လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ လက်ယက်ကုန်းရွာ အပါအဝင် ရွာ ၄ရွာကို စစ်ကောင်စီတပ်က ယမန်နေ့မှစ၍ မီးရှို့နေကြောင်း ဒေသသတင်းရင်းမြစ်များကဆိုသည်။
လက်ယက်ကုန်း ကျေးရွာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၆ရက်က ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်သော ကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး အိမ်ပေါင်း ၁၉၀ ကျော် ပျက်စီးခဲ့ကာ ပြန်လည်ထူထောင်ရေးပင် မလုပ်နိုင်သေးဘဲ ရှိနေရာ ယခုထပ်မံ မီးရှို့ခံရခြင်း ဖြစ်သည်။
ယခုတကြိမ်တွင် ရေဦးမြို့နယ်ဘက်မှ ဝင်လာသော စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက်ကစ၍ ဒီပဲယင်း မြို့နယ်ရှိ လက်ယက်ကုန်းအပါအဝင် ညောင်လှ၊ သရက်တောနှင့် မူးခံတွင်း အစရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် လက်ယက်ကုန်းကျေးရွာကို ဇန်နဝါရီ ၂၄ ရက် နံနက် ၆ နာရီကျော်တွင် ဝင်လာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ရာ အသက်လုထွက်ပြေးခဲ့ရကြောင်း လက်ယက်ကုန်းရွာခံ တဦးက ပြောသည်။
၎င်းက“ရွာဘက်ကို သက်သက်ကို ဦးတည်ပြီး ဝင်လာတာ။ ရွာခံတွေလည်း ကျည်ဆံတွေ လက်နက်ကြီးထုတဲ့ကြားကနေ ပြေးရတာ ထင်မှတ်မထားဘဲ ဝင်လာတာဆိုတော့။ တောက်လျှောက် မနားတမ်းကို ပစ်တာ ပဲလှော်သလိုပဲ။ မနေ့က မနက် ၆ နာရီလောက်က ဝင်လာတာ တချို့ဆို မျက်နှာတောင် မသစ်ရသေးဘူး” ဟု ပြောသည်။
ရွာတွင်းပြန်မဝင်နိုင်သေးသော်လည်း အိမ်ခြေ ၄၀ခန့် မီးလောင်ဆုံးရှုံးမည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆက်ပြောသည်။
ယခုတကြိမ် လက်ယက်ကုန်းအပြင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်လှ၊ သရက်တော၊ မူးခံတွင်းရွာများကိုပါ ခမရ- ၃၆၄ နှင့် ခလရ- ၇၀၁ တပ်ဖွဲ့ဝင်များက အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ မီးရှို့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှာ လက်ရှိညောင်လှရွာတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ခံမှုများ ပြုလုပ်ရာ တော်လှန်ရေး အင်အားစု များက တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း နယ်မြေစိုးမိုးရေးအတွက် အားထုတ်နေကြောင်း ၊ တော်လှန်ရေး အရှိန်မကျသည့် မြို့နယ်များကို ဖိသည့် သဘောဖြင့် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းလည်း ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက သုံးသပ်သည်။
၎င်းက “သမရိုးကျ စစ်တိုက်မယ် ဆိုရင် PDF တွေရဲ့ နေအိမ်တွေကိုပဲ ရွေးချယ်ပြီး မီးရှို့ရမယ်။ အခု အဲဒီလို မဟုတ်ဘဲနဲ့ PDF ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် တွေ့တဲ့ အိမ် မီးရှို့လာတာက PDF ကို မထောက်ပံ့နိုင်အောင် ပြည်သူကို ဆင်းရဲမွဲတေ အောင် လုပ်တယ်လို့ ယူဆတယ်။ နောက်ထပ် ရည်ရွယ်ချက်က မင်းတို့ အားကိုးနေတဲ့ PDF က ငါတို့လာတော့ ကာကွယ် ပေး နိုင်ရဲ့လား ဆိုတာကို ပြချင်လို့ ရှို့ပြီးလည်း ကျန်ခဲ့တဲ့ အိမ်လေးတွေကို ပြန်ပြန် ရှို့နေတာ။ သန်းခေါင်စာရင်း လိုက် ကောက်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်အောင်လို့ သူတို့ကို တော်လှန်နေတဲ့ မြို့နယ်တွေကို တအားဖိနေ တယ်လို့လည်း ယူဆတယ်” ဟု ပြောသည်။
ယခု မီးရှို့သည့် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်သို့ မဝင်ခင် ရေဦးမြို့နယ်ရှိ ဇိန့်ဇွန်းရွာကို မီးရှို့ခဲ့ပြီး၊ ဒီပဲယင်း-ရေဦး မြို့နယ် အစပ်မှ ကျေးရွာများကို တရွာဝင် တရွာထွက် စီးနင်းနေရာ ဒီပဲယင်းမြို့နယ်အတွင်းက ရွာပေါင်း ၁၀ ရွာခန့်နှင့် ရေဦးမြို့နယ်က ရွာပေါင်း ၇ ရွာခန့်က ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ထံမှ သိရသည်။
စစ်ကြောင်းနှင့် ဝေးသည့် ရွာများသို့ ဒေသခံများ ထွက်ပြေးနေသဖြင့် ဒီပဲယင်း-ရေဦး မြို့နယ် အစပ်မှ ရွာ ၁၇ ရွာခန့်မှ ဒေသခံ တစ်သောင်းနီးပါးသည် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းက စစ်ရှောင်တဦးက “စစ်ရှောင်တွေက နီးစပ်ရာ ရွာတွေကို လှည့်ပတ် ရှောင်နေရတာ။ ဝေးတဲ့ ရွာတွေအထိ ပြေးရတာပေါ့။ ၇ မိုင် ၈ မိုင်လောက်အထိ ရွာတွေကို ပတ်ရှောင်ရတာ” ဟု ဆိုသည်။
အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ စပြီး ၂၀၂၂ ဒီဇင်ဘာလ အထိ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းက နေအိမ်ပေါင်း ၃၆,၆၆၇ လုံးဖြင့် အများဆုံး မီးရှို့ခံခဲ့ရကြောင်း Data For Myanmar က ပြုစုထားသည့် စာရင်းအရ သိရသည်။
စစ်ကိုင်းတိုင်းအတွင်းမှာပင် ဒီပဲယင်းမြို့နယ်သည် မီးလောင်ဖျက်ဆီးခံရမှု အများဆုံး ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလ အထိ နေအိမ် ၄,၄၃၄ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း Data For Myanmar စာရင်းအရ သိရသည်။
ထိုသို့ စစ်ကောင်စီတပ်က ရွာစဉ်လည်ကာ မီးရှို့နေသော်လည်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင်မူ NUG, PDF, KIA ပူးပေါင်း အဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် စုစုပေါင်း ၁,၁၂၂ လုံးမီးလောင်ပျက်စီးဆုံးရှုံး ခဲ့ ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း ၂၂ ရွာတွင် မီးလောင်မှု ၂၃ ကြိမ် ရှိခဲ့သည့်အနက်မှ ၂၂ ကြိမ်သည် စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။
You may also like these stories:
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
ဒီပဲယင်းကို အာဏာသိမ်းတပ်က လေကြောင်း စစ်ဆင်ရေးလုပ်၊ ဒေသခံများ ထွက်ပြေး
စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ