ကချင်ပြည်နယ် တနိုင်းမြို့တွင် စစ်ကောင်စီက စက်သုံးဆီ သယ်ယူခွင့်ပိတ်ထားသဖြင့် ဈေးနှုန်းများ မြင့်လာပြီး ပြတ်လပ်မှု နှင့် ကြုံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယခု ဇန်နဝါရီလလယ်မှ စ၍ သယ်ယူခွင့် ပိတ်သဖြင့် ပြီးခဲ့သည့် ရက်များမှစ၍ စက်သုံးဆီ ပြတ်လုနီးပါးဖြစ်ကာ ဓာတ်ဆီ တဂါလံလျှင် ကျပ် ၁၄၀၀၀ ကျော်မှ ယခုရက် ကျပ် ၂၀၀၀၀ ဝန်းကျင်သို့ မြင့်လာကြောင်း၊ ဆိုင်အချို့သာ လက်ကျန်ဆီကို အကန့်အသတ်နှင့် ရောင်းနေကြကြောင်း သိရသည်။
ကချင်ပြည်နယ်သို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်တဦးက “မြစ်ကြီးနားကနေ တနိုင်းဘက်တွေကို စက်သုံးဆီ ကားတွေသွားတာ အခု ပိတ်ထားတယ်။ မနေ့က ကြားတာတော့ ၁ ပတ်လောက် ထပ်ပိတ်မယ်ကြားတယ်။ စစ်ရေးကြောင့်လို့ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ ကချင်ပြည်နယ်သို့ စက်သုံးဆီ သယ်ဆောင်ရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ထောက်ခံချက်မှစ၍ အဆင့်ဆင့်သော ခွင့်ပြုချက်များအပြင် လမ်းကြေးမှာလည်း အဖွဲ့အစည်းပေါင်းစုံကို ပေးရသဖြင့် ကုန်ကျစရိတ်မှာ ယခင်ကထက် ပိုများလာကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
ယင်းအခြေအနေများကြောင့် ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းမှ စက်သုံးဆီဈေးနှုန်းများမှာ ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများထက် ပိုမို မြင့်နေသည်။
စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ယနေ့ဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်တွင် ဓာတ်ဆီ ၉၂ တဂါလံလျှင် ၁၀၂၀၀ ကျပ်ကျော်နှင့် ၉၅ တဂါလံ ၁၀၅၀၀ ကျပ် ကျော်၊ ဒီဇယ် တဂါလံ လျှင် ၁၁၂၀၀ ကျပ်ဝန်းကျင်၊ မန္တလေးဈေးကွက်တွင် ဓာတ်ဆီ ၉၂ တဂါလံလျှင် ၁၀၄၀၀ ကျပ်ကျော်နှင့် ၉၅ တဂါလံ ၁၀၈၀၀ ကျပ်ကျော်၊ ဒီဇယ် ၁ ဂါလံ ၁၁၄၀၀ ကျပ် ဝန်းကျင်သာ ဖြစ်သည်။
မြစ်ကြီးနားခရိုင်အတွင်းရှိ တနိုင်းမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်အရောင်းအဝယ်ကို အဓိကလုပ်ကိုင်ပြီး ဒေသခံ တချို့က ပယင်းကျောက် တူးဖော်ရေးနှင့် တပိုင်တနိုင် ရွှေတူးဖော်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရာ စက်သုံးဆီကို မှီခိုနေသည့် ဒေသတွင်း လုပ်ငန်းများနှင့် ပရဟိတ လုပ်ငန်းများကို ရပ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
တနိုင်းမြို့ ဒေသခံတဦးက “သွားဖို့ လာဖို့ သုံးဖို့ စက်သုံးဆီက ဝယ်မရတော့ အခက်အခဲတွေဖြစ်တယ်။ လုပ်နေတဲ့လုပ်ငန်း တွေ ဆက်မလုပ်ဖြစ်တော့ဘူး၊ တနိုင်းမြို့နယ်ဘက်ကို ဖြတ်တာလား၊ အဝင်မခံတာလား တော့ မသိဘူး။ ဆီရောင်းတဲ့ ဆိုင်တွေမှာကို ဆီမရတော့တာ။ ဆိုင်ကယ်ဆီဖြည့်ဖို့ ၃ ထောင်ဖိုးလောက်တောင် မနည်းရှာဖြည့်နေရတယ်။ ပိတ်ထား တာ နှစ်ပတ်လောက်ရှိနေပြီ”ဟု ဧရာဝတီသို့ ပြောသည်။
မြို့တွင်း စက်သုံးဆီ အရောင်းဆိုင်ကြီး အချို့တွင် ဝယ်မရသည်အထိ ဖြစ်နေသလို ရောင်းပေးသည့် ဆိုင်အချို့လည်း ဆိုင်ကယ်ဆီဖြည့်ရန် တဦးလျှင် ကျပ် ၃၀၀၀ ဖိုးမှ ၅၀၀၀ ကျပ်ဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းပေးပြီး လုပ်ငန်းသုံး ရန် ဆီပုံးများနှင့် ဝယ်လျှင်ပင် ရောင်းမပေးကြောင်း ၎င်းက ပြောသည်။
စက်သုံးဆီ ဖြန့်ဖြူးသူ လုပ်ငန်းရှင်တဦးကလည်း “တနိုင်းဘက်ကတော့ ပိတ်ထားတယ်။ အခု ဖားကန့်ဘက်လည်းပိတ်မယ် ကြားတယ်။ သွားတော့ မသွားရသေးဘူး ဆီက ပို့ရမယ့် ရက် မပို့နိုင်ရင်တော့ ပြတ်မှာပဲ”ဟု ပြောသည်။
စစ်ကောင်စီသည် တနိုင်းမြို့တွင် စက်သုံးဆီသာမက ဆန် ဆီအပါအဝင် စားနပ်ရိက္ခာများကိုလည်း ၎င်းတို့လိုင်စင်ချထား ပေးသည့် ကုန်သည်၊ လုပ်ငန်းရှင်များအား အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပေးပြီး ထိန်းချုပ်ထားကြောင်းလည်း သိရ သည်။
ထို့ပြင် တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းရှိ အောင်လောဒ် ရွာဘက်ကိုလည်း စားနပ်ရိက္ခာ သယ်ယူခွင့် ဖြတ်ထားသဖြင့် ဒေသခံများ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ တနိုင်းမြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာပြီး နောက်ပိုင်း စက်သုံးဆီတင်သွင်းခွင့်ကို ပိတ် ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၂ခု အောက်တိုဘာလတုန်းကလည်း ဖားကန့်မြို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားသလို ဆိုင်များတွင်လည်း အရောင်းပိတ်ထား၍ ဈေးနှုန်းမြင့်လာသည့်အပြင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် စက်သုံးဆီ၊ ဆေးဝါး၊ စားနပ် ရိက္ခာများတင်သွင်းမှုများကို ပိတ်ပင်ခြင်း၊ အကန့်အသတ်နှင့်သာ သယ်ယူခွင့်ပေးခြင်းကို လုပ်ဆောင်လေ့ရှိသောကြောင့် စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည့် ကချင်၊ ချင်း၊ ရခိုင် အစရှိသည့် ဒေသတွင်းရှိ ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီပြတ်လပ်ခြင်းများကို မကြာခဏ ကြုံတွေ့နေရသည်။
You may also like these stories:
ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်
တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ