ရွက်သူများထံက သိရသည်။
အဆိုပါ သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းအား ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ရနောင်းနှင့် ချွန်ဘူရီ တို့၌ ၂၀၂၂ ခုနှစ် အောက်တိုဘာလ၌စ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ပေးသွားမည်ဟု သတ်မှတ်ထားသော် လည်း ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်အထိ သက်တမ်း တိုးခွင့်ပြုမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က ကြေညာထားသည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “အခု ထုတ်ပြန်တာက အထောက်အထားတွေ လုပ်တဲ့အခါမှာ စာရွက်စာတမ်းလုပ်တဲ့ကိစ္စတွေ ကြန့်ကြာ မှာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာ အပြီးလျှောက်ဖို့ဆိုတာ မလွယ်ဘူးပေါ့။ အဲဒါ ကြောင့်မို့ ၅ လပိုင်းထိ နောက်ဆုတ်ပေးလိုက်တယ်” ဟု ပြောသည်။
ထိုကဲ့သို့ CI စာအုပ်ပြုလုပ်နိုင်မည့်ရက်အား သက်တမ်းတိုးပေးသော်လည်း အလုပ်လုပ်ခွင့် ပန်းရောက်ကတ် ရရှိထား ပြီးသူများနှင့် ပန်းရောက်ကတ် ထုတ်ခွင့်ကျထားသူများသာ လုပ်ခွင့်ရမည်ဖြစ်ပြီး နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးထား၍ ငွေပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) မရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် CI စာအုပ်ပြုလုပ်၍ မရကြောင်းနှင့် ပန်းရောင်ကတ် အထောက်အထားတခုရှိရုံဖြင့်လည်း CI စာအုပ်လုပ်ဆောင်၍ မရကြောင်း လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသောကြောင့် ကိုယ်တိုင်ပြုလုပ်ရန် မလွယ်ကူသဖြင့် ပွဲစားများကိုသာ အား ကိုးနေရကြောင်း သိရသည်။
ဦးမင်းဦးက “ပွဲစားတွေနဲ့ပဲ လုပ်လို့ရအောင် လုပ်ထားတဲ့သဘောပဲ။ ရိုးရိုးသာမန်လူမပြောနဲ့ ကျနော်တို့ အလုပ်သမားအရေး လုပ်နေတဲ့သူတွေတောင် ရှုပ်ထွေးတာပေါ့။ အလုပ်ရှင်တွေပေါ်မှာ မူတည်နေတယ်ဆိုပေမယ့် သူတို့လည်း ဦးနှောက် ခြောက်မယ့် အလုပ်ကို မလုပ်ဘူး။ အလုပ်သမားကလည်း နားမလည်တော့ ပွဲစားနဲ့လုပ်၊ အလုပ်ရှင်ကလည်း အလုပ် ရှုပ်မခံချင်လို့ ပွဲစားနဲ့ပဲ လုပ်ခိုင်းတယ်။ နောက်ဆုံးတော့ ပွဲစားနဲ့ အေဂျင်စီတွေပဲ အလုပ်ဖြစ်တယ်။ အလုပ်သမားကတော့ ဒီလိုပဲ ခံရတာပေါ့” ဟု ပြောသည်။
အလုပ်သမားတဦးအနေဖြင့် CI စာအုပ်လုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ လုပ်ဆောင်ရာတွင် ပွဲစားများကို ဘတ်ငွေ ၈ ထောင်၊ ၉ ထောင်မှ ဘတ် ၁ သောင်းနီးပါးထိ ပေး၍ လုပ်ဆောင်နေကြရကြောင်း သိရသည်။
CI စာအုပ်လျှောက်ထားသည့် အလုပ်သမားတဦးက “ပန်းရောင်ကတ်လုပ်ပြီး တန်းလျှောက်တာပဲ။ ကျမတို့က ပွဲစားနဲ့ လုပ်တာဆိုတော့ ပိုက်ဆံတော့ မပေးရသေးဘူး။ QR ကုတ်တခုထဲယူဖို့ ဘတ် ၁၆၀၀ ပေးရမယ် ပြောတယ်။ သွားရတဲ့ နေရာကလည်း အကန့်အသတ်နဲ့ဆိုတော့ အမြန်ရချင်တာပေါ့” ဟုပြောသည်။
အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရရှိပြီးသူများမှာ E- Workpermit ဟုခေါ်သည့် စာရွက်အဖြူပေါ်တွင် QR Code ပါသည့် စာရွက်အား 7-Eleven ဆိုင်များတွင် ဘတ်ငွေ ၁၀၁၀ ဖြင့် ပေးသွင်းကာ ထုတ်ယူ၍ CI စာအုပ် သွားရောက် ထုတ်ယူရမည် ဖြစ်သည်။
အဆိုပါ QR Code ရရှိရန် ယခင်က ဘတ် ၃၁၀ ပေးသွင်းရာမှ နောက်ပိုင်းတွင် ဘတ် ၇၁၀၊ ယခုတွင် ဘတ် ၁၀၁၀ ထိ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ထိုငွေကြေးများကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် CI စခန်း များကို တင်ဒါယူထားသည့် အေဂျင်စီတို့မှ ခွဲတမ်းကျ ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် CI ထုတ်ပေးခွင့်လုပ်ငန်းကို United K.M.K ကုမ္ပဏီက ရရှိထားပြီး၊ ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကျော်မှာ ဗိုလ်သင်တန်း အပတ်စဉ် ၇၁ (OTS-71) ဆင်း တပ်မတော်အရာရှိဟောင်းတဦးဖြစ်သလို သူ၏ ဇနီးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြောင်း သိရသည်။
You may also like these stories :
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ
Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို
အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း
ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ