အာဖဂန်နစ္စတန်တွင် အစ္စလမ်မစ် စစ်သွေးကြွအဖြစ် လေ့ကျင့်ထားပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို ဖမ်းမိကြောင်း ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်မှူးတဦးက ဒါကာတွင် ကြေညာသည်။
ဖာခရူလ် အစ္စလမ်သည် ရိုဟင်ဂျာများကို အစွန်းရောက်ဝါဒဖြင့် စည်းရုံးသိမ်းသွင်းရန် ငွေကြေးလှူဒါန်းကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲ မက်ဒ် အဆာဒတ်ဇမင်က မီဒီယာများကို ပြောသည်။
စစ်လက်နက်လေ့ကျင့်ပေးသူ ဖာခရူလ်သည် စခန်းများတွင် စည်းရုံးသိမ်းသွင်းရာ၌ တစုံတရာ အောင်မြင်မှုရကြောင်း ၎င်းကပြောသည်။ ပိတ်ပင်ထားသည့် ဟာကက် အူလ် ဂျီဟတ် အယ်လ် အစ္စလမ်မီ ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အဖွဲ့နှင့် ဆက်သွယ်သောကြောင့် ၎င်း၏ သား အသက် ၂၄ နှစ်အရွယ် ဆိုင်ဖူလ် အစ္စလမ်၊ အသက် ၄၅ နှစ်အရွယ် ဆူရပ်ဇမင်၊ အသက် ၄၆ နှစ်အရွယ် အဗ္ဗဒူလာ အယ် မာမန်၊ အသက် ၂၅ နှစ်အရွယ် ဒင် အစ္စလမ်နှင့် အသက် ၄၆ နှစ်အရွယ် မိုဟာမက် အဗ္ဗဒူလာ အယ် မာမန်တို့ကိုလည်း ဒါကာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။
အယ်လ်ကိုင်ဒါနှင့် ဆက်စပ်သော ထိုအုပ်စုသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက သတ်ဖြတ်တိုက်ခိုက်မှုများ လုပ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအေဂျင်စီများက စွပ်စွဲသည်။
ဖာခရူလ်သည် ၁၉၈၈ ခုနှစ်က ပါကစ္စတန်တွင် အလုပ်လုပ်ရန် သွားရောက်ပြီး ကန်ဒါဟာ ပြည်တွင် တိုက်ခိုက်ရန် နယ်စပ်ဖြတ်ကျော်ခဲ့သည်။ ထို့နောက် အီရန်တွင် ၃ နှစ် နေထိုင်သည်။ ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာကြောင်း အထက်ပါ အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိက ပြောသည်။
အဆာဒတ်ဇမင်က ဖာခရူလ်သည် ကန်ဒါဟာပြည်နယ်မှ ဝေးကွာသောဒေသများတွင် လက်နက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်၊ တာလီဘန်အကြီးအကဲ မိုဟာမက် အိုမာတို့နှင့် တွေ့ဆုံကာ အစောင့်တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
အစွန်းရောက် ဝါဒဖြန့်ချိမှုများနှင့် ဗုံးလုပ်နည်းများဖြန့်ဝေရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဖုန်း ၉ လုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
ဒါကာမြို့တော် တရားသူကြီး မီဟီဒီ ဟက်ဆန်က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထိုလူများကို သုံးရက် ရမန်ထုတ်ပေးခဲ့သည်။
ဖာခရူလ်နှင့် အခြားသူ ငါးဦးက ရဲတပ်ဖွဲ့နှင့်စကားပြောရန် ငြင်းဆန်ကြောင် အဆာဒတ်ဇမင်က ပြောသည်။
ဖာခရူလ်သည် ၁၉၈၀ ပြည့်နှစ်များအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် အော်တိုမက်တစ် သေနတ်များနှင့် ဒုံးကျည်ပစ်လောင်ချာ ပစ်ခတ်ခြင်းတို့ကို လေ့လာခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ရိုဟင်ဂျာများကို မြန်မာသို့ အလျင်အမြန် နေရပ်ပြန်မပို့နိုင်ပါက အကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များကို အစွန်းရောက်ဝါဒသို့ စည်းရုံးသိမ်းသွင်းလိမ့်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇမင် ခန်းက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတိပေးသည်။
“မြန်မာနိုင်ငံသားတွေ ဒီမှာနေတာကြာလာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လုံခြုံရေးစိန်ခေါ်မှု ဖြစ်လာမယ်” ဟုလည်း အဆိုပါဝန်ကြီးက သတင်းထောက်များကို ပြောသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းသည် ဘင်္ဂလားဒေ့ရှ်သို့ မက်သာဖက်တမင်း မှောင်ခိုကူးရာတွင် ပါဝင်ပတ်သက်နေပြီး အချို့က လူ ၁ သန်းကျော်ရှိသော စခန်းများမှ လူမှုအသိုက်အဝန်း ခေါင်းဆောင်များကို သတ်ဖြတ်ကြသည်ဟုလည်း ၎င်းကပြောသည်။
ကော့ဘဇားမှ ကူတူပါလောင်စခန်းအနီး ပစ်ခတ်မှုအပြီး အစွန်းရောက် ဂျမာတူလ် အန်ဆာ ဖီလ် ဟင်ဒယ် ရှာကီရာအဖွဲ့မှ သံသယရှိသူအဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိကြောင်း ဘင်္ဂလားဒေ့ရှ် ရှောင်တခင် တိုက်ခိုက်ရေးတပ် (RAB) က ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ကြေညာသည်။
ထိုအဖွဲ့မှ မာဆန်ဟုလည်း ခေါ်သည့် စစ်ဘက်ခေါင်းဆောင် မာဆူကာ ရာမန် ရန်ဘာနှင့် ဗုံးကျွမ်းကျင်သူ ကွိုင် (ခ) အဘူ ဘာရှာ မရီဒါတို့ကို ဖမ်းမိကြောင်း RAB တပ်ဖွဲ့က ပြောသည်။
မာဆူကာသည် နိုင်ငံတဝန်းမှ လူငယ်များကို စည်းရုံးပြီး စစ်သင်တန်းပေးနေကြောင်း RAB တပ်ဖွဲ့မှ ဥပဒေဆိုင်ရာ ဒါရိုက်တာ ခန်ဒါကာ အယ်လ် မွိုင်က စွပ်စွဲသည်။
“ရိုဟင်ဂျာစခန်းကို ဘာလာလုပ်တာလဲဆိုတာကို ကျနော်တို့ သူ့ကိုမေးရမယ်” ဟု အူခီယာတွင် သတင်းထောက်များကို ၎င်းကပြောသည်။
RAB သည် ပစ္စတိုတလက်၊ လုပ်သေနတ် နှစ်လက်၊ ကျည်ဆံ ၁၁၂ တောင့်နှင့် ငွေများကို ဖမ်းမိခဲ့သည်။
(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Arrests Alleged Islamist Recruiting in Rohingya Camps ကို ဘာသာပြန်သည်။)
You may also like these stories:
ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာဘက် ထွက်ပြေး
ARSA ခေါင်းဆောင်နှင့် အခြားသူများကို ဘင်္ဂလားဒေ့ရှ် အမှုဖွင့်
မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း
မြန်မာနယ်စပ် မူးယစ်ဆေးနှိမ်နှင်းမှုတွင် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိသေဆုံး