မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှ အိန္ဒိယနိုင်ငံဘက်ခြမ်း မဏိပူရပြည်နယ်၊ မိုရေးမြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ခိုလှုံနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈၀ ဦးကို အိန္ဒိယ ကွန်မန်ဒိုရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ဖမ်းဆီးပြီးနောက် အကျဉ်းထောင်များ၌ ချုပ်နှောင်ထားကြောင်း တမူးဒေသခံတဦးက ပြောသည်။
တမူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြသည့် စစ်ဘေးရှောင်များသည် မိုရေးမြို့ရဲစခန်း တောင်ဘက် ၇ ကီလိုမီတာခန့် အကွာရှိ လန်းချန်းကျေးရွာ(Lhang Chan) အနီးတွင် ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက ခိုလှုံနေကြခြင်း ဖြစ်ပြီး ယမန်နေ့ နံနက် ၆ နာရီခန့်တွင် မဏိပူရပြည်နယ်၊ ကွန်မန်ဒိုရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာစစ်ဘေးရှောင်များတွင် သက်ကြီးပိုင်း ၇၁ ဦးနှင့် အသက်မပြည့်သေးသူ ၉ ဦး ပါဝင်ပြီး သက်ကြီး ပိုင်းများအား ယမန်နေ့ ညပိုင်းကပင် တမူးမြို့မှတဆင့် အင်ဖာမြို့သို့ ပို့ဆောင်ကာ အင်ဖာအကျဉ်းထောင် (Sajiwa ထောင်) သို့ ပို့ဆောင်ချုပ်နှောင်ထားပြီး အသက်မပြည့်သေးသူ လူငယ်များအား အင်ဖာကလေးထိန်းသိမ်းရေးစခန်း( Khong jon) တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူ မြန်မာစစ်ဘေးရှောင်များနှင့် ပတ်သက်ပြီး Imphal Free Press သတင်းဌာနက ဖော်ပြထားရာတွင် ဖမ်းဆီးခံရသူများထဲ အသက် ၇၀ နှစ်ခန့်အရွယ် ၂ ဦး အပါအဝင် သက်ကြီးပိုင်း ၇၁ ဦးနှင့် အသက်မပြည့်သေးသူ ၁၀ ဦး၊ စုစုပေါင်း ၈၁ ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းတို့အား တရားမဝင် နယ်မြေဖြတ်ကျော် ဝင်ရောက်နေထိုင်မှုဖြင့် မိုရေးရဲစခန်းတွင် အမှုဖွင့်ထား ကြောင်းလည်း Imphal Free Press က ဆိုထားသည်။
အဆိုပါ ဖမ်းဆီးခံရပြီး အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ခံထားရသူများနှင့် ပတ်သက်၍ လက်ရှိတွင် အဆက်အသွယ် မရသေးကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ အကူအညီတောင်းထား ကြောင်းနှင့် ညှိနှိုင်းဆဲ အခြေအနေသာ ရှိနေသေးကြောင်းလည်း တမူးဒေသခံတဦးက ပြောသည်။
၎င်းတို့ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သေချာစွာ မသိရသေးသော်လည်း လန်းချန်းကျေးရွာတွင် ရွာသူကြီးနှင့် ရွာသားတဦးတို့ကြား မြေယာပြဿနာ ဖြစ်ကြရာမှ အဆင့်ဆင့်တိုင်ကြားမှုများကြောင့် လနှင့်ချီကြာ ခိုလှုံနေ သည့် မြန်မာစစ်ဘေးရှောင်များ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကနဦး ကြားသိထားရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံတိုင်းမှာ ဒုက္ခသည်တွေက ရှိကြတာပဲ။ အပြစ်မရှိဘဲ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒုက္ခရောက်ပြီး တော့မှ လာခိုလှုံတဲ့ ဒုက္ခသည် ပြည်သူတွေကို သနားညှာတာမှုတွေ ပေးသင့်တယ်။ သူတို့လည်း နိုင်ငံမှာ မကောင်းလို့သာ၊ နိုင်ငံမှာ စစ်ဖြစ်နေလို့သာ ဒီဘက်ကို အားကိုးတကြီးနဲ့ လာတဲ့အခါမှာ ဒီဘက် အိန္ဒိယနိုင်ငံကလည်း သဘောထားကြီးစွာနဲ့ ကျနော်တို့ ပြည်သူတွေကို လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ခုခံတွန်းလှန်ရာတွင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ၊ တမူးမြို့နယ်အတွင်းရှိ ဒေသခံများသည် ရှေ့တန်းမှ ပါဝင်ခဲ့ကြပြီး ဒေသတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား အများအပြားမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံရလျက် ရှိသည်။
You may also like these stories:
အိန္ဒိယနိုင်ငံသား၂ ဦး အသတ်ခံရမှုကြောင့် မိုးရေးမြို့ရှိ မြန်မာများ ရန်ပြုခံရမည်ကို စိုးရိမ်နေ
တမူးလူသတ်မှုက မဏိပူမှ တမီလ်သိုင်းအဝိုင်းကို မီးမောင်းထိုးပြ
အိန္ဒိယနယ်စပ်က မြန်မာမြို့များလည်း ကုန်စျေးနှုန်းဒဏ်ခံနေရ
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်