ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် လနှင့်ချီကာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၀၀ကျော်မှ ဆန္ဒပြ တောင်း ဆိုပြီးနောက် ၃ သုတ်ခွဲ၍ မြန်မာနိုင်ငံပြန်ပို့ရန် စီစဉ်နေသည်။
ရနောင်း လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းရှိ မြန်မာနိုင်ငံသား ၆၀၀ ကျော်မှာ လွတ်ရက်စေ့သော်လည်း မြန်မာဘက်မှ လက်မခံသဖြင့် နေရပ်သို့ မပြန်ရဘဲ ရှိနေရာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ဆန္ဒပြတောင်းဆိုပြီးနောက် နေရပ် ပြန်ပို့ရန် စီစဉ်နေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန်သည်။
အဆိုပါ မြန်မာအလုပ်သမားများသည် ဇန်နဝါရီလ ၂၈ ရက်နေ့က ရနောင်းရှိ ထိန်းသိမ်းရေး စခန်းအတွင်း ဆန္ဒပြခဲ့ခြင်း ကြောင့် မြန်မာသံရုံးအလုပ်သမားသံအရာရှိမှ ထိုင်းအာဏာပိုင်များ ၊ ထိန်းသိမ်းခံ မြန်မာရွှေ့ပြောင်း လုပ်သားခေါင်းဆောင် များနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညှိနှိုင်းချက်အရ ထိန်းသိမ်းခံထားရသူ ၆၀၀ ထဲမှ ၂၂၀ ဦးကို လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကော့သောင်းမှ တဆင့် နေရပ်ပြန်ပို့မည်ဖြစ်ပြီး ကျန်ရှိသော ထိန်းသိမ်းခံရသူများကို ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် အသီးသီး ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
ရနောင်းထိန်းသိမ်းရေးစခန်းမှ အလုပ်သမားတဦး “ဘယ်အခေါက်မှာ ပြန်ရမလဲတော့ မသိပါဘူး။ တခေါက်မဟုတ် တခေါက်တော့ ပါမှာပါ။ သက်ကြီးပိုင်းတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို ဦးစားပေးမယ်လို့ ပြောပါတယ်။ အခုလို လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ကျနော်တို့လည်း ဆန္ဒပြချင်လို့ ပြရတာမဟုတ်ဘူး” ဟု ပြောသည်။
၎င်းအနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ခဲ့သည့်အတွက် ထောင်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်သွား သည် မှာ ၃လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသား ၆၀၀ ကျော်သည် အကြောင်းအမျိုးမျိုးဖြင့် ကျခံရသည့် ပြစ်ဒဏ်မှ လွတ်ရက် စေ့သည့်အတွက် နေရပ်ပြန်နိုင်ရန် ရနောင်း လ.ဝ.က ထိန်းသိမ်းရေးစခန်းတွင် ယာယီ ထိန်းသိမ်းခံထားရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသဖြင့် ယာယီစခန်းတွင် လနှင့်ချီ၍ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
ယင်း ယာယီထိန်းသိမ်းရေးစခန်းမှာ ၄ထပ်ဆောင်ဖြစ်ပြီး ၁ထပ်၌ ဌာနဆိုင်ရာများရှိကာ ကျန် ၃ ထပ်တွင် မြန်မာနိုင်ငံ သားများဖြင့် ပြည့်နေပြီး အစားအသောက် ကျွေးမွေးရာတွင် မလောက်မငှဖြစ်ခြင်း၊ ရေနှင့်မီး ပုံမှန် မရရှိခြင်းအပြင် စခန်းတွင်း အရေပြားရောဂါ ဖြစ်ပွားမှုများလည်း ကြုံတွေ့နေရ ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

နေရပ်ပြန်နိုင်ရေး နာမည်စာရင်းတွင် ပါနိုင်ရန်အတွက် ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမား များသည် ဘတ် ၇,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်အထိ ပွဲစားများကို ပေးနေရပြီး ငွေပေးသော်လည်း မပြန်ရသည့်သူများထဲမှ အယောက် ၂၀ ခန့်၏ တိုင်ကြားမှုများကို လက်ခံ ရရှိထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ အချုပ်ခန်းများတွင် မြန်မာနိုင်ငံသားများ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေခြင်းမှာ မိခင်နိုင်ငံတွင် တာဝန်ရှိပြီး မိမိနိုင်ငံသားများကို အချိန်နှင့်တပြေးညီ လက်ခံနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများ မှ ထောက်ပြ ပြောဆိုကြသည်။
အထောက်အထားမဲ့ ဝင်လာသူများကို ထိုင်းနိုင်ငံ ဥပဒေအရ တရားမဝင် ခိုးဝင်မှုဖြင့် ၄၅ ရက် အချုပ်ကျခံစေပြီး ငွေဒဏ် ဘတ် ၈၀၀၀ ချမှတ်ရန် ပြဋ္ဌာန်းထားပြီး အပြစ်ရှိကြောင်း ဝန်ခံပါက ဘတ် ၄ ထောင်သို့ လျော့ချ ကျခံစေကြောင်း သိရသည်။ သို့သော် ကိုဗစ်ကာလတွင်မူ ရောဂါကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်၊ လက်ခံသူအား ထောင်ဒဏ် ၅ နှစ်အထိ ချရန် သတ်မှတ်သော်လည်း ထောင်များ မဆန့်တော့သဖြင့် ထောင် ၁ နှစ်သာ ချမှတ်ခံရကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
You may also like these stories:
ရနောင်း၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၁၆၀ ကျော် စားသောက်ရေး ခက်ခဲနေ
ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်
ထိုင်းတောင်ပိုင်းရှိ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရ