စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း၊ ဖလံချိုင်နှင့် ရွာသစ်ကျေးရွာများမှ စစ်ရှောင်၈ ဦးကို စစ်ကောင်စီ စစ်ကြောင်း က ဇန်နဝါရီ ၂၃ ရက်က ဖမ်းသွားရာ ယနေ့တိုင် ပြန်လွတ်လာခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းခံရသူများမှာ ဖလံချိုင်ရွာမှ အမျိုးသား ၄ ဦး၊ အမျိုးသမီးတဦးနှင့် ရွာသစ်ရွာမှ အမျိုးသား ၃ ဦးတို့ဖြစ်ပြီး တန့်ဆည် မြို့နယ် ရွှေလမ်းဆုံအထိုင်စခန်းမှတဆင့် ထွက်လာသော စစ်ကြောင်းနှင့် တိုးကာ ဖမ်းဆီးခံကြရခြင်းဟု သိရသည်။
ဒေသခံတဦးက “ရွာ၂ ရွာကနေ အမျိုးသား ၇ ယောက်၊ မိန်းကလေးက တယောက်ပါ သွားတာ။ ဒီနေ့ အထိ ပြန်မလွတ် လာကြသေးဘူး၊ စစ်ကြောင်းနောက်ကို ပါသွားကြတာ။ သူတို့က ဖလံချိုင်တို့ ရွာသစ်တို့နဲ့နီးတဲ့ လယ်တဲ တွေထဲမှာ တဲထိုး ပြီး စစ်ရှောင်နေရင်း စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံလိုက်ကြရတာ၊ ဘာသတင်းမှ မရသေးတော့ သူတို့ရဲ့ အသက်အန္တရာယ် အတွက် စိုးရိမ်နေကြရတယ်” ဟု ဧရာဝတီကို ပြောသည်။
တန့်ဆည်မြို့နယ်၊ ရွှေလမ်းဆုံ၌ အထိုင်ချထားသော အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေး အခြေစိုက် ခမရ ၃၆၁၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉နှင့် တန့်ဆည်ဒေသခံ ပျူစောထီးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၃ ရက် တွင် အင်အား ၁၀၀ ကျော်ဖြင့် ဖလံချိုင်ကျေးရွာနှင့် ရွာသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွာသစ်ရွာမှ စစ်ဘေးရှောင်တဦးက “အဲဒီစစ်ကြောင်းက စစ်ရှောင်သူတွေကိုပါ သေနတ်နဲ့ ပစ်လို့ လယ်တဲတွေကို ထားခဲ့ပြီး ကျနော်တို့ အသက်လုပြီး ထွက်ပြေးခဲ့ကြရတာ။ ပြီးတော့ စစ်ရှောင် တဲ ၃ လုံးကိုလည်း မီးရှို့ပြီး ဖျက်ဆီးသွားကြတယ်။ လယ်တဲတွေဆိုတာက အရင်ကတော့ စိုက်ပျိုးချိန်မှာ နေထိုင်ကြပေမယ့် အခုတော့ စစ်ရှောင်ဖို့နေရာ ဖြစ်နေတာပေါ့၊ လယ်တဲကို ရွာကနေ သယ်ထားတဲ့ ဆိုင်ကယ်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာ တွေပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ပြောသည်။
ယခုအခါ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ကျွန်းလှမြို့နယ်များအတွင်းသို့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက် အောက်ခံ ကလေးအခြေစိုက် ခမရ ၃၆၁၊ ဖောင်းပြင်အခြေစိုက် ခမရ ၃၆၈၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ယခင်က စစ်ကြောင်းထိုးလျှင် နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ဆင်ရေး ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာလေ့ရှိသော်လည်း ဒီဇင်ဘာအတွင်းမှ စ၍ ပျူစောထီး အားကောင်းသည့် ကျေးရွာများ၌ အထိုင်ချ တပ်စွဲကာ လှည့်လည်စစ်ကြောင်းထိုး ပုံစံသို့ ပြောင်းလဲလာကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ရဲ့ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှဒေသတွေဘက်မှာက ခမရ ၃၆၁၊ ၃၆၈၊ ၃၆၉ နဲ့ ပျူစောထီးတွေ ပေါင်းပြီး စစ်ကြောင်းထိုးနေတာ အတော်ကို ကြာနေပြီ၊ အရင်ကတော့ နယ်မြေရှင်းလင်းရေး ပုံစံနဲ့ စစ်ကြောင်းထိုးပြီးရင် ပြန်ဆုတ်သွားတယ်။ အခုက စစ်ကြောင်းထိုးတဲ့ပုံစံ ပြောင်းလာတာကို သတိထားမိတယ်၊ ပြီးခဲ့ တဲ့ ဒီဇင်ဘာ ဒုတိယပတ်လောက်က စပြီး အထိုင်အင်အား၊ လှုပ်ရှားအရွေ့အင်အားခွဲပြီး တန့်ဆည်မြို့နယ် မြောက်ခြမ်းက ကျေးရွာတွေဘက်ကို ရက်ခြားပြီး မကြာခဏဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်နေတာ။ ဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပက်ပင်းတိုးနိုင်မယ့် လမ်းကြောင်းတွေကနေ ကြိုတင် ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြော သည်။
ထိုသို့ အထိုင်ချသည့်နေရာများအနက် တန့်ဆည်မြို့နယ်အရှေ့ဘက် ၃ မိုင်ခန့်အကွာ ရွှေလှံကျေးရွာအနီးရှိ ရွှေလမ်းဆုံ သည် ကန့်ဘလူ၊ တန့်ဆည်၊ ရေဦးမြို့နယ်အစပ်တွင် တည်ရှိသော အချက်အချာကျသော နေရာတခုဖြစ်ပြီး ယင်းလမ်းဆုံ တွင် စစ်ကောင်စီတပ်ဖွဲ့များက ကတုတ်ကျင်း၊ ဘန်ကာများ အခိုင်အမာပြုလုပ်ကာ အထိုင်ချတပ်စွဲထားသည်မှာ ၁ လခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ရွှေလမ်းဆုံ၌ အထိုင်ချပြီး အင်အားခွဲကာ အပ်တော သဲကုန်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ထိ တန့်ဆည်မြို့နယ် ကျေးရွာ ၈၃ ရွာမှ လူနေအိမ် ၃၄၇၄ လုံး မီးရှို့ခံခဲ့ရသည့်အပြင်၂၉၉ လုံးမှာ ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့ပြင် သာသနိကအဆောက်အအုံ ၉ လုံး၊ စာသင် ကျောင်း ၁ ကျောင်း၊ ဆေးရုံဆေးခန်း ၁ ခုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
တန့်ဆည်နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာများသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ ၁၅၆၃၀ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရပ်သားပြည်သူ ၁၈၀၀၀ ဦးမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
You may also like these stories :
ဒီပဲယင်းက လက်ယက်ကုန်းအပါ ရွာ ၄ ရွာ မီးရှို့ခံရ
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ