ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အခြေချ ဂိတ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ပူးပေါင်းပြီး ဇန်နဝါရီ ၂၅၊ ၂၆ ရက် များတွင် ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၈ နာရီခွဲခန့်က KIA နှင့် ဖားကန့် PDF ပူးပေါင်းတပ်များသည် ဖားကန့်မြို့၊ မှော်ဆီဇာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ တာဝါတိုင်အနီး တပ်စွဲထားသည့် ရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ပြီး ဆုတ်ခွာသွားသည့် ကင်းစခန်းအား KIA ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဖားကန့် ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
ဖားကန့်ဒေသခံ အမျိုးသမီးတဦးက “ရဲကင်းက ရှိနေတာ ကြာပါပြီ။ ညကတော့ အဲဒီ ရဲကင်းကို ဖြုတ် (မီးရှို့ဖျက်ဆီး) လိုက် ပြီပေါ့။ သေနတ် ပစ်ဖောက်ကြတယ်။ သူတို့ (စစ်ကောင်စီ) နောက်ဆုတ်သွားတယ်။ သူတို့ ဆုတ်သွားတော့ ဖျက်လိုက်တာ ပေါ့။ ထိခိုက်သေဆုံးတာတော့ မသိရသေးဘူး” ဟု ဆိုသည်။
ယနေ့ နံနက် ၄ နာရီ ခွဲခန့်တွင်လည်း KIA ပူးပေါင်းတပ်များက ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများကာကွယ်ရေးတပ် (SNA) ပူးပေါင်း အခြေစိုက်ထားသည့် ရွှေသွေးတပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းပိုက်ရရှိခဲ့ကြောင်း KIA နှင့် နီးစပ်သူများက သတင်းဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် တပ်စခန်းမှာ ရှမ်းနီတပ်ဖွဲ့ဝင်များ ရှိနေသည့် ပန်ဆယ်ဘုရားဘက်သို့ အသွားလမ်းရှိ ပန်ဆယ်စစ်ဆေးရေးဂိတ်ဖြစ်ပြီး မနက်လင်းပိုင်းတွင်မူ ပစ်ခတ်မှုများ ငြိမ်သက်နေကြောင်း ဆယ်ဇင်းကျေးရွာ ဒေသခံ တဦးက ပြောသည်။
၎င်းက “မနက်အစောပိုင်းက ဖြစ်တာက ပန်ဆယ်ဂိတ်လို့ ခေါ်တယ်။ ဒီမနက်တော့ ပြန်ငြိမ်နေတယ်။ အပေါ်က (လေယာဉ်) လာမှာ စိုးလို့ထင်တယ်။ ဂိတ်ကိုတော့ ဖျက်လိုက်ပြီလို့ သိရတယ်။ ထိခိုက်ကျဆုံးတာတွေတော့ မသိရသေးပေမယ့် အလစ် အငိုက် ဝင်တိုက်ခံရတာဆိုတော့ သေဆုံးတာတွေတော့ ရှိနိုင်ပါတယ်” ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုများနှင့်အတူ ဖားကန့်မြို့အရှေ့ဘက်ရှိ ကာမိုင်းမြို့အတွင်း စစ်ကောင်စီ အခြေချတပ်စွဲထားသည့် ကာမိုင်း ဗျူဟာကုန်းနှင့် နမ့်ဆိုင် တပ်စခန်းတို့ကိုလည်း KIA က ယနေ့ နံနက် ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများ ရှိနေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်းလည်း KIA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ် များ၏ သတင်းဖော်ပြထားချက်အရ သိရသည်။
ထိုသို့ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေး သလို တိုက်ခိုက်မှုများအတွင်း ထိခိုက်သေဆုံးမှုများကိုလည်း ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျောက်စိမ်းလုပ်ကွက် အများအပြားတည်ရှိရာ ဖားကန့်ဒေသသည် စစ်ကောင်စီအတွက်ရော၊ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ အတွက်ပါ စီးပွားရေးအရ အရေးပါသည့်နေရာ ဖြစ်ပြီး မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ လက်သည်မပေါ်သည့် လူသတ်မှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ဖားကန့်ဒေသခံတဦးက ပြော သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်ကလည်း ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအထွက်၊ မှော်ဆီဇာအဝင်ရှိ ပေါ်ဦးစားသောက်ဆိုင် အရှေ့တွင် အမျိုးသား ၂ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်ဒေသခံတဦးက “ဖားကန့်မှာတော့ သိတဲ့အတိုင်းပဲ နေရာတကာတိုင်းမှာ တိုက်ပွဲငယ်လေးတွေက ဖြစ်ကြတယ်။ လူသတ်မှု ဆိုတာကလည်း အမြဲဖြစ်နေတာ။နေ့တိုင်းနီးပါးပဲ လူသတ်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ကြတာက။ ခဏခဏဖြစ်ကြ တော့ ဒီနှစ်ကတော့ ပိုပြီး စိုးရိမ်ရမလားပေါ့။ ၂၀၂၃ နှစ်စကတည်းက တော်တော်လေး လုံခြုံမှု မရှိတာတမျိုး၊ အသတ်ခံရ တယ် ဆိုတာတွေလည်း ဘယ်သူဘယ်ဝါမှန်းတောင် မသိဘူး။ အလောင်းတွေဆိုတာလည်း လမ်းပေါ်မှာ ဖြန့်ကြဲထားတာ တို့၊ ဒဏ်ရာတွေဆိုတာလည်း ဓားဒဏ်ရာတွေ မဟုတ်ဘူး၊ သေနတ်ဒဏ်ရာတွေ။ ကျမတို့အနေနဲ့ စိုးရိမ်တယ်။ ဖြစ်လာတဲ့ အပေါ်မှာ မူတည်ပြီးမှ ကျမတို့ အတတ်နိုင်ဆုံး ကြိုးစားပြီးမှ အသက်ရှင်ရမယ်လို့ ခံစားနေရပါတယ်” ဟု ပြောသည်။
ဖားကန့်ဒေသသည် KIA တပ်မဟာ ၉ အခြေစိုက်လှုပ်ရှားရာဒေသ ဖြစ်ပြီး ယမန်နှစ် အောက်တိုဘာ ၂၃ ရက် ညပိုင်းက KIA ထိန်းချုပ်ရာ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ် ပြည့် အထိမ်းအမှတ်အဖြစ် တေးဂီတပွဲကျင်းပနေစဉ် အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် KIA တပ်ဖွဲ့ဝင်များနှင့် အရပ်သား စုစုပေါင်း ၆၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
You may also like these stories:
ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေ
ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား
KIA နှင့် စစ်ရေးတင်းမာနေချိန် မြောက်ပိုင်းတိုင်းတွင် ဖျော်ဖြေပွဲဖြင့် စိတ်ဓာတ်မြှင့်တင်
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
တနိုင်းပြည်သူ့စစ်စခန်း KIA တိုက်ခိုက် ဖျက်ဆီး