ယူကရိန်းကို ကျူးကျော်မှုအတွက် နိုင်ငံတကာက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြစ်တင်ရှုတ်ချနေချိန်တွင် မြန်မာစစ်ကောင်စီက သမ္မတ ပူတင်သည် ရုရှားကို ပြန်လည်ရှင်သန်နိုးကြား၊ ခွန်အားသစ်များမွေးဖွားပေးသည့် မဟာလူသားဖြစ်ကြောင်း ချီးကျူးဖော်ပြလိုက်သည်။
၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းခြင်းနှင့် စစ်ကောင်စီဆန့်ကျင်သူများကို ဖြိုခွဲခြင်းကြောင့် ကျန်တကမ္ဘာလုံးက ပစ်ပယ်ထားချိန်တွင် စစ်ကောင်စီကို ထောက်ခံခြင်းအတွက် ရုရှားကို ကျိုးနွံစွာမြှောက်ပင့်ပြီး စစ်ကောင်စီထိန်းချုပ် သတင်းစာများသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မတိုင်မီ ရုရှားကို ချီးကျူးသည့် ဆောင်းပါးများ ဖော်ပြနေသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် သတင်းစာများမှ ဆောင်ပါးတွင် ရုရှားခေါင်းဆောင်သည် မည်မျှ ပညာရှိပြီး သြဇာကြီးမားသည်ကို ဖော်ပြရန် အပြုသဘောဆောင်သည့် နာမဝိသေသန အားလုံးနီးပါးကို အသုံးပြုထားသည်။
ထိုဆောင်းပါးတွင် မစ္စတာ ပူတင်ကို ဘာသာတရားကိုင်းရှိုင်းသည့် ကမ္ဘာတွင် အကျော်ကြားဆုံး တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ် ချီးကျူးသည်။ သူ၏ရုပ်ရည်သွင်ပြင် ဟန်ပန် ကိုယ်အမူအရာသည် ရုရှားနိုင်ငံတွင်းမှာ သာမက ပြင်ပကမ္ဘာမှာလည်း ဘရန်းဒ်တခုအဖြစ် ကျော်ကြားလှသည်ဟု ထိုဆောင်းပါက ဖော်ပြပြီး မြှောက်ပင့်သည်။
“ရုရှားခေါင်းဆောင်တွင် ခိုင်မာအားကောင်းသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (Strong mentality) နှင့် ကိုယ်ပိုင်စွမ်းအား (Personal power) ရှိခြင်းက အန္တရာယ်များသော အခြေအနေများတွင် တာဝန်ကို ရဲရဲယူပြီး တိကျမှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်စွမ်းရှိသည်ဟု မှတ်ချက်ပြုထားကိုလည်း လေ့လာမိသည်” ဟု ချီးကျူးသည်။
ဆောင်းပါးတွင် သူ့ကို အမြင်ကျယ်သူ၊ မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်သူ၊ လက်တွေ့ကျသူ၊ အသေးစိတ် ဂရုစိုက်တတ်သူ၊ အရာရာကျွမ်းကျင်သူ စသည်ဖြင့် ချီးကျူးဖော်ပြသည်။ အရပ်ဘက်ဆိုင်ရာ ဆု ၁၄ ခု၊ ဂုဏ်ထူးဆောင်ဘွဲ့ ၈ ခုနှင့် အခြားဘာသာရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆု ၃ ခုရရှိခဲ့ခြင်းက သူ၏ ထူးချွန်မှု အရည်အသွေးကို ပြသနေသည်ဟု ဖော်ပြထားပြီး မစ္စတာ ပူတင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိက ခေါင်းဆောင်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုဆောင်းပါးတွင် မစ္စတာ ပူတင်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုများအတွက်လည်း အမွှမ်းတင်ထားပြီး မစ္စတာ ပူတင်၏ ကိုယ်လက်လှုပ်ရှား အားကစား စွန့်စားမှုများ ပြုလုပ်ခြင်းကိုလည်း ရည်ညွှန်းသည်။ “သူ၏ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်မှုမှတဆင့် ဖြစ်ပေါ်လာသော အကြောက်အလန့်ကင်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားခြင်း၊ သြဇာတိက္ကမကြီးခြင်းစသော စွမ်းအားများသည် ရုရှားလူငယ်ထုကို အားကျဂုဏ်ယူဖွယ်ရာ စံပြုမော်ဒယ်တဦးနှယ် ဖြစ်စေသည်” ဟုလည်း ဆောင်းပါးရှင်က ရေးသားသည်။
မစ္စတာ ပူတင်ကို ပဒေသရာဇ်ဆန်သည်ဟု ဝေဖန်ကြစေကာမူ ရုရှားနိုင်ငံသည် အားကျစရာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်ကြောင်း ထိုဆောင်းပါးတွင် ဆက်လက်ဖော်ပြသည်။ သူ၏မူဝါဒများနှင့် သေနင်္ဂဗျူဟာများသည် ရုရှားပြည်သူများ၏ ယဉ်ကျေးမှု၊ တန်ဖိုးများနှင့် အတွေးအခေါ်အပေါ် အခြေခံသည်ဟုလည်း ကာကွယ်ရေးသားသည်။
မစ္စတာ ပူတင်ကို အကြီးအကျယ်ချီးမွမ်းသည့် တချိန်တည်းတွင် ထိုဆောင်းပါးက အမေရိကန်နှင့် ဥရောပ နိုင်ငံများသည် ဒီမိုကရေစီအဖြစ် ရုပ်ဖျက်ထားသည့် လစ်ဘရယ်စနစ်ကို ဖြန့်ချိရန်ကြိုးစားနေသည်၊ အနောက်အုပ်စုသည် သတင်းမှားများကိုအခြေခံကာ အတိုက်အခံများကို အကဲဖြတ်လေ့ရှိပြီး ရုရှားခေါင်းဆောင်များအပေါ် အနောက်အုပ်စုက အတွက်အချက်မှားသောကြောင့် ယူကရိန်းပြည်သူများ ဒုက္ခရောက်ရသည်ဟုလည်း ဖော်ပြထားသည်။
စစ်ကောင်စီက ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ထောက်ခံပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ပူတင်တို့ ပြီးခဲ့သည့် စက်တင်ဘာလက ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ၎င်းတို့ကို လက်နက်အဓိက ထောက်ပံ့နေသည့် ရုရှားနှင့် သံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ဆက်ဆံရေး တိုးမြှင့်သည်။
ထိုသို့တွေ့ဆုံစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မစ္စတာ ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်အဖြစ် ချီးကျူးပြီး ပူတင်ကလည်း မြန်မာသည် ရုရှား၏ ယုံကြည်ရသည် ရေရှည်မိတ်ဆွေဖြစ်ကြောင်း ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နိုင်ငံတို့သည် အဆင့်မြင့် ခရီးစဉ်များ အပြန်အလှန် သွားရောက်ကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုကာလအတွင်း ရုရှားသို့ သုံးကြိမ်သွားရောက်ခဲ့သည်။ မြန်မာနှင့် ကူးသန်းရောင်းဝယ်မှု မြှင့်တင်ရန် အထူးတာဝန်ဖြင့် သမ္မတ ပူတင်က စေလွှတ်လိုက်သော Roscongress Foundation ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်သည့် Fund RC-Investments သည် နေပြည်တော်သို့ နိုဝင်ဘာလတွင် လာရောက်ခဲ့သည်။ ရုရှား နိုင်ငံခြားရေး၊ စီးပွားရေးနှင့် ပညာရေးကိုယ်စားလှယ် အဖွဲ့များလည်း မြန်မာသို့ လာရောက်ကြသည်။
You may also like these stories:
ရုရှားနှင့် မြန်မာစစ်ကောင်စီ သဘောတူစာချုပ် ၇ ခု လက်မှတ်ထိုး
ရုရှား ထိပ်တန်းဗိုလ်ချုပ်က စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံ
NLD အစိုးရ ရပ်ဆိုင်းခဲ့သည့် သံမဏိစက်ရုံ စစ်တပ်နှင့် ရုရှားကုမ္ပဏီ လည်ပတ်ရန်ပြင်နေ
သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ