စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှု (YBS) တွင် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ကို ကုမ္ပဏီ ၁၈ ခုက ပြေးဆွဲနေသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လျှပ်စစ်ဘတ်စ်ကား အိပ်မက်ကို အထက်ပါ ကုမ္ပဏီ ၂ ခုကသာ လုပ်ဆောင်လိုပြီး ကျန်ကုမ္ပဏီများကမူ လုပ်ငန်းတွက်ခြေကိုက်မှု နည်းပါးခြင်းကြောင့် စိတ်ဝင်စားမှု မရှိကြောင်း YBS ယာဉ်လိုင်း ကုမ္ပဏီတချို့က ဧရာဝတီကို ပြောသည်။
Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့သည် ကနဦးအဆင့် အနေဖြင့် ကုမ္ပဏီ ၁ ခုလျှင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကား အစီးရေ ၅၀ ခန့် တင်သွင်း ပြေးဆွဲသွားရန် စီစဉ်နေကြောင်း သိရသည်။
YBS ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ဒီကိစ္စကြီးက အရမ်းကို ရင်းနှီးမြှုပ်နှံမှု ကြီးမားတယ်။ ROI (Return on Investment) တောင်မှ ၁၅ နှစ်ကနေ နှစ် ၃၀ လောက် ကြာနိုင်မယ်။ အဲဒီလိုဆိုတော့ ကျနော်တို့နိုင်ငံရဲ့ မြေပြင်အခြေ အနေနဲ့ လိုက်လျောညီထွေမှု မရှိသေးတဲ့အတွက် ဘယ် YBS ကုမ္ပဏီတွေကမှ မလုပ်ချင်ကြတာ” ဧရာဝတီကို ပြောသည်။
၎င်းတို့ ကုမ္ပဏီထံ စစ်ကောင်စီ၏ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က လျှပ်စစ် ဘတ်စ်ကား ပြေးဆွဲရန် ညွှန်ကြားမှုကြောင့် စီးပွားရေး တွက်ခြေကိုက်မှု ရှိမရှိနှင့် ပတ်သက်ပြီး တွက်ချက်ထားမှုများအရ ထိုသို့ ပြောဆိုခြင်းလည်း ဖြစ်သည်။
လျှပ်စစ်ဘတ်စ်ကားများအတွက် လိုအပ်မည့် အားသွင်းရုံများ ကုန်ကျစရိတ်သည် ၁ စီးလျှင် ကျပ်သိန်း ၁၀၀၀ ခန့် ရှိသလို CNG နှင့် စက်သုံးဆီ မဖြည့်သွင်းရသော်လည်း လျှပ်စစ်ဘတ်စ်ကား ၁ စီးအတွက် လျှပ်စစ်ဓာတ်အား ဖြည့်ရမည့် မီတာခ သည် ၁ စီးလျှင် ကျပ် ၃ သောင်းမှ ၄ သောင်းဝန်းကျင်ထိ ကုန်ကျနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ဆက်လက်၍ ၎င်းက “လျှပ်စစ်ကားတစီး ပြေးဆွဲဖို့ကို အခု ဒေါ်လာဈေးနဲ့ဆိုရင် ကျပ် သိန်း ၃၀၀၀ နဲ့ ၄၀၀၀ လောက် ရင်းနှီးမြှုပ်နှံရမှာဆိုတော့ ဘယ်သူကမှ စိတ်မဝင်စားကြဘူး” ဟု ပြောသည်။

သို့သော် Omni Focus ကုမ္ပဏီ အနေဖြင့်မူ လျှပ်စစ်ဘတ်စ်ကားများအပြင် လျှပ်စစ်ကားတက္ကစီ (အငှားယာဉ်) ဝန်ဆောင် မှုကိုလည်း လုပ်ဆောင်သွားရန်အတွက် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ လျှပ်စစ်ကား အစီးရေ ၂၀၀ ထိ တင်သွင်းခွင့်လိုင်စင် ရရှိထားကြောင်း ကားတင်သွင်းရောင်းချသော လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ လျှပ်စစ်ကားများကို Omni Focus က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲသော ၎င်းတို့ပိုင် ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲသွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး Omni Focus ကုမ္ပဏီ၏ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်သူရထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ယခုကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာသို့ ဖြေကြားလိုခြင်း မရှိကြောင်းသာ ပြောဆိုသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း ဦးစီးလုပ်ကိုင်နေသည့် Omni Focus ဘတ်စ်ကားကုမ္ပဏီသည် YBS စတင် လုပ်ဆောင်ချိန်ကလည်း လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးအတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်တခု ဖြစ်သော ဧရာဝတီဘဏ်မှ ကျပ်ငွေ ၅၆ ဘီလီယံ ချေးယူခဲ့ပြီး သတ်မှတ် ချေးငွေစည်းကမ်းများကို လိုက်နာမှုမရှိဘဲ အတိုး၊ အရင်း ပေးသွင်းရန် ပျက်ကွက်မှုတို့ကြောင့် ဧရာဝတီဘဏ်နှင့် Omni Focus တို့ကြား အငြင်းပွားမှုများ ဖြစ်ခဲ့သေးသည်။
မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ အနေဖြင့်လည်း လျှပ်စစ်ဘတ်စ်ကားများကို ၎င်းတို့ပိုင် ရန်ကုန်မြို့ တွင်းနှင့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတချို့တွင် ထည့်သွင်းပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီကိုလည်း ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူများနှင့် မေးမြန်းခွင့် မရရှိခဲ့ပေ။
YBS ယာဉ်လိုင်းပိုင်ရှင်တဦးက “သူတို့ ကုမ္ပဏီတွေကျတော့ အစကတည်းက ကုမ္ပဏီအနေနဲ့ လုပ်ခဲ့တယ်။ သူတို့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပိုင်ဆိုင်မှုတွေ (Capital) တွေ ရှိနေလို့သာ လုပ်နိုင်တာ။ ကျန်တဲ့ကုမ္ပဏီတွေ အတွက် လွယ်ကူတဲ့ အနေအထား မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် လတ်တလော ပြေးဆွဲနေသော YBS ယာဉ်အစီးရေ ၆၀၀၀ ဝန်းကျင်တွင် ၆၅ ရာခိုင်နှုန်းသာ တဦးချင်း ယာဉ်ပိုင်ရှင် များ ပိုင်ဆိုင်သောယာဉ်များ ဖြစ်ခြင်းကြောင့် လျှပ်စစ်ဘတ်စ်ကားပြေးဆွဲမှု လုပ်ဆောင်ခြင်းသည် စီးပွားဖြစ် ဆိုခြင်းထက် အဖြစ်သဘောသာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။

၎င်းက “နိုင်ငံခြားငွေ လိုအပ်ချက် အများကြီးရှိနေလို့ သူတို့ (စစ်ကောင်စီ) တောင် နိုင်ငံခြား အရန်ငွေတွေ ပြည်ပ မထွက်သွားအောင် မနည်းလုပ်နေကြရတာလေ။ နိုင်ငံခြားအရန်ငွေတွေ ထပ်ပြီး ပြည်ပထွက်သွားမယ့်ကိစ္စကို သူတို့ လွယ်လွယ်ကူကူ ဆောင်ရွက်မလားပေါ့။ ကျနော် ထင်ပါတယ် အစီးရေ နည်းနည်း၊ Pilot Project (ရှေ့ပြေးစီမံချက်) လောက်နဲ့ပဲ ရပ်သွားလိမ့်မယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ စတင် ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြလာခဲ့သည်။
အဆိုပါ လျှပ်စစ်ကားများကို Chin Dwin Shan ကုမ္ပဏီနှင့် NPK Motors ကုမ္ပဏီတို့က တင်သွင်းခဲ့ ဖြစ်ပြီး ရန်ကုန် လေဆိပ်နှင့် နေပြည်တော် သပြေကုန်းဈေးတို့တွင် အခြေပြုပြီး တက္ကစီဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် အလှည့်ကျ အချိန်ပိုင်းစနစ်ဖြင့် လျှပ်စစ်မီး ပေးနေရသည့် အခြေအနေ တွင် အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် နေပြည်တော်တို့တွင် လျှပ်စစ်ကားအားသွင်းရုံ (Charging Station) များ တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိပြန်သည်။
စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေ လျော့နည်းလာခြင်းကြောင့် ပြည်ပမှ ကားတင်သွင်းခွင့်နှင့် အပိုပစ္စည်းများ အပါအဝင် သွင်းကုန်တချို့ကို တင်သွင်းခွင့် ပိတ်ထားသော်လည်း ယခု ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ (မတ်လကုန်) အတွင်း ဘက်ထရီ လျှပ်စစ်စွမ်းအင်သုံး ကုန်တင်ကား၊ လူစီးကား၊ သုံးဘီး၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို တင်သွင်းပါက အခွန်ကင်းလွတ် ခွင့် ပြုထားသည်။
ကားတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တဦးက “အဓိကက လမ်းပေါ်မှာ လျှပ်စစ်ကားတွေ ပေါ်လာပြီး ပြေးဆွဲပေးဖို့ တာဝန်ပေးထားလို့ ဒီကုမ္ပဏီတွေက လိုက်လုပ်နေကြရတာ။ အနှေးနဲ့အမြန်တော့ ပြောင်းလဲဖို့ ဖြစ်လာရမယ့်ကိစ္စ ဖြစ်ပေ မယ့် လက်တွေ့ အခြေအနေက လျှပ်စစ်မီးတောင် မမှန်တာ ဘယ်လို အလုပ်ဖြစ်နိုင်ပါ့မလဲ” ဟု ဆိုသည်။
You may also like these stories:
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ
စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
CNG ဂက်စ် မရသဖြင့် YBS ကားများ အစီးရေလျှော့ပြေးဆွဲနေရ