လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်မားနေပြီး ဆန့်ကျင်ရှုတ်ချကန့်ကွက်မှုများ ရှိသော်လည်း စစ်ကောင်စီက အဆိုပြုထားသည့် အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီ (SAC) အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ဥပဒေ ကျွမ်းကျင်သူများကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးသို့ ဖိတ်ကြားပြီး ထိုအစည်းအဝေးတွင် “ရွေးကောက်ပွဲကျင်းပရေးနှင့် အနိုင်ရသောပါတီကို အာဏာလွှဲပြောင်းပေးရေး” အဓိကထား ဆွေးနွေးကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာများက ဖော်ပြသည်။
ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်မည့်သဘော ပြောသည်။ မည်သည့် အသေးစိတ်အကြံပြုချက် ပေးသည်ကို မသိရပေ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် မည်သည့်ပါတီကိုမှ မှတ်ပုံတင်မပေးသင့်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲကော်မရှင်ကို ပြောသည်။
ပါတီစုံ ဒီမိုကရေစီ ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာ ထူထောင်ရေးအတွက် သူနှင့်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) အချို့နှင့် သဘောတူညီမှုများ ရရှိထားကြောင်းလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတဝန်းမှ ရွေးကောက်ပွဲကော်မရှင်များအတွက် ဝန်ထမ်းများခန့်ထားရန်လည်း စစ်ကောင်စီခေါင်းဆောင်က UEC ကို ပြောသည်။ ခုခံတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကို ကြောက်သောကြောင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ အလုပ်မလုပ်မည်ကို သူစိုးရိမ်နေကြောင်း ထင်ရှားသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ လွန်ခဲ့သော ဇန်နဝါရီလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်းမှ ရွေးကောက်ပွဲကော်မရှင်ရုံး အနည်းဆုံး ၁၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီ မီဒီယာက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြောသည်။
မဲစာရင်းများ မှန်ကန်ရေးအတွက်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က UEC ကို တိုက်တွန်းသည်။ မင်းအောင်လှိုင်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းစဉ်က မဲစာရင်းမှားသည်ဟု အကြောင်းပြသောကြောင့် ထိုသို့အမိန့်ပေးသည်မှာ အံ့သြစရာမဟုတ်ပေ။
UEC သည် လာမည့်ရွေးကောက်ပွဲတွင် မဲများသူအနိုင်ရသည့် စနစ်နေရာ၌ အချိုးကျကိုယ်စားပြုစနစ် (PR) အစားထိုးရေးကို အတည်ပြုထားပြီးဖြစ်သည်။ PR စနစ်အသုံးပြုခြင်းသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် လွှတ်တော်နေရာ ၂၆ ရာခိုင်နှုန်း အနိုင်ရရန် အာမခံမည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ရသည်။ ဖွဲ့စည်းပုံအရ စစ်တပ်ကို ပေးထားသည့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းလိုက်သောအခါ စစ်ကောင်စီအနေဖြင့် အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး ရွေးကောက်ခံအစိုးရအဖြစ် တရားဝင်မှု တောင်းခံနိုင်မည် ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပါအဝင် EAOs အများအပြားက ထိုရွေးကောက်ပွဲဆိုသည့် ကိစ္စကို ဆန့်ကျင်ကြသည်။ အဆိုပါအဖွဲ့အစည်းများသည် ကချင်၊ ကရင်၊ မွန်၊ ကယားနှင့် ရှမ်းပြည်နယ်များတွင် လှုပ်ရှားနေကြသည်။
ရွေးကောက်ပွဲအပြီး အာဏာရလာမည့်သူများမှာ အရပ်ဝတ်ပြောင်းဝတ်သည့် လက်ရှိအာဏာသိမ်း ဗိုလ်ချုပ်များနှင့် ၎င်းတို့ကို ထောက်ခံသူများသာ ဖြစ်မည်ကို ကောင်းစွာ သိသောကြောင့် ရွေးကောက်ပွဲအတုကို မြန်မာပြည်သူ အများစုကလည်း ဆန့်ကျင်သည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အပါအဝင် အဓိက နိုင်ငံရေးပါတီများကလည်း အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် မလေးရှား အပါအဝင် နိုင်ငံတကာက ဆန့်ကျင်သကဲ့သို့ ထိုရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလေးကလည်း ဝါရှင်တန်က ထိုရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မကြာသေးမီက VOA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထပ်မံပြောကြားခဲ့သည်။
ယခုလအတွင်း မဲစာရင်းကောက်သော ရဲအရာရှိ နှစ်ဦးနှင့် ရွေးကောက်ပွဲအရာရှိများ အပါအဝင် လူ ငါးဦးကို ခုခံတော်လှန်ရေး အင်အားစုများက သတ်ဖြတ်ခဲ့သည်။
စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ကြေညာခဲ့သည့် အရေးပေါ်အုပ်ချုပ်ရေး သက်တမ်း နှစ်နှစ်သည် ဇန်နဝါရီလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) က ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမည် ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် မြို့များတွင် ရွေးကောက်ပွဲများ စတင်ကျင်းပပြီး အခြားဒေသများတွင် ရွေးကောက်ပွဲများကို နောက်မှကျင်းပမည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
You may also like these stories:
စစ်ကိုင်းတိုင်းမှ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် လဝကရုံးများ တိုက်ခိုက်ခံရ
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထု စိတ်မဝင်စား
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ
ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို