ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အနီး ဂျိုင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်မဟာမိတ်ပူးပေါင်း တပ်များ တိုက်ပွဲ ပြင်းထန်နေကြောင်း ကရင်မဟာမိတ်တပ်အချို့နှင့် ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်ကို တိုက်နေသည့် ဗိုလ်ချုပ် စောနယ်ဒါးမြ၏ ကော်သူးလေတပ် (KTLA) လက်အောက်ခံ Lion Battalion Commando ဗျူဟာစစ်ကြောင်းကလည်း ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူ စောလားက “သူတို့ဘက်က စစ်ကြောင်းထိုးလာတာ။ သူတို့ဘက် ၄၀ ကျော် လောက်ကျတယ်။ ကျနော်တို့ဘက်က ဒဏ်ရာ အနည်းငယ်ရကြတယ်။ တိုက်ပွဲကတော့ ထပ်ပြင်းထန်မယ့် အခြေအနေ ရှိတယ်။ အခု လက်ရှိလည်း ပွဲက မပြီးသေးဘူးဗျ။ နွှဲနေတုန်းပဲ” ဟု ဆိုသည်။
၎င်းက တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီး Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်း လာရောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ပြောသည်။
စောလားက “သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ အရပ်သားအိမ်တွေ တော်တော်များများ ပျက်စီးတာရှိတယ်။ ကမ်းနီတို့ မိဂလုံတို့ ကော့ဘိန်းတို့ဘက်မှာပေါ့။ လေယာဉ်က ပစ်တဲ့အကြိမ်တော့ မရေတွက်ထားမိဘူး။ Mi 35 ရဟတ် ယာဉ် အသုံးများပါတယ်။ သူတို့က အဲဒါနဲ့ စစ်လာကူတယ်။ နောက်ထပ် သူတို့ဘက်က ၃ စင်းနဲ့ ဗုံးကြဲမယ်လို့လည်း သိရပါတယ်” ဟု ပြောဆိုသည်။
ဂျိုင်းမြစ်ဝှမ်းဒေသမှ အမည်မဖော်လိုသည့် ဒေသခံတဦးကလည်း စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ ၂၀ ရက်ကတည်းက စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး ဇန်နဝါရီလ၂၃ ရက်တွင် စစ်ကောင်စီတပ်ဘက်က လက် နက်ကြီး စတင် ပစ်ခတ်ရာမှ ၂ ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “ကျုံဒိုးမှာ သာမေဏကျော် စာတော်ပြန်ပွဲရှိတယ်။ ကရင်ပြည်နယ်လုံးဆိုင်ရာပေါ့။ အေးချမ်းသာယာ ဆရာတော် ကြီးက သာမဏေတွေ စာဖြေနေတဲ့အချိန်မှာ တိုက်ပွဲ မလုပ်ကြဖို့ ၂ ဖက်လုံးကို မေတ္တာရပ်ခံစာ ပို့ထားတာ။ သာမဏေ ဘွဲ့နှင်းသဘင် လုပ်နေတဲ့အချိန်မှာပဲ ပေါက်ကွဲသံတွေ စကြားရတာပေါ့” ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ ၂၃ ရက်တွင် လူသေဆုံးမှုများရှိခဲ့ပြီး လက်နက်ကြီး ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်လာသဖြင့် ကမ်းနီ၊ သရက်တော၊ ကော့ဘိန်း၊ ဂျိုင်းနှင့် မိဂလုံ စသည့်ရွာများမှ ဒေသခံ ၁၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက စစ်ဘေးရှောင်အများစုမှာ မွန်တိုင်းရင်းသားများဖြစ်ကြပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည် နယ် ဘားအံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဆိုသည်။
ဂျိုင်းမြစ်ဝှမ်းရှိ ရွာတရွာမှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတဦးက “တချို့လည်း အမျိုးတွေ အချိတ်အဆက်နဲ့ မြို့ပေါ်တွေမှာ နေကြတယ်။ တချို့ကျတော့လည်း အဝေးကို မသွားနိုင်တဲ့သူတွေက အနီးအနားက မွန်ဘုန်းကြီးကျောင်း တွေမှာ တည်းခိုကြတာရှိတယ်။ စဖြစ်တဲ့နေရာမှာက မွန်တိုင်းရင်းသားတွေ များတယ်။ တချို့လည်း ရွာထဲပြန်ဝင်ပြီး ရှိတာလေးတွေ ချက်စားကြပေါ့။ အခြေအနေ မကောင်းရင် ပြန်ပြေးကြပေါ့။ အဲဒီလိုတော့ ရှိတယ်” ဟု ဆိုသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်း တကြောင်းကို ကရင်မဟာမိတ်ပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့ ထားသဖြင့် ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၃ ရက် ညပိုင်းကလည်း ထိုင်း- မြန်မာနယ်စပ်အနီး ဘုရားသုံးဆူမြို့ဝန်းကျင်၌ Lion Battalion Commando ဗျူဟာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်သော ဗိုလ်လင်းယုန်အဖွဲ့က ဘုရားသုံးဆူမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ) အပါ အဝင် လူဝင်မှုကြီးကြပ်ရေးဌာန (လဝကရုံး)၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးကို စီနင်း မီးရှို့လိုက်သည့်နောက် ကြာအင်းဆိပ်ကြီးမှ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို Lion Battalion က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် ဘုရားသုံးဆူဘက်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယာယီအားဖြင့် အခြေအနေ တည်ငြိမ်နေကြောင်း ဘုရားသုံးဆူမြို့ခံ အချို့ထံမှ သိရသည်။
You may also like these stories:
ဘုရားသုံးဆူအနီး စစ်တပ်နှင့် ကရင်ပူးပေါင်းတပ်များကြား စစ်ရေးတင်းမာနေ
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ
ဒီပဲယင်းက လက်ယက်ကုန်းအပါ ရွာ ၄ ရွာ မီးရှို့ခံရ