အာဏာသိမ်း ကာလ ၂ နှစ်အလွန်တွင် ပြည်သူလူထု၏ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို ချိုးဖောက်ဖိနှိပ်ပြီး လူမှုကွန်ရက် အသုံးပြုသူများအပေါ် ခြိမ်းခြာက် ဖိအားပေးမှုများကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာ နေကြောင်း ဒစ်ဂျစ်တယ်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် ပညာရှင်များက သုံးသပ် ပြောဆိုကြသည်။
စစ်ကောင်စီက အာဏာသိမ်းကာလ ၂ နှစ်အတွင်း အုပ်ချုပ်ရေး ယန္တရားကို ပိုမိုတည်ဆောက်ချဲ့ထွင်ရန် ကြိုးစားလာသည့်နှင့်အတူ ဆိုရှယ်မီဒီယာများပေါ်တွင် ပြည်သူလူထုက လွတ်လပ်စွာ ရေးသားနေသည့် အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆက်စပ်သမျှသော ထင်မြင်ယူဆချက်များကိုပါ တားမြစ်ပိတ်ပင်ရန် အတွက် ကြိုးပမ်းလာမှုများ ရှိလာနေခြင်း ဖြစ်သည်။
ယခင်က လူမှုကွန်ရက် မှ ပို့စ်များနှင့် ပတ်သက်ပြီး တော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူများ၊ ထောက်ပို့ လုပ်နေသူများကိုသာ ဖမ်းဆီးခဲ့ပြီး ယခုအခါ တော်လှန်ရေးနှင့် အနည်းငယ် ဆက်စပ်ပြီး ရေးသားလျင်ပင် ဖမ်းဆီးနေခြင်းက လူထုကို အကြောက်တရား ပိုမို ထည့်သွင်းပေးရန်လည်း ဖြစ်ကြောင်း ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် Access Now မှ မြန်မာပြည်တာဝန်ခံ မဝေဖြိုးမြင့်က ပြောသည်။
မဝေဖြိုးမြင့်က “အခုက မအလ၊ မအလ ရေးရင်တောင်မှ ရေးလိုက်တာ သိရင်ကို ဒါက အကြမ်းဖက်မှု မြောက်တယ်ဆိုတာမျိုး လုပ်လာတာပေါ့။ ရှင်းရှင်းပြောရင် လူထုကို တုပ်တုပ်မှကို မလှုပ်ရဲအောင် မပြောရဲအောင် ဆိုတဲ့ ဟာမျိုး လုပ်လာတဲ့ အနေအထားမျိုးတွေ ကျမတို့ မြင်ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမျိုးသမီးငယ် ၂ ဦးကို ၎င်းတို့၏ လူမှုကွန်ရက်ပေါ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လှောင်ပြောင်၍ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။
ခင်ဖုန်းဇော်(Khinbone Zaw) အကောင့်ဖြင့် အမျိုးသမီးက “မအလသာ အာဏာမသိမ်းခဲ့ရင် ဒီအချိန် ငါ့ဘဝကြီး တအားသာယာနေပြီ” ဟုသာ ရေးသားခဲ့ခြင်း ဖြစ်ပြီး မစိုးရတနာဦး ဆိုသည့် အမျိုးသမီးမှာ စစ်ကောင်စီ၏ အသံတိတ်သပိတ် ကြောက်လန့်နေပုံကို လှောင်ပြောင် ရေးသားခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရေးသားမှုကြောင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွင် မခင်ဖုန်းဇော်၏ နေရပ်လိပ်စာနှင့်တကွ ဖမ်းဆီးအရေးယူရန် ဖော်ပြပြီးနောက် နေပြည်တော်၊ပျဉ်းမနားမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်။
မစိုးရတနာကလည်း “တချို့သော သူတွေများ 1.2.2023 ရက်နေ့ကို ဘယ်လိုတောင် ကြောက်နေလိုက်သလဲနော်။ CCCT ဆိုပြီး ဘာတွေပို့နေတာလဲ၊ နီတို့တွေ အသေကြောက်နေတာလား။ ဟုတ်လား ဘာတဲ့ like ၊ share ၊ comment မလုပ်ရ ဟုတ်လား ရီချင်တာပေါ့ဟာ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်း ဖြစ်ပြီး ၎င်းကိုလည်း စစ်ကောင်စီက လာရောက်ဖမ်းဆီး ခေါ်ဆောင်ကာ ထောင် ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်ကောင်စီက ပြည်သူများကို နမူနာတရပ်အနေဖြင့် ခြိမ်းခြောက်ရန်၊ ဖိအားပေးရန်အတွက် နိုင်ငံရေးသမားများ မဟုတ်သည့် လူငယ်၊ အမျိုးသမီးငယ်များကို ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးအရေးယူ ပြနေခြင်း ဖြစ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသည့် Sisters 2 Sisters အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပေးသည်။
၎င်းက“သိပ်ပြီးတော့ ထင်ရှားမှု မရှိတဲ့ လူငယ်တွေ၊ အမျိုးသမီးငယ်တွေကို ဖမ်းဆီးလိုက်ခြင်းသည် ပြည်သူတွေ အတွက် ဘာဖြစ်လဲဆိုရင် ဒါငါလည်း ဖြစ်သွားနိုင်တယ် ဆိုတဲ့ ခံစားချက်ကို ပေးချင်တာ။ နောက် ဖိုဝါဒ ကြီးစိုးတဲ့ စစ်တပ်ဖြစ်တော့ အမျိုးသမီးငယ်တွေက သူတို့ကို ပြောရဲဆိုရဲ ဖြစ်တယ်ဆိုတာကို လုံးဝ မကျေနပ်ဘူး။ ဒီလိုမျိုး ဖမ်းဆီး အရေးယူမှုရဲ့ နောက်ခံကို ကြည့်မယ်ဆိုရင် သူတို့ တကယ် ကြောက်နေတာ ”ဟုပြောသည်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော အမြင်များကိုဖော်ပြသည့် အမျိုးသမီးများကို စစ်ကောင်စီလိုလားသည့် အွန်လိုင်းအသုံးပြုသူများက ဖမ်းဆီးရန်နှင့် အကြမ်းဖက်ရန်၊ အဓမ္မပြုကျင့်ရန်၊ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်လာကြောင်း Myanmar Witness က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအရ အမျိုးသမီးများအပေါ် နိုင်ငံရေး ပယောဂမကင်းသည့် အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အနည်းဆုံး ၅ ဆ တိုးလာကြောင်း သိရပြီး အခြား နိုင်ငံတကာ လူမှုကွန်ရက်မီဒီယာများနှင့် နှိုင်းယှဉ်လျှင် Telegram တွင် ထိုသို့သော ချိုးဖောက်မှု အဆ ၅၀၀ ပိုမိုများပြားကြောင်း တွေ့ရသည်။
စစ်ကောင်စီအနေဖြင့် လူမှုကွန်ရက် များပေါ်မှ တုန့်ပြန်မှုများ၊ လှုပ်ရှားမှုများ၊ Click to Donate ကဲ့သို့ တော်လှန်ရေးကို ပံ့ပိုးနေသည့် နည်းလမ်းအမျိုးမျိုးတွင် တက်တက်ကြွကြွ ပါဝင်နေခြင်းကို ဖိနှိပ်လိုသည့် သဘောဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း သုံးသပ် ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခံရသည့် ၂ နှစ်ပြည့်တွင်လည်း ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန်နည်းလမ်းများ၊ လှုံ့ဆော်မှုများကို တော်လှန်ရေး အင်အားစုများက လူမှုကွန်ရက်မှ တဆင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့်ပင် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု အမျိုးမျိုးကို ကျော်လွှားကာ အသံတိတ်သပိတ်တွင် ပြည်သူလူထုက နိုင်ငံလုံးကျွတ် ပူးပေါင်းပါဝင်ခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးမှုအချို့ကို တုန့်ပြန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဦးနေဘုန်းလတ်က “ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ်ခွင့် မရအောင် သူတို့ (စစ်ကောင်စီ) ကြောက်ရတဲ့ အရာကို ဖိနှိပ်တဲ့ သဘောလည်းပါတယ်။ စကားတွေ ပြောတာမှာတောင် ငါတို့ကို မထောက်ခံတဲ့ စကား လာမပြောနဲ့ ၊ဘယ်လိုအကြောင်းမှ မကြားချင်ဘူး ဆိုတာမျိုး။ စနစ်တကျကို အစုအဖွဲ့တွေ ဖွဲ့ပြီးတော့ လုပ်နေကြတဲ့ ကိစ္စတွေ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက ကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း အာဏာရှင် ဆန့်ကျင်ရေး အကြောင်းအရာ ရေးသားသူများကို ဖမ်းဆီးရန်အတွက် ရေးသားသူများ၏ အကောင့်များ၊ လိပ်စာများနှင့်တကွ တင်လာသည်ကို နေ့စဉ်ဆိုသလိုလည်း မြင်တွေ့နေရကြောင်း ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသူများက ပြောသည်။
မသဉ္ဇာရွှန်းလဲ့ရည်က “တယ်လီဂရမ်ချန်နယ်မှာ ကိုယ်ပိုင်အချက်အလက်တွေ ဖြန့်ဝေပြီး ဖမ်းပါ ဆီးပါ ဆိုပြီး လှုံ့ဆော်နေတာတွေက နေ့စဉ်နဲ့အမျှ silent strike မတိုင်ခင်ကတည်းက တက်နေတာ။ ကျမတို့ တွေ့ရှိချက်အရဆိုရင် တနေ့တည်းမှာကို ပို့စ် ၅၀ နီးပါးလောက်ရှိတယ်”ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီများက ပြည်သူများကို SMS မှ တဆင့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်သည်ဟု ယခုနှစ်အစမှ စပြီး ပေးပို့ချက်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သို့သော် အဆိုပါ SMS ပေးပို့ချက်များမှာ ကြုံသလို ပေးပို့နေခြင်းဖြစ်ပြီး တဦးတယောက် အား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပေးပို့ခြင်းမျိုး မဟုတ်ကြောင်း လေ့လာသူများက ဆိုသည်။
SMS ကို လက်ခံရရှိခြင်းသည် လက်ခံရရှိသူကို ပစ်မှတ်ထားပေးပို့သည့် သဘောမဟုတ်ဘဲ ခြိမ်းခြောက် အကြောက်တရားသွင်းရန်အတွက် ကြုံသလို ပေးပို့နေခြင်းသာ ဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။
မဝေဖြိုးမြင့်က“သူတို့ SMS ပို့တဲ့ဟာမှာ ကျမတို့ နားလည်တာက Targeted လုပ်တာ မဟုတ်ဘူးလို့ နားလည်တယ်။ သူတို့ အနေနဲ့ကတော့ အထူးသဖြင့် လူထုကို ခြိမ်းခြောက်ချင်တယ်။ အကြောက်တရား ထည့်ချင်တဲ့အတွက် SMS Messaging ကို သုံးလာတယ်လို့ တွေ့ရတယ်”ဟု ပြောသည်။
မည်သို့ပင် ဆိုစေကာမူ တော်လှန်ရေးကို အားဖြစ်သည့် ထင်မြင်ယူဆချက်များ၊ ရပ်တည်ချက်များကို အများနှင့်အတူ ချပြဆွေးနွေးရန် လိုသသကဲ့သို့ပင် စစ်အုပ်စု၏ ဖိအားပေး ခြိမ်းခြောက်ခံရမှုများ လျော့ပါးစေရန်အတွက် မိမိ မည်သူမည်ဝါ ဖြစ်သည်ကို တိတိကျကျ မသိစေရန်အတွက်လည်း ဂရုစိုက်သင့်ကြောင်း ဒစ်ဂျစ်တယ်အရေး လေ့လာသူများက အကြံပြု ပြောဆိုသည်။
စစ်ကောင်စီ၏ စောင့်ကြည့်မှု ယန္တရားမှ ကင်းလွတ်ရန်အတွက် ဒစ်ဂျစ်တယ် လုံခြုံရေး ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန်လိုပြီး မိမိ facebook account အား locked ချထားခြင်း၊ တော်လှန်ရေး စာသားများကို မျှဝေရန်အတွက် အခြားအကောင့် တခုအား အသုံးပြုခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းကဲ့သို့ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် တော်လှန်ရေးဆိုင်ရာ ဒစ်ဂျစ်တယ်လှုပ်ရှားမှုများ ရပ်တန့် မသွားသင့်ဘဲ နာမည်အရင်း၊ အိမ်လိပ်စာ၊ မိသားစုပုံ၊ မိမိပုံများ မဖော်ပြထားသည့် အကောင့်အသစ် ဖွင့်ခြင်းဖြင့် တော်လှန်ရေး လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နိုင်ကြောင်း လေ့လာသူများနှင့် ပညာရှင်များက သုံးသပ် အကြံပြုကြသည်။
You may also like these stories:
စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ
မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ