အာဏာသိမ်း၂ နှစ်ပြည့် ယနေ့ပြုလုပ်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် နိုင်ငံအနှံ့ရှိ မြို့အသီးသီးက လူထု ပူးပေါင်း ပါဝင်၍ စစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံကြောင်း ထုတ်ဖော်ပြသခဲ့ရာ ယခု ၄ကြိမ်မြောက်သည့်တိုင် အသံတိတ်သပိတ် ကမ်ပိန်းတိုင်း အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။
ယနေ့ အသံတိတ်သပိတ်ကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်အသီးသီးသာမက ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး၊ မြစ်ကြီးနား၊ ဖားကန့်၊ လွိုင်ကော်၊ မွန်ပြည်နယ်၊ အစရှိသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်၊ ကျေးရွာများပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုရဲညီထက်က “ပြည်သူတွေရဲ့ ပါဝင်မှုကတော့ အားရဖို့ ကောင်း တယ်။ လူထုက အာဏာရှင်ကို အလိုမရှိကြောင်း သက်သေ ထပ်ပြလိုက်တာပဲ။ ပြည်သူတွေက လမ်းမတွေပေါ်က သပိတ်တိုက်ပွဲတွေမှာ မပါဝင်နိုင်ပေမယ့် အခုလို နည်းနာကို ရဲရဲတင်းတင်း ပါဝင်ဖို့က အလွယ်ကူဆုံး နည်းဖြစ်နေ တော့ အင်တိုက်အားတိုက် ပါဝင်တာ” ဟု ပြောသည်။
ပြည်လုံးကျွတ် အသံတိတ်သပိတ် လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အထိ ၅ နာရီကြာ ပြုလုပ်ခြင်း ဖြစ်သည်။
အာဏာသိမ်း ၂ နှစ်ပြည့် ကာလတိုင် မြန်မာပြည်သူများ သွေးမအေးကြောင်း၊ စစ်အုပ်စု၏ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲကို လူထုက လက်မခံကြောင်း၊ စစ်အုပ်စုက လုံးဝ အုပ်ချုပ်ခွင့် မရစေရ ဆိုသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ နေအိမ်၊ ဆိုင်၊ ရုံးအတွင်းမှာပင် နေထိုင်ပြီး အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများက လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် လူစည်ကားရာ ရန်ကုန်မြို့ကြီးတွင်ပင် သပိတ် စတင်မည့် ၁၀ နာရီ နီးလာသည်နှင့်အမျှ ယာဉ်နှင့် လူ အသွားအလာ ကျဲပါးလာပြီး ဂြိုလ်တုမြေပုံတွင်လည်း ရန်ကုန်မြို့ ယာဉ်ကြောများ ရှင်းလင်းနေသည်ကို တွေ့ရသည်။
နံနက်အစောပိုင်းတွင် စည်းကားနေသည့် ပျံကျဈေးများသည်လည်း သပိတ်ချိန်အတွင်း သိမ်းဆည်းသွားသည်ကို တွေ့ရှိရကြောင်း နေ့စဉ် စည်းကားနေသည့် ဗိုလ်ချုပ်ဈေး၊ ယုဇနပလာဇာကဲ့သို့နေရာတွင်ပင် လူအသွားအလာ မရှိ တော့ကြောင်းကို တာမွေမြို့နယ်နေ ပြည်သူတဦးက ဧရာဝတီသို့ ပြောသည်။
“မနက်အစောပိုင်းက ကြိတ်ကြိတ်တိုးပဲ ရပ်ကွက်ထဲမှာ ကမန်းကတန်းနဲ့ ဈေးတွေ ဝယ်ကြတာပေါ့။ မုန့်ပဲသွားရည်စာ တွေ ဝယ်ကြ၊ ပြေးကြလွှားကြပေါ့။ ၁၀ နာရီလောက်ကျတော့ အိမ်ပေါ်က လှမ်းကြည့်လိုက်တာ ထီးတွေတွေ့သေး တော့ မသိမ်းကြဘူးဆိုပြီး ထင်တာ။ တအောင့်လောက် သွားကြည့်တော့ ထီးတချောင်းမှတောင် မတွေ့တော့ဘူး။ လူလည်း မရှိတော့ဘူး။ လမ်းကြီးက ရှင်းနေတာပဲ။ ဟိုတခါ လုပ်တုန်းကလိုပဲ။ အရင်လိုပဲ မလျော့ဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင်လည်း နံနက် ၉ နာရီဝန်းကျင်ခန့်မှ စတင်ကာ မန္တလေးမြို့ရှိ လမ်းများပေါ်တွင် လူနှင့် ယာဉ် အသွားအလာ ရှင်းလင်းနေလျက်ရှိသော်လည်း စစ်တပ်ထောက်ခံပွဲအတွက် လူလိုက်စုနေမှုများ ရှိကြောင်း မန္တလေး မြို့ခံများထံမှ သိရသည်။
မန္တလေးမြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက “တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းယူခဲ့တာ ဒီနေ့က ၂ နှစ်ပြည့် တာပေါ့နော်။ အာဏာရှင်ဆိုတဲ့အတိုင်း ပြည်သူကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ ရွာတွေကိုမီးရှို့တယ်၊ လူငယ်တွေကို ဖမ်းဆီး အကျဉ်းချတယ်။ ဒီလိုမျိုး အရက်စက်ဆုံး နည်းလမ်းတွေနဲ့ လုပ်ခဲ့တာ တောက်လျှောက်ပဲ၊ အဲဒီလို ဖိနှိပ်မှု မျိုးစုံနဲ့ အနိုင်ကျင့်ဗိုလ်ကျနေပေမယ့် အသံတိတ်သပိတ်တွေ လုပ်တိုင်း ပြည်သူတွေ ပူးပေါင်းပါဝင်နေတာက စစ်အာ ဏာရှင်ကို လက်မခံဘူးဆိုတဲ့ ပုံရိပ်တွေပါပဲ၊ ဒါဟာ ပြည်သူရဲ့ အားတွေပါပဲ” ပြောသည်။
အသံတိတ်သပိတ် ပြုလုပ်သည့်နေ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံများက ဆိုင်မဖွင့်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများအပြင် ဆိုင်ဖွင့်ပါမည်ဆိုသော ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းခြင်းများပါ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
ယမန်နှစ် အသံတိတ် သပိတ်ပြုလုပ်စဉ်ကလည်း သပိတ်တွင် ပါဝင်သည့် ဆိုင်ရှင်များနှင့် ပါဝင်ရန် လှုံ့ဆော်သည့် ရန်ကုန်တိုင်းမှ ၄၀ ဦး၊ မန္တလေးတိုင်းမှ ၁၀ ဦး၊ ဧရာဝတီတိုင်း ၄ ဦး၊ တနင်္သာရီတိုင်း ၄ ဦး၊ ရှမ်းပြည်နယ် ၄ ဦး၊ ကရင် ပြည်နယ် ၄ ဦး၊ စစ်ကိုင်းတိုင်း ၃ ဦး၊ မကွေး တိုင်း ၁ ဦးနှင့် ပဲခူးတိုင်းမှ ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့် ထားကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၂၈ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ထုတ်သည့် စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ စစ်ကောင်စီ၏ လုပ်လေ့ရှိသော ဖိနှိပ်မှုများကြောင့် ယခုနှစ် အသံတိတ်သပိတ်တွင် ဆိုင်များ၊ ဈေးများဖွင့်လှစ်၍ တိတ်ဆိတ်ခြင်းကို ပုံစံပြောင်း ဆင်နွှဲရန် နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်များက ကြိုတင်လှုံ့ဆော်ခဲ့ကြသလို သပိတ်ပြုလုပ်ချိန်တွင်လည်း ဈေးဆိုင်များ ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အသံတိတ် သပိတ်တွင် ပူးပေါင်းပါဝင်ကြရန် လှုံ့ဆော်သူ၊ လူမှုကွန်ရက်တွင် ရေးသားသူများကိုပါ ဖမ်းဆီး အရေးယူရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားခြိမ်းခြောက်မှုများရှိကာ စစ်ကောင်စီကလည်း ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်ချန်နယ် ဟန်ငြိမ်းဦးက ဖမ်းဆီးရေး လှုံ့ဆော်ခဲ့သည့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တွင် နေထိုင်သည့် မစိုးရတနာဦးကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ထောင် ၇ နှစ်အထိ ချနိုင် သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မစိုးရတနာဦးသည် ၎င်း၏ Facebook အကောင့်တွင် ယနေ့ပြုလုပ်မည့် အသံတိတ်သပိတ် မအောင်မြင်စေရန် လုပ်ဆောင်နေသည့် စစ်ကောင်စီကို လှောင်ပြောင် ရေးသားခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် စစ်တပ်ကို ထောက်ခံသော လူတစုက ရန်ကုန်မြို့တော်ခန်းမသို့ လမ်းလျှောက်ပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
ကိုရဲညီထက်က “စစ်တပ်က အဖျက်အမှောက်လုပ်ဖို့ သူတို့ ခေါ်ယူထားတဲ့ လူတွေကို ငါးထောင်နေရာမှာ သောင်း ဂဏန်းအထိ ပေးပြီးတော့ လမ်းမတွေ အပေါ်ကို ထွက်ခိုင်းတာတွေလည်း ရှိတယ်။ Silent Strike ဆိုတာ ဒီတော်လှန် ရေးမှာ ပြည်သူတွေ အင်နဲ့အားနဲ့ ပါဝင်နိုင်တဲ့ နည်းနား ဖြစ်နေတော့ ဒီ Silent Strike ကို အဖျက်အမှောင့်တွေ လိုက် လုပ်တာပဲ။ လူထုက စစ်တပ်ရဲ့ အကြောက်တရားနဲ့ ဖိအားပေးမှုတွေကြောင့် လွတ်လွပ်လပ်လပ်နဲ့ တော်လှန်ရေးမှာ မပါဝင်ခဲ့နိုင်တာမျိုးပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်က အန္တရာယ်မပေးနိုင်တဲ့ နည်းနာမျိုးဆိုရင် ပြောင်ပြောင်တင်း တင်း ပါဝင်နိုင်ဖို့က အဆင်သင့် ဖြစ်နေပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လူထုအင်အားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ဖြစ်သည့် Silent Strike ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ၁ ကြိမ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ၁ ကြိမ်နှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ပြည်သူများ၏ သဘောထားကို ထုတ်ဖော်ပြသခဲ့သလို ယခုအကြိမ်ဆိုပါက လေးကြိမ်တိုင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ပြည်သူအများစုက စစ်အာဏာရှင်ကို လက်မခံကြောင်း ထပ်မံ ပြသခဲ့ကြခြင်း ဖြစ်သည်။
You may also like these stories:
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီ နည်းမျိုးစုံ ကြိုးပမ်း
စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးလိုက်ပြန်တဲ့ တတိယအကြိမ် အသံတိတ် သပိတ်