ပို့ကုန်ရငွေထဲမှ ကုန်သည်များ ရောင်းချခွင့်ရှိသည့် ဒေါ်လာရငွေ ၃၅ ရာခိုင်နှုန်းကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များက ပြင်ပပေါက်ဈေးနှင့် အပြိုင်ဝယ်နေသဖြင့် အမေရိကန်ဒေါ်လာဈေး အနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များ နှင့် ငွေကြေးဈေးကွက်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ နောက်ဆုံးပတ်က အမေရိကန် ၁ ဒေါ်လာမှာ ၂၈၄၅ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု ဇန်နဝါရီ လကုန်ပိုင်းတွင် ၁ ဒေါ်လာလျှင် ၂၈၆၀ ကျပ်မှ ၂၈၆၅ ကျပ် ဝန်းကျင်ထိ ဈေးပြန်တက်လာသည်။
စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှင့် ကုန်သည်များထံမှ သိမ်း ယူပြီး ကျန်သည့် ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချနိုင်ကြောင်း ပြီးခဲ့သည့် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ထုတ်ပြန် ထားသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တဦးက “ဘဏ်တွေက ပြင်ပပေါက်ဈေးအတိုင်း ၃၅ ရာခိုင်နှုန်းကို ပေးဝယ်တယ်။ အခု ရက်ပိုင်းမှာ ဘဏ်တွေက အပြိုင်အဆိုင်ဆိုတော့ အပြင်ပေါက်ဈေးထက် ပိုပေးတယ်။ တချို့ကလည်း ပွိုင့်လေးတွေ ပိုပေးပြီး အလုအယက် ဝယ်နေကြတယ်။ ကုန်သွယ်ရေးကတော့ ၁၀၀ ရာခိုင်နှုန်း လွတ်လပ်စွာ လုပ်ခွင့်မရသရွေ့ ကတော့ ခက်ခဲနေအုံးမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ ငွေကြေးဈေးကွက်၌ စစ်ကောင်စီ ထိန်းချုပ်သောဈေးနှင့် ပြင်ပပေါက်ဈေးဟူ၍ နှစ်မျိုးဖြစ်နေပြီး ကုန်သည် များက ဈေးပိုရသည့်နေရာတွင် ကျန်သည့် ၃၅ ရာခိုင်နှုန်းကို ရောင်းသဖြင့် အမေရိကန်ဒေါ်လာငွေ လိုအပ်သော ပြည် တွင်းပုဂ္ဂလိဘဏ်များ အနေဖြင့် ပြင်ပဈေးနှုန်းအတိုင်း တန်းညှိ၍ ဈေးကွက်အတွင်း ဝင်ရောက် ဝယ်ယူလာခြင်း ဖြစ် ကြောင်း ကုန်သည်များက ဆိုသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထိုသို့ ပြည်တွင်းပုဂ္ဂလိကဘဏ်များက ပြင်ပဈေးကွက်နှင့်အပြိုင် ဝယ်သဖြင့် ဒေါ်လာဈေး ပြန်မာလာသလို ထိုင်းဘတ် ငွေဈေးမှာ ၁ ဘတ်လျှင် ၈၇ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေဈေးမှာ ၁ ယွမ်လျှင် ကျပ် ၄၀၀ ကျော်ထိ ရှိနေခြင်းကလည်း အမေရိကန်ဒေါ်လာဈေး ပြန်မာလာခြင်း အကြောင်းအရင်းတခုဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေးလဲလှယ်ရေး ကိုယ်စားလှယ်တဦးက “ထိုင်းဈေး၊ မလေးဈေးတွေ အတက်ပြတော့ နယ်စပ် အလဲအလှယ်နဲ့ဆိုရင် ဒေါ်လာဈေးက အတက်ဘက် ပြန်ရောက်နေတယ်။ နောက်ပြီး ပြည်တွင်းဘဏ်တွေကလည်း ကျနော်တို့ ဈေးကွက်အတိုင်း လိုက်ပြီးတော့ ဝယ်နေတယ်။ သူတို့ ဝယ်တာကတော့ ရိုးရိုးအသုံးအတွက် ဝယ်တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့တပတ်က ၁ ဒေါ်လာ ၂၈၄၅ ကျပ်လောက် ဖြစ်ကတည်းက ဘဏ်တွေက စဝယ်နေတာ။ အဲဒီကနေ အခု ၁ ဒေါ်လာ ၂၈၆၀ ကျပ် ပြန်မာလာတယ်ပေါ့။ ကျနော်တို့ အပြင်ဈေးထက် ပိုပေးဝယ်တယ်။ မနေ့က ၂၈၈၀ ကျပ်နဲ့ ဝယ်တယ်” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ အနေဖြင့် စစ်ကောင်စီ၏ သတ်မှတ်ဒေါ်လာဈေးအတိုင်း ဝယ်ယူရမည် ဖြစ် သော်လည်း ဈေးကွာဟပြီး မကိုက်သဖြင့် ဒေါ်လာငွေ လိုအပ်ချက်ကြောင့် သင်္ဘောသား လစာငွေများကိုပင် ဈေးပိုပေး ဝယ်ယူမည်ဟု ပြီးခဲ့သည့်လများက ကြေညာခဲ့သလို ယခုအချိန်တွင်လည်း ပြင်ပဈေးနှင့်အပြိုင် ဝယ်ယူခြင်းများ ရှိလာ နေကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးက “ဒေါ်လာလိုလာတဲ့ပုံလို့ သိရတယ်။ လိုလည်းလိုမှာပဲလေ။ သွင်းကုန်တွေကို တတ်နိုင်သမျှ ပိတ်ဆို့ထားတယ်။ ဒေါ်လာကို သတ်မှတ်ဈေးတခုနဲ့ ဖြတ်ယူတယ်။ ပထမတုန်းက ၆၅/၃၅ ရာခိုင်နှုန်း သတ်မှတ်တယ်။ အပြင်မှာ ၃၅ ရာခိုင်နှုန်း ရောင်းခိုင်းတယ်။ ဆိုလိုတာက နောက်ဈေးကွက်တခုကိုလည်း တရားဝင် ခွင့်ပြုတဲ့သဘော လုပ်တယ်။ ဒေါ်လာဈေးကိုလည်း နည်းမျိုးစုံနဲ့ ထိန်းချုပ်တယ်။ အဲဒီတော့ သွင်းကုန် အပါအဝင် အထွေထွေ ကုန်ဈေးနှုန်းတွေက ဈေးတက်တယ်။ ပို့ကုန်သမားကျတော့လည်း ဈေးကွက်ကို ကန့်သတ်လိုက်တော့ သိပ်မတင်ပို့နိုင်တော့ဘူး။ အဲဒီတော့ ပို့ကုန်ရငွေကလည်း နည်းသွားတယ်။ ဒါကြောင့် အဆုံးသံသရာလည်လာတာ” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာပြည်၏ ဈေးကွက်မှာ အပြည့်အဝ လည်ပတ်နေသည့်ဈေးကွက် မဟုတ်သည့်အချိန် စစ်ကောင်စီက ထပ်မံ၍ အာဏာဖြင့် ထိန်းချုပ်ကန့်သတ်လိုက်ခြင်းများကြောင့် ပို့ကုန်သမားများမှာ ထင်သလောက် မတင်ပို့နိုင်သလို သွင်းကုန် သမားများမှာလည်း မတင်သွင်းနိုင်သဖြင့် ပို့ကုန်ရငွေ နည်းပါးသွားပြီး နောက်ဆုံး ပြင်ပဈေးကွက်က ပေးသည့်ဈေး အတိုင်း ဘဏ်များကပေး၍ ဝယ်ယူလာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “လွန်ခဲ့တဲ့ရက်ကဆို ပို့ကုန် ပို့ထားပြီးတော့ ငွေမရောက်တဲ့ဟာတွေကို လိုက် ပိုက်ဆံတောင်း တယ်။ အဲဒီတော့ ဘာဖြစ်လဲဆို ထိုင်းနယ်စပ်ဘက် ဘတ်နဲ့ ပို့တဲ့ဟာတွေကို မင်းတို့ကို ၁၀၀ ရာခိုင်နှုန်း ပေးမယ်ဆိုပြီး ရက်နဲ့ ခွင့်ပြုတာတွေဘာတွေ လုပ်တော့ သူတို့ (စစ်ကောင်စီ) နဲ့ ပတ်သက်ရာတွေ ပါတယ်။
သက်ဆိုင်ရာ ဗဟိုဘဏ် တာဝန်၊ ကုန်သွယ်ရေးတာဝန် သွားနေတာ မဟုတ်ဘူး။ ဗဟိုဘဏ်လုပ်ရမှာကို ကုန်သွယ်ရေးကလုပ်။ အဲဒီတော့ ၂၀၂၂ ဧပြီက သူတို့ ထုတ်ထားတဲ့ အမိန့်တွေနဲ့ ဆန့်ကျင်ဘက်ပဲ။ အဲဒီမှာ ဘတ်ဈေးက ၁ ဘတ် ၇၀ ကျပ်ကျော် ကနေပြီးတော့ အခု ၈၇ ကျပ်ထိ ရှိလာတယ်” ဟု ပြောသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို စစ်ကောင်စီက ထိန်းချုပ်ထားသလို နိုင်ငံခြားငွေ လဲလှယ်နှုန်းကိုလည်း ၎င်းတို့ သတ်မှတ်ဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကို ၂၉၀၀ ကျပ်ထက် မကျော်ရန် ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည့်၊ သွင်းကုန်ကို အဓိက အားထားနေရသည့် အတွက်ကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိသည်။
You may also like these stories :
စီးပွားရေးအကျပ်အတည်းအောက် ရင်မောနေရတဲ့ ပြည်သူများ
ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ
စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့စီးပွားရေး ဇောက်ထိုးကျ