စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်း၊ ပင့်သာတိုက်နယ်နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အရှေ့ခြမ်းရှိ ကျေးရွာ များကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက စစ်ကြောင်းထိုးနေပြီး၂ ရက်ဆက်တိုက် မီးရှို့လျက်ရှိကြောင်း ဒေသခံ များထံက သိရသည်။
“မနေ့က ချောင်းကြားရွာကို မီးရှို့တာမှာ အိမ်က၂၃ လုံး၊ စပါးတိုက်က ၁၃ လုံး မီးထဲပါသွားတယ်။ မနေ့က နေ့လယ်ပိုင်းက တည်းက ချောင်းကြားက ထွက်ပြီး တောင်ယာဆိပ်ကို တပ်စွဲပြီး ညအိပ်တယ်။ ဒီနေ့ မနက်ပိုင်းရောက်တော့ တောင်ယာ ဆိပ်ကို မီးတိုက်သွားတာပဲ။ အဲဒီလို ရွာတွေကို မီးတိုက်နေတာမို့ ရွာတွေက တရွာနဲ့တရွာ ကပ်နေကြတာဆိုတော့ အနီးက ရွာ ၁၂ ရွာလောက်ထိကို စစ်ဘေးရှောင်နေကြရတယ်” ဟု ပင့်သာတိုက်နယ် ဒေသခံတဦးက ပြောသည်။
ယနေ့နံနက် ၆ နာရီကျော်အချိန်မှ စတင်ကာ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၉ နာရီခွဲခန့် အချိန်၌ ကန့်ဘလူမြို့နယ်၊ မန်ကျီးကုန်းကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ၂၉ ရက် နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်မှ အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိ ချောင်းကြားကျေးရွာသို့ လက် နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီးနောက် ဒုတိယအကြိမ် မီးတင်ရှို့ခဲ့ရာ နေအိမ် ၂၃ လုံး၊ စပါးကျီ ၁၃ လုံး မီးလောင်ဆုံး ရှုံးခဲ့ရသလို စစ်ကြောင်းဝင်လာချိန် မပြေးနိုင်ဘဲ ကျေးရွာအတွင်း၌ ကျန်ရစ်သည့် အဘွားအိုတဦးထံမှ နားကပ်တရံနှင့် ငွေ ကျပ် ၅ သောင်းကိုလည်း လုယူသွားကြကြောင်း သိရသည်။
အိမ်ခြေ၂၀၀ ဝန်းကျင်ရှိ ချောင်းကြားကျေးရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က ပထမအကြိမ် မီးရှို့ခံခဲ့ရကာ နေအိမ် ၈ လုံး၊ စပါးကျီများ မီးလောင်ပျက်စီးခဲ့ရသေးကြောင်း သိရသည်။
“စစ်ကြောင်းထိုးတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရွာတွေကနေ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးဖို့ပဲလို့ သုံးသပ်တယ်၊ ဘာကြောင့်လဲဆိုတော့ ဝင်တဲ့ ရွာတိုင်းကနေ စပါးတွေ၊ အ်ိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက် စတာတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ ကျွဲ၊ နွားတွေ အကုန်ရသလောက် ခိုးသွားကြတာကြောင့်ပဲ။ သူတို့က ရသလောက်ဈေး၊ သူခိုးဈေးနဲ့ ပြန်ရောင်းစားနေကြတာကို သိနေရတာပဲလေ” ဟု ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အစပ်ရှိ ကျေးရွာများသို့ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ဖောင်း ပြင် အခြေစိုက် ခမရ ၃၆၈ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၂၀ ကျော်ဖြင့် ဇန်နဝါရီလ ၆ ရက်မှ စတင် စစ်ကြောင်း ထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရက်များအတွင်း ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ မကျီးကုန်း၊ တောင်ယာဆိပ်၊ အင်းမ၊ ညောင်ကုန်း၊ မြင်သာဦး၊ သရက်တော၊ ပလူသာ၊ တကုန်း၊ ကုက္ကိကုန်း၊ သံပရာပင်စု၊ သံပုရာပင်စု၊ မြဘုံသာကျေး ရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေ သူများက ပြောသည်။
ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း ဒီဇင်ဘာ၊ ဇန်နဝါရီ ၂ လအတွင်း ကျေးရွာပေါင်း ၈ ရွာမှ နေအိမ် ၂၃၀ ကျော်၊ စစ်ရှောင်တဲ ၃၀ ခန့်၊ စပါးတင်းထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ပြည်သူ ၁၃ ဦး သတ်ဖြတ်ခံခဲ့ရကာ၊ ဖမ်းဆီးနှိပ်စက်ခံ ရစဉ် အသက်မသေဘဲ အမျိုးသမီး ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့သည်။
ဇန်နဝါရီလဆန်းပိုင်းက ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျူစောထီးစခန်းရှိရာ ကျေးရွာအချို့ကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် ဇန်နဝါရီလ ၂၇ ရက်မှ စတင်ကာ ကန့်ဘလူမြို့နယ်တောင်ခြမ်းသို့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း၍ စစ်ကြောင်းထိုးနေလျက်ရှိသလို ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင်စခန်းမှ အရွေ့စစ်ကြောင်းတခုမှာ ကောလင်းမြို့နယ်ဘက်တလှည့်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း တလှည့် နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေလျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ထိုသို့ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးနေသဖြင့် ကန့်ဘလူမြို့နယ် တောင်ခြမ်းလမ်းပိုင်းများ ဖြစ် သည့် ထန်းကုန်း– ကာဘိုး ကွန်ကရစ်လမ်း၊ ထန်းကုန်း– ဇီးကုန်းမူးဘောင်လမ်းပိုင်းများအား အသုံးပြုမည့် ခရီးသွားပြည်သူ များအနေဖြင့် အသွားအလာ သတိပြုသင့်ကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်ထားသ လို၊ ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းစစ်ရေး အခြေအနေများကြောင့် ကန့်ဘလူ- ကျွန်းလှ- ပင့်သာ- ချပ်ကြီး- ချပ်သင်း- ကိုး တောင်ဘို့- ကောလင်း လမ်းပိုင်းအား ဒီဇင်ဘာ ၃၁ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ အသွားအလာ ပိတ်ပင်ထား ကြောင်း သိရသည်။
You may also like these stories:
ဝက်လက် အနောက်ခြမ်းရွာများ မီးရှို့ခံရ