ရန်ကုန်မှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဝတ်ဆင်သောမျက်နှာဖုံးကြောင့် စပိုင်ဒါမန်းဟု ကျော်ကြားသော လူငယ်တဦးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ တိုက်ပွဲအတွင်း ကျဆုံးသွားသည်။
အသက် ၁၇ နှစ်အရွယ် ရဲဘော် ခန့်သီဟနှင့် Black Wolf Army မှ အခြားအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် ရဲဘော် ပိုင်ကြီး၊ အသက် ၂၇ နှစ်အရွယ် ရဲဘော် ဝင်းစိုးတို့သည် ဘုန်းဘွဲ့ကျေးရွာအနီး တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့သည်။
ရန်ကုန်တွင် ပညာသင်ယူနေသော စပိုင်ဒါမန်းသည် ရွှေဘိုမှ Black Wolf Army သို့ လွန်ခဲ့သောနှစ် ဧပြီလက ဝင်ရောက်ခဲ့သည်။
ထိုမတိုင်မီက သူသည် ရန်ကုန်မှ ပြောက်ကျားတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ဆန္ဒပြပွဲများကို မှတ်တမ်းတင်ရန် ပြည်သူပြည်သား သတင်းသမား (Citizen journalist-CJ) အဖြစ် လုပ်ကိုင်သည်။ သူသည် နွေဦးဓာတ်ပုံ အမည်ရှိ တော်လှန်ရေး လူမှုကွန်ရက် စာမျက်နှာကို တည်ထောင်ပြီး ကိုဗစ်နိုင်တင်းလူနာများသို့ အောက်ဆီဂျင်အိုးများ ဝေမျှပေးရာတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။
စစ်ကောင်စီတပ်များက သူ၏နေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် လှုံ့ဆော်မှုစွဲချက်များကို ရှောင်ရှားရန် ခန့်သီဟ ထွက်ပြေးခဲ့ရသည်။
ထို့နောက် လျှပ်တပြက် ဆန္ဒပြပွဲများတွင် ဆက်လက်ပါဝင်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကြွေကြော်သံများအော်ကာ စစ်ကောင်စီတပ်များက သူ့ကိုမမှတ်မိစေရန် မျက်နှာဖုံး တပ်ဆင်ကြောင်း သူ၏ သူငယ်ချင်းတဦးက ပြောသည်။
“သူ့ရဲ့ တော်လှန်ရေးစိတ်ဓာတ်က ပြင်းထန်တယ်။ ဘယ်ကိုရောက်ရောက် တော်လှန်ရေးမှာ ပါဝင်ချင်တယ်” ဟု ခန့်သီဟ၏ သူငယ်ချင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ခန့်သီဟသည် မည်မျှ ပင်ပန်းနေပြီး အခြေအနေသည် မည်မျှ အန္တရာယ်ကြီးမားစေကာမူ ပြောက်ကျား ဆန္ဒပြပွဲများတွင် ပါဝင်ကြောင်း သူနှင့်အတူ ဆန္ဒပြသူများက ပြောသည်။ လက်နက်ကိုင်တော်လှန်ရေးသို့ ပူးပေါင်းချိန်အထိ ဆန္ဒပြပွဲအားလုံးတွင် သူပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
“စစ်ကောင်စီက အကြမ်းဖက်နေတာတောင် တနေ့ကို ဆန္ဒပြပွဲ သုံးကြိမ်ရှိရင် သုံးကြိမ်လုံးပါဖို့ သူကြိုးစားတယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) မှ ကိုရဲညီထက်က ဧရာဝတီသို့ ပြောသည်။ “သူကျဆုံးတဲ့ သတင်းကို ကြားရလို့ ကျနော်တို့ စိတ်ထိခိုက်ကြတယ်” ဟုလည်း ပြောသည်။
ခန့်သီဟသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကြည့်မြင်တိုင်မြို့နယ်မှ လျှပ်တပြက်ဆန္ဒပြပွဲတခုတွင် ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်ရာတွင် မသေဘဲ လွတ်မြောက်လာသူ ဖြစ်သည်။ ထိုစဉ်က ဆန္ဒပြသူ ငါးဦး သေဆုံးပြီး အခြားသူအများအပြား အပြင်းအထန် ဒဏ်ရာရသည်။
ရန်ကုန်မှ တော်လှန်ရေး အဖွဲ့အစည်း ၁၃ ခုက ရဲဘော် ခန့်သီဟ ကျဆုံးသောကြောင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာကြသည်။
ထိုရဲဘော် သုံးဦး ကျဆုံးခြင်းသည် ခါးသီးသော ဆုံးရှုံးမှုဖြစ်ကြောင်း Black Wolf Army ပြောခွင့်ရသူတဦးက ပြောသည်။
ရဲဘော် ခန့်သီဟသည် စစ်ကိုင်းတိုင်းမှ တိုက်ပွဲများတွင် ပါဝင်ပြီး တိုက်ခိုက်ရေးနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု အထောက်အထားများကို ရယူကာ ရန်ပုံငွေ ကူညီရှာဖွေပေးကြောင်း ၎င်းကပြောသည်။
“သူက ပိန်ပေမယ့် သတ္တိအရမ်းကောင်းတယ်။ စစ်မြေပြင်ကိုသွားဖို့ အမြဲတမ်း စိတ်အားထက်သန်နေတယ်” ဟုလည်း ထိုပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
Black Wolf Army ခေါင်းဆောင်များက ရဲဘော် ခန့်သီဟသည် လွန်စွာ ငယ်ရွယ်လွန်းသောကြောင့် လက်နက်မကိုင်ဘဲ ပညာဆက်လက်သင်ကြားရန် တိုက်တွန်းခဲ့ကြောင်းလည်း သူကပြောသည်။ သို့သော် ခန့်သီဟက တော်လှန်ရေး ပြီးဆုံးမှသာ ပညာဆက်လက်သင်ယူမည်ဟု ပြောခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲတွင် ရဲဘော် ခန့်သီဟသည် တိုက်ပွဲဝင်ရမည့်သူများ စာရင်းတွင် မပါဝင်သော်လည်း ဆန္ဒအလျောက် စစ်မြေပြင်သို့ လိုက်ပါသွားခြင်းဖြစ်သည်။
Yangon Revolution Force (YRF) က ဖန်တီးသည့် ပင့်ကူလူသား ခန့်သီဟ အမှတ်တရ ဗီဒီယို
ရဲဘော် ခန့်သီဟသည် ခြေထောက်တွင် ရရှိသော ဒဏ်ရာမှ သွေးထွက်လွန် ကျဆုံးပြီး ရဲဘော် ပိုင်ကြီးနှင့် ရဲဘော် ဝင်းစိုးတို့သည် ထိမှန်သည့်နေရာတွင်ပင် ကျဆုံးခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား လေးဦးခန့် သေဆုံးသည်ဟုလည်း ဆိုသည်။
ထိုရဲဘော် သုံးဦး ကျဆုံးရခြင်းကို လက်စားချေသည့် အနေဖြင့် Black Wolf Army သည် စစ်ကောင်စီတပ်များကို ဘုန်းဘွဲ့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ခိုက်ခဲ့သည်။
ရဲဘော် ခန့်သီဟသည် ကျဆုံးခါနီးတွင် လက်ချောင်း သုံးချောင်းထောင် အလေးပြုကာ တော်လှန်ရေးသီချင်းတပုဒ် သီဆိုသွားခဲ့ကြောင်း Black Wolf Army က ပြောသည်။
ပြည်သူလူထုသည် တော်လှန်ရေးတွင် တတ်နိုင်သည့် နည်းလမ်းဖြင့် ပါဝင်ရမည်ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှု တခုတွင် ခန့်သီဟက ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့ (YRF) သို့ ယခင်က ပြောကြားခဲ့ဖူးသည်။
“တော်လှန်ရေးသမားတွေနဲ့ မြေပြင်မှာ ဆန္ဒပြပွဲ ဆက်လက်ဆင်နွဲနေသူတွေကို ကူညီကြပါ။ ထောင်ထဲက ကျနော်တို့ရဲဘော်တွေနဲ့ ကျဆုံးခဲ့သူတွေကို မမေ့ကြပါနဲ့။ ခင်များတို့ ပါဝင်ရင် တော်လှန်ရေး သေချာပေါက် အောင်မြင်မယ်။ ဒါကြောင့်မို့ အားလုံးပါဝင်ဖို့ ကျနော်တိုက်တွန်းတယ်” ဟု သူကပြောသည်။
You may also like these stories :
ရဲဘော်ရဲဘက်များအတွက် အသက်စတေးခဲ့သော ခုခံတော်လှန်ရေးသမားများ
စစ်ကိုင်းတိုင်းမှ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် လဝကရုံးများ တိုက်ခိုက်ခံရ
၂၀၂၃ တွင် မြန်မာ့ခုခံတော်လှန်ရေး အရှိန်မြင့်လာ
စစ်ကောင်စီဆန့်ကျင်ရေးသမား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး