နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇ ဆင့် လျှောကျသွားပြီး အဆင့် ၁၅၇ တွင်ရှိကာ အရှေ့တောင်အာရှတွင် အဂတိလိုက်စားမှု အဆိုးဆုံး ကမ္ဘောဒီးယား၏နေရာတွင် ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် အစားထိုး ဝင်ရောက်သွားသည်။
သန့်ရှင်းသော အုပ်ချုပ်ရေးအရ တိုင်းတာပါက စစ်ကောင်စီခေါင်းဆောင်သည့် မြန်မာနိုင်ငံသည် အာရှတွင် မြောက်ကိုရီးယား၏ အထက်တွင်သာ ရှိနေသည်။ စင်ကာပူသည် အဆင့်တဆင့် လျှောကျသော်လည်း ဒေသတွင်းတွင် အသန့်စင်ဆုံးဖြစ်ပြီး စာရင်းမှ နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၅ ရှိကာ ဟောင်ကောင်နှင့် ဂျပန်ထက် အဆင့်မြင့်မားသည်။ ဟောင်ကောင်နှင့်ဂျပန်တို့သည် အဆင့် ၁၂ နှင့် ၁၈ တွင်သာ တည်ငြိမ်နေသည်။
ဗီယက်နမ်သည် အဆင့် ၁၀ ဆင့် တိုးတက်လာပြီး အဆင့် ၇၇ သို့ ရောက်သွားကာ ကမ္ဘာ့အလယ်အလတ် အင်အားကြီးနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေးဗီးယား (အဆင့် ၅၄)၊ တောင်အာဖရိက (အဆင့် ၇၂) နှင့် အိန္ဒိယ (အဆင့် ၈၅) တို့နှင့် နီးစပ်လာသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၂၂ ခုနှစ်အတွက် အဂတိ အညွှန်းကိန်းသည် ကမ္ဘာတဝန်းမှ “အများပြည်သူကဏ္ဍများတွင် အဂတိလိုက်စားမှု” ကို ခြေရာခံ မှတ်တမ်းတင်ပြီး စီးပွားရေးသမားများ၊ ကျွမ်းကျင်သူများ၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် ကဲ့သို့သော ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းများမှ အချက်အလက်မျိုးစုံကို အသုံးပြုသည်။
အညွှန်းကိန်း ထိပ်ဆုံးတွင်ရှိနေသည့် နိုင်ငံများမှာ ထုံးစံအတိုင်း ဒိန်းမတ်၊ ဖင်လန်နှင့် နယူးဇီလန်တို့ ဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီဖြစ်ကာ တောင်ဆူဒန်နှင့် ဆီးရီးယားတို့အောက်တွင် ရှိသည်။ အမေရိကန် ပြည်ထောင်စုက အဆင့် ၂၄ ဖြစ်ပြီး ၎င်းအထက်တွင် ဆေးရှဲလ်၊ ဩစတြီးယားနှင့် ပြင်သစ်တို့ ရှိသည်။
ထိုင်ဝမ် (အဆင့် ၂၅) နှင့် တောင်ကိုရီးယား (တဆင့်တက်လာပြီး အဆင့် ၃၁) တို့သည် အာရှမှ အခြား စွမ်းဆောင်ရည်ကောင်းသော နိုင်ငံများကဲ့သို့ ဖြစ်လာသည်။
အဆင့်ကျသွားသော နိုင်ငံများတွင် မလေးရှား (တဆင့်လျှောကျပြီး အဆင့် ၆၁) နှင့် တရုတ် (တဆင့်လျှောကျပြီး အဆင့် ၆၅) တို့ ပါဝင်သည်။ အောက်ခြေနားကပ်လာသည့် နိုင်ငံများတွင် အင်ဒိုနီးရှား (၁၄ ဆင့် လျှောကျပြီး အဆင့် ၁၁၀)၊ လာအို ( ၂ ဆင့်တက်လာပြီး အဆင့် ၁၂၆)၊ ကမ္ဘောဒီးယား (၁၇ ဆင့်တက်လာပြီး အဆင့် ၁၅၀)၊ မြန်မာ (၁၇ ဆင့်လျှောကျပြီး အဆင့် ၁၅၇) နှင့် မြောက်ကိုရီးယား (၃ ဆင့်တက်လာပြီး နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၁) တို့ ပါဝင်သည်။
ဆယ်စုနှစ်များစွာကြာသည့် စစ်အုပ်ချုပ်ရေးအပြီး ပထမအကြိမ် နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်သည့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပသည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာသည် ကမ္ဘောဒီးယားအောက်သို့ ပထမဆုံး ရောက်သွားခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေးကောင်းလာချိန် ဖြစ်သည်။ မြန်မာသည် ၂၀၁၉ ခုနှစ်က အဆင့် ၁၃၀ ရှိသောကြောင့် ထိုအချိန်နှင့်ယှဉ်လျှင် အဆင့် ၂၀ ကျဆင်းခြင်း ဖြစ်သည်။
“နိုင်ငံတိုင်းသည် မတူညီသည့် အဂတိလိုက်စားမှု စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ယခုနှစ်၏ အညွှန်းကိန်းတွင် ကမ္ဘာတဝန်း ဖြစ်ပေါ်နေသည့် တုံ့ဆိုင်းမှုများကို ပြသနေသည်” ဟု နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က အညွှန်းကိန်းနှင့်အတူ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အခြေခံလွတ်လပ်မှု” သည် သန့်ရှင်းသောအစိုးရ၏ သော့ချက်ဖြစ်ပြီး အမျိုးမျိုးသော အကျပ်အတည်းများက လုံခြုံရေး၊ တည်ငြိမ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ခြိမ်းခြောက်နေသောကြာင့် အမေရိက၊ ဥရောပနှင့် အာဖရိကတို့တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အထူးသဖြင့် တိုက်ခိုက်ခံနေရသည်ဟု ဂျာမနီအခြေစိုက် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ဖော်ပြသည်။
“အလားတူစွာပင် အာရှ ပစိဖိတ် နိုင်ငံအများအပြားတွင် အာဏာရှင်စနစ် ခေါင်းထောင်ထခြင်းသည် လူမှုအဖွဲ့အစည်း၏ လေ့လာစောင့်ကြည့်သည့် လုပ်ငန်းများကို ထိခိုက်စေပြီး ခေါင်းဆောင်အများအပြားသည် စီးပွားရေးနာလန်ထရေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးထက် ဦးစားပေးနေသည်” ဟုလည်း ထိုအဖွဲ့က ဆိုသည်။
ကိုးကား ။ ။ RFA သတင်း Myanmar plunges in latest corruption index, but Vietnam rises
You may also like these stories:
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများ သိမ်းယူရန် စစ်ကောင်စီလုပ်ဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ထောင် ၇ နှစ်စီ ထပ်ချခံရ
နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ