စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး ရွာ ၆ရွာကို မီးရှို့ကာ PDF တပ်ဖွဲ့ဝင် ၅ ဦးအပါအဝင် ၈ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီလ ၂၃ ရက်က ဝက်လက်မြို့နယ် အနောက်ခြမ်းသို့ တပ်မ ၃၃ လက်အောက်ခံ ရွှေဘို အခြေစိုက် ခလရ ၄၂၊ ခမရ ၁၁၊ ရွှေဘို အမှတ်(၈) လေ့ကျင့်ရေးတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းအင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည််မန်ကျီးတုံ၊ တိုက်ကုန်း၊ ပင်းဇင်း၊ မူးကြီး၊ ခေါတော၊ လိန်ပင်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး လက်ရှိတွင် လိန်ပင်ရွာကို မီးရှို့နေကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “၂၃ ရက်နေ့ မနက်ပိုင်းမှာ လှတောစခန်းကနေ အင်အား ၇၀ ကျော်နဲ့ ဝက်လက်နယ် အနောက်ခြမ်းကို စစ်ကြောင်း စထိုးပြီး ဆက်တိုက် ရွာတွေကို ဝင်စီး၊ မီးရှို့တာတွေ လုပ်နေတာပဲ”ဟု ပြောသည်။
ဇန်နဝါရီ ၂၅ ရက်က စစ်ကောင်စီတပ်သည် မူးကြီးကျေးရွာသို့ ဒုတိယအကြိမ် ဝင်ရောက်စီးနင်းရာ ဒေသပြည်သူ့ ကာကွယ် ရေး တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး အိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကြောင်းထွက်သွားပြီးနောက် နယ်မြေ ရှင်းလင်းရေး ဝင်ရောက် လုပ်ဆောင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး၏ အလောင်းနှင့် မျက်နှာစိမ်း အမျိုးသားတဦး အလောင်းကိုလည်း တွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မူးကြီးကို ဝင်တဲ့အချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးတော့ ကျနော်တို့ဘက်က ၅ ယောက် ကျဆုံးခဲ့ရသလို ရွာသားမဟုတ်တဲ့ မျက်နှာစိမ်းတယောက်ရဲ့ အလောင်းကို တွေ့ရတယ်၊ အပြန်အလှန် တိုက်ပွဲဖြစ်တာတွေမှာ နှစ်ဖက်အထိအခိုက်တွေ ရှိတယ်၊ ထိခိုက်ကျဆုံးမှုအနေနဲ့ကတော့ ကျနော်တို့ ဘက်က ၅ ယောက် ပေးဆပ်ထားရတယ်၊ စကစဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူး”ဟု ပြောသည်။
အလားတူ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် ခေါတောကျေးရွာသို့ ဝင်ရောက်စီးနင်းကာ မီးရှို့ခြင်းများ လုပ်ခဲ့ပြီး ဆုံးရှုံးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးသော်လည်း ဒေသခံတဦး၏ အလောင်းကို တွေထားကြောင်း သိရသည်။
ယင်းသို့ စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကြောင့် အိမ်ခြေ ၃၅၀ ခန့်ရှိ မန်ကျည်းတုံရွာမှ အိမ် ၁၇၀ ခန့်၊ တိုက်ကုန်းရွာမှ အိမ် ၅ လုံး ၊ အိမ်ခြေ ၃၀၀ ကျော်ရှိ ပင်းဇင်းကျေးရွာမှ အိမ် ၁၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ပင်းဇင်းရွာသို့ ဝင်ရောက်ချိန် လက်နက်ကြီးများဖြင့် ပစ်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်သော်လည်း လက်နက်အင်အား မမျှ၍ ပြန်လည်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထို့နောက် ပင်းဇင်းကျေးရွာတွင်လည်း ရက်စက်စွာ အသတ်ခံထားရသည့် ဒေသခံတဦး၏ အလောင်းကို တွေ့ကြောင်း သိရ သည်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မီးရှို့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ နယ်မြေရှင်းလင်းရေး ဝင်လုပ် တော့ ရက်ရက်စက်စက် သတ်သွားတဲ့ ပြည်သူတဦးရဲ့ အလောင်းကို တွေ့ရတယ်၊ စစ်ကြောင်းက အကုန်ထွက်မသွားဘဲ ပင်းဇင်းစာသင်ကျောင်းထဲမှာ အင်အား ၃၀ လောက်က ကင်းပုန်းဝပ်ကျန်နေခဲ့တာကို မသိတော့ ရွာထဲကို မီးဝင်ငြှိမ်းတဲ့ သူတွေကို သေနတ်နဲ့ပစ်လို့ အကုန်လုံး ပြန်ပြေးခဲ့ကြရတယ်”ဟု ပြောသည်။
အလားတူ ဝက်လက်မြို့ပေါ်တွင်လည်း စစ်ကောင်တပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားရာ ဇန်နဝါရီ ၂၀ ရက်မှ ၂၅ ရက်အထိ ၅ ရက်တာ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက် မနည်းသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များလည်း ထိခိုက်မှုများ ရှိကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ -People’s Army to Fight Dictatorship( PAFD) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာနေရာများသို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ -People’s Army to Fight Dictatorship( PAFD)နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁) ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့၊ တပ်စိပ်(၃) ဇာမဏီအဖွဲ့၊ တပ်စိပ်(၄) ငရဲမီးအဖွဲ့၊ PAFDတပ်ခွဲ – DKPDF-MMU စသည့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။
ဝက်လက်မြို့ပေါ် အတိုက်ခံရမှုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၌ သတင်းထုတ်ပြန်ရာ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ရုံးအား လာရောက် ပစ်ခတ်တိုက်ခိုက်သည့် PDF တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်တိုက်ရာ PDF တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး မီးသတ်ရုံးမှ အမိုးသွပ်၊ ရေတိုင်ကီ ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင်လည်း အမှတ် ၁ ရပ်ကွက်အတွင်းရှိ စစ်ကောင်စီ အထိုင်ချသည့်နေရာသို့ PDF တပ်ဖွဲ့ဝင်များ လာရောက် တိုက်ခိုက်မှု ကြောင့် ကလေးငယ်တဦး သေဆုံးကာ နောက်တဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဒေသတွင်းတော်လှန်ရေးအင်အားစုမှ ဗိုလ်မြေသြဇာက “ဒေသတွင်းရဲ့ အခြေအနေမှန်ကို မှန်မှန်ကန်ကန် မဖော်ပြရဲကြ တော့ စကစလော်ဘီတွေက ပုံဖျက်ပြီး သတင်းအမှားတွေ ထုတ်ပြန် နေမှာပဲလေ၊ သူတို့ ဘယ်လိုပဲ ပုံဖျက်ပြီး ထုတ်ပြန် နေပါစေ နိုင်ငံတဝှမ်းလုံးက အခြေအနေမှန်တွေကို သိရှိပြီးသား မို့ ဘာမှ မဖြေရှင်းချင်တော့ပါဘူး၊ လက်ရှိမှာတော့ ဝက်လက်မြို့ပေါ်က စကစတပ်စခန်းတွေကို နေ့တိုင်းတိုက်ခိုက်နေတာ တပတ်လောက်ရှိနေပါပြီ”ဟု ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်နေချိန် ဝက်လက်မြို့နယ် အနောက်ခြမ်းရွာများသို့ စစ်ကောင်စီတပ်စစ်ကြောင်းက အကြမ်းဖက်စီးနင်း မီးရှို့နေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာတွင် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေသူများလည်း ရှိ ကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူ ဦးရေ ၃၀၀၀ ခန့်အတွက် ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်စသည့် ပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ပင်းဇင်းကျေးရွာမှ စစ်ဘေးရှောင်တဦးက “ကျနော်တို့မှာ မီးရှို့ခံရတဲ့အပြင် သူတို့ကိုကြောက်ပြီး ပြေးနေရတာဆိုတော့ ဘာမှကို မကျန်တော့တဲ့အခြေအနေပါ၊ အခုက အဆင်ပြေသလို နေနေကြရတာဆိုတော့ ဘာအလုပ်မှလည်း လုပ်လို့မရတော့ ပိုဆိုးတာပေါ့”ဟု ပြောသည်။
မီးရှို့မှုများကြောင့် ဒေသခံများ ထွက်ပြေးကြရာတွင် လွတ်မြောက်သူများရှိသလို စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူများ လည်း ရှိကြောင်း၊ အရေအတွက်ကို တိတိကျကျ မသိရသေးသော်လည်း အဖမ်းခံရသည့် ဒေသခံများကို စစ်ကြောင်း တလျှောက် ပေါ်တာသဘောမျိုး အသုံးပြုနေသည်ဟု သတင်းရရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးက ဆိုသည်။
ပြီးခဲ့သော ၂၀၂၂ခု ဇူလိုင်လကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း သည် ဝက်လည်ရွဲ၊ မိညိုကုန်း၊ ထန်းကြီးကုန်း၊ မင်းရွာ၊ လေးကုန်းလေး၊ အင်ကြင်းပင်၊ ရုံးပင်ကုန်း၊ ခွေးအတွင်း၊ ဖိုဝင်းတပ်၊ ငါးတိုက်တောင်(ရွှေသိုက်တောင်) ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခြင်းများကြောင့် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ခဲ့ ကာ ဒေသခံ ၂ ထောင်ကျော်ခန့် စစ်ဘေးရှောင်ခဲ့ရသည်။
You may also like these stories:
ဝက်လက် အရှေ့ခြမ်းကျေးရွာများ ဆက်တိုက် မီးရှို့ခံနေရ
ဝက်လက်၌ စစ်ရှောင်တို့၏ ယာယီတဲများကို စစ်တပ်မီးရှို့
ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး
ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ