စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော အမြင်များကိုဖော်ပြသည့် အမျိုးသမီးများကို စစ်ကောင်စီလိုလားသည့် အွန်လိုင်းအသုံးပြုသူများက ဖမ်းဆီးရန်နှင့် အကြမ်းဖက်ရန်၊ အဓမ္မပြုကျင့်ရန်၊ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း လေ့လာမှုတခုတွင် တွေ့ရသည်။
ထိုလေ့လာမှုကို ဦးဆောင်သည့် အဖွဲ့အစည်းဖြစ်သော Myanmar Witness က Telegram နှင့် Facebook ကဲ့သို့သော လူမှုကွန်ရက် ပလက်ဖောင်းများသည် အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရန် လုံလောက်စွာ လုပ်ကိုင်ခြင်းမရှိဘဲ ထိုသို့အခွင့်အရေး ချိုးဖောက်သူများနှင့် အကြောင်းအရာများကို ဖယ်ရှားရန် တောင်းဆိုမှုများအား အလျင်အမြန် လုပ်ဆောင်ခြင်း မရှိကြောင်း ပြောသည်။
အမျိုးသမီးများအပေါ် နိုင်ငံရေး ပယောဂမကင်းသည့် အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အနည်းဆုံး ၅ ဆ တိုးလာကြောင်း ထိုလေ့လာမှုအရ သိရပြီး အခြား နိုင်ငံတကာ လူမှုကွန်ရက်မီဒီယာများနှင့် နှိုင်းယှဉ်လျှင် Telegram တွင် ထိုသို့သော ချိုးဖောက်မှု အဆ ၅၀၀ ပိုမိုများပြားကြောင်း တွေ့ရသည်။
“အခွင့်အရေးချိုးဖောက်တဲ့ ပို့စ် အများစုကို အမျိုးသားတွေကို ကိုယ်စားပြုတဲ့ မြန်မာစစ်တပ်ထောက်ခံသူတွေက ရေးသားဖော်ပြကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတယ်” ဟု Myanmar Witness က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အွန်လိုင်းကနေ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကိုယ်ရေးအချက်အလက် ဖော်ထုတ်တိုက်ခိုက်ခြင်းဟာ အမျိုးသမီးတွေကို အများပြည်သူနဲ့ဆိုင်တဲ့ ဘဝကနေ ဆုတ်ခွာစေပြီး နှုတ်ပိတ်လိုက်တဲ့ သက်ရောက်မှု ရှိတယ်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“၎င်းတို့၏အမြင်များ၊ လူပုဂ္ဂိုလ်နှင့် ဂုဏ်သိက္ခာကို တိုက်ခိုက်ခံရကြောင်း ထိုသို့တိုက်ခိုက်ခံရသူများ ပြောကြားပြီး အဓမ္မပြုကျင့်၊ အကြမ်းဖက်၊ သတ်ဖြတ်မည့် ခြိမ်းခြောက်မှုများ ခံရကာ ဆိုးရွားသော စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ကြောင်း ပြောသည်” ဟု အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။
အိမ်လိပ်စာ၊ အဆက်အသွယ် အသေးစိတ်နှင့် ပုဂ္ဂလိက ဓာတ်ပုံများ စသည့် ပုဂ္ဂိုလ်ရေး အသေးစိတ်များကို ခွင့်ပြုချက်မရဘဲ အွန်လိုင်းတွင် ဖွင့်ချခြင်းသည် အဓိကကျသော အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုစစ်တမ်းတွင် အခွင့်အရေး ချိုးဖောက်မှု Telegram ပို့စ်ပေါင်း ၁ ဒသမ ၆ သန်းနှင့် အွန်လိုင်းတွင် နိုင်ငံရေးပယောဂ မကင်းသည့် ချိုးဖောက်မှု ခံရသူများကို လေ့လာမှုနှင့် တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည်။
ပုဂ္ဂိုလ်ရေး အချက်အလက်များ ဖော်ထုတ်တိုက်ခိုက်ခံရသည့် အမျိုးသမီးများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အုပ်စုများနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့် မှတ်ချက်ရေးသားသူများဖြစ်သည်။
ယခုလေ့လာမှုတွင်ပါဝင်သော ပုဂ္ဂိုလ်ရေးအချက်အလက်များ ဖွင့်ချတိုက်ခိုက်သည့် ပို့စ် ၂၈ ရာခိုင်နှုန်းတွင် အမျိုးသမီးများကို ပြင်ပ၌ ဒဏ်ခတ်ရန် ပစ်မှတ်ထားသည့် ဗြောင်ကျကျ ခြိမ်းခြောက်မှုများ ပါဝင်သည်။
ခြိမ်းခြောက်မှုများ အားလုံးနီးပါးက အမျိုးသမီးများကို ဖမ်းဆီးရန်နှင့် ပိုင်ဆိုင်မှုများကို သိမ်းယူရန် စစ်ကောင်စီကို တောင်းဆိုကြသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုပို့စ်များ၏ နောက်ကွယ်မှ လှုပ်ရှားမှုများတွင် ပါဝင်သူများ၏ တူညီသည့် ပုံစံမှာ “ပုဂ္ဂိုလ်ရေး အသေးစိတ်များကို ဖွင့်ချတိုက်ခိုက်သည့် ပို့စ်များ မကြာခဏ မျှဝေခြင်းနှင့် ပုံကြီးချဲ့ခြင်း” သာမက အာဏာပိုင်များကို တိုင်ကြားခြင်းနှင့် ပစ်မှတ်ထားသော အမျိုးသမီးများ အဖမ်းခံရသောအခါ အောင်ပွဲခံခြင်းတို့ ပါဝင်ကြောင်း လေ့လာမှုအရ သိရသည်။
အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ သတင်းမှားဖြန့်ချိမှု၏ သားကောင်များလည်း ဖြစ်ကြရပြီး စစ်တပ်လိုလားသည့် လူမှုကွန်ရက်အသုံးပြုသူများက အမျိုးသမီးများကို ကျင့်ဝတ်ပျက်သူ၊ မျိုးမစစ်သူ၊ ဖောက်ပြန်သူ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ခေါင်းဆောင်များ၊ နိုင်ငံခြားသားများ၏ လိင်သားကောင်များအဖြစ် သရုပ်ဖော်ကြသည်။
“လူ့ဂုဏ်သိက္ခာကျဆင်းစေသည့် လိင်ပိုင်းဆိုင်ရာ ပြောဆိုမှုများနှင့် ပုံများသည် မြန်မာစစ်တပ်က ရိုဟင်ဂျာများ လူ့ဂုဏ်သိက္ခာ ဆုံးရှုံးစေရန် အသုံးပြုသည့် နည်းပရိယာယ်နှင့် တူညီကြောင်း တွေ့ရသည်” ဟုလည်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုအစီရင်ခံစာတွင် တွေ့ရှိချက်များသည် အဖျားအနားမျှသာ ရှိသေးကြောင်း Myanmar Witness က ပြောကြားခဲ့ပြီး လေ့လာမှုကို အများပြည်သူကြည့်ရှုနိုင်သည့် လူမှုကွန်ရက် ပို့စ်များကိုသာ အခြေခံထားသောကြောင့် ထိုသို့ အခွင့်အရေးချိုးဖောက်မှု အတိုင်းအတာနှင့် ပြင်းထန်မှုသည် အဆများစွာ ပိုမိုနိုင်ကြောင်းလည်း ထိုအဖွဲ့က ပြောသည်။ သီးခြား လူမှုကွန်ရက်မီဒီယာ အုပ်စုပို့စ်များတွင် မျှဝေသည့် အကြောင်းအရာများကို လေ့လာနိုင်ခြင်း မရှိခဲ့သလို Facebook ကလည်း ကြီးမားကျယ်ပြန့်သည့် အရေအတွက်အရ လေ့လာမှုများကို ခွင့်မပြုသည့် မူဝါဒ ချမှတ်ထားသည်။
“ပလက်ဖောင်းအချက်အလက်များကို အပြည့်အဝ လေ့လာခွင့်မရသောကြောင့် ချိုးဖောက်မှုများ၏ အတိုင်းအတာကို တိတိကျကျ လေ့လာရန် မဖြစ်နိုင်ပေ” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ “မြန်မာတွင် အကျယ်ပြန့်ဆုံး အသုံးပြုနေသည့် Facebook တွင် တိတိကျကျ အကဲဖြတ်ရန် ပိုမိုခက်ခဲသည်” ဟုလည်း ဆက်လက်ဖော်ပြသည်။
လူမှုကွန်ရက် ပလက်ဖောင်းများသည် ပိုမိုတာဝန်ယူမှုရှိရန် လိုအပ်ပြီး မြန်မာမှ အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကာ လက်ခံထားသည့် ဒေသဆိုင်ရာ ဘာသာစကား ပို့စ်များကို စောင့်ကြည့်ရန် ရင်းမြစ်များ ပိုမိုအသုံးပြုသင့်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အွန်လိုင်းအခွင့်အရေး ချိုးဖောက်ခံရသူများအနေဖြင့် ထိုကဲ့သို့သော အကြောင်းအရာများကို ခြေရာခံနိုင်ရန်နှင့် လူမှုကွန်ရက်လုပ်ငန်းများက “တန်ပြန်ဆောင်ရွက်မှုများ ထိရောက်စေရန်” အတွက် ချိုးဖောက်ခံရသူများကို ပလက်ဖောင်းများက အချက်အလက်များ အသုံးပြုခွင့်ပေးသင့်သည်ဟုလည်း ထိုအစီရင်ခံစာ ရေးသားသူများ ပြောသည်။ လူမှုကွန်ရက်မီဒီယာ ကုမ္ပဏီများသည် အခွင့်အရေး ချိုးဖောက်မှုနှင့် ခြိမ်းခြောက်မှုများကို တိုင်ကြားလာသောအခါ တုံ့ပြန်ရန်နှင့် ခြိမ်းခြောက်သော လုပ်ဆောင်မှုများကို အသိပေးသောအခါ အခွင့်အရေးချိုးဖောက်သော ပို့စ်များကို ဖယ်ရှားရန် ကြာချိန် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း Myanmar Witness က ဖော်ပြသည်။
ထိုအစီရင်ခံစာသို့ ထပ်မံဖြည့်စွက်ချက်တွင် Myanmar Witness က Telegram နှင့် Meta သည် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ပြီး အခွင့်အရေး ချိုးဖောက်သည့် ပို့စ်အများစုကို ဖယ်ရှားကာ စုံစမ်းစစ်ဆေးရာတွင် လမ်းကြောင်းများကိုလည်း ခြေရာခံလိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား ။ ။ Al Jazeera သတင်း Myanmar women target of online abuse by pro-military social media
You may also like these stories:
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ
စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI
၃ နှစ် အတွင်း ဆိုက်ဘာမှုခင်း တိုင်ကြားမှု ၂ ထောင်ခန့် ရှိဟု ဆို