အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ၎င်းတို့ စိုးမိုးထားသော နယ်မြေတချို့တွင် အင်တာနက်ရအောင် ဆောင်ရွက် ထားနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်မှ ယမန်နေ့က လုပ်သော Global Town Hall အစီအစဉ်တွင် ထည့်သွင်းပြောသွားသည်။
စစ်ကောင်စီအင်တာနက်ဖြတ်ထားသော ဒေသများထဲမှ အနည်းဆုံး ၁၅ မြို့နယ်တွင် သုံးစွဲနိုင်အောင် ပြုလုပ်ထားပြီး NUG ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် အသုံး ပြုနိုင် မည် ဖြစ်ကြောင်း သိရသည်။
NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အကြမ်းဖက် စစ်ကောင်စီရဲ့ အင်တာနက် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ မသုံးဘဲနဲ့ အင်တာနက်ရရှိဖို့အတွက်ကို ကျနော်တို့ စက်ပစ္စည်းတွေ ထောက်ပံ့ပေးထားနိုင်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အပြည့်အဝ ထောက်ပံ့ပေးနိုင်နေသည့် အခြေအနေ မရှိသေးသော်လည်း NUG ၏ စိုးမိုးနယ်မြေများတွင် အင်တာနက်ရရှိအောင် လုပ်ဆောင်ပေးနိုင်နေပြီဖြစ်ပြီး၊ သတင်းအမှောင်ချခံရမှုနှင့် သတင်း အချက်အလက် စီးဆင်းမှု အစရှိသည့် အခက်အခဲများကို လျှော့ချလာနိုင်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးနေဘုန်းလတ်က ဆက်လက်၍ “ကျနော်တို့ အပြည့်အစုံကြီးတော့ လွှမ်းခြုံနိုင်အောင်တော့ မလုပ်နိုင်သေးပါဘူး။ ပထမ ဦးစားပေးကတော့ တော်လှန်ရေးအတွက်ပေါ့။ ဒုတိယဦးစားပေးကတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ပညာ ရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အင်တာနက် အသုံးပြုနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကျော်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းကတည်းက အင်တာနက် ဖြတ် တောက်ခဲ့ခြင်း ဖြစ်ပြီး၊ တချို့ မြို့နယ်များတွင် အင်တာနက်မြန်နှုန်းထားကို လျှော့ချထားသေးသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ NUG ၏ စိုးမိုးနယ်မြေများဖြစ်သော ကန့်ဘလူ၊ ကောလင်းနှင့် ကသာတို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များသည် NUG က ထောက်ပံ့ထားသော အင်တာနက်ကို အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အဖွဲ့များထံမှ သိရသည်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦး က “အဓိကကတော့ ကာကွယ်ရေး လုပ်ငန်းတွေ အတွက် သတင်းအချက်အလက် စီးဆင်းမှုမှာ အများကြီးအထောက်အပံ့ ဖြစ်လာတယ်။ ကျနော်တို့ NUG ဝန်ကြီးဌာန တွေနဲ့ ပိုပြီး ချိတ်ဆက်ဆောင်ရွက်လာနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
NUG ထောက်ပံ့ပေးသည့် အင်တာနက်လိုင်းကို စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် မရရှိသေးကြောင်း မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အောင်ဆန်းတပ်ဖွဲ့မှ တာဝန်ရှိသူ သခင်ဇင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “မြေပြင်မှာ ကျနော်တို့ သွားလာ လှုပ်ရှားနေတဲ့ မြို့နယ်တော်တော်များများတော့ အဲဒီလို လုပ်ထားနိုင်တာ မတွေ့ရ သေးဘူး။ ဒါကျနော်တို့ သိရသလောက်ပေါ့။ ကျနော်တို့ မသိတဲ့နေရာမှ တပ်ဆင်ပေးထားလား ဆိုတာတော့ ကျနော်တို့ မသိဘူး” ဟု ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုသည် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် ဒေသခံများသည် သတင်းအချက်အလက်ရရှိနိုင်မှု နည်းပါးနေသလို၊ ဆက်သွယ်ရေး ကိစ္စရပ်များအတွက်လည်း အင်တာနက် ရရှိသောနေရာ သို့ နာရီနှင့်ချီ သွားရောက်ရသည့် အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ဝန်းသို၊ ဘုတလင်၊ ပင်လည်ဘူး၊ ကောလင်းအစရှိသော မြို့နယ်များကို အင်တာနက်ဖြတ်တောက်ထားပြီး မုံရွာ၊ စစ်ကိုင်း၊ ကလေး နှင့် ရွှေဘိုမြို့ နယ်တို့ကိုမူ အသုံးပြုခွင့် ရနေ သေးသည်။
မြန်မာနိုင်ငံသည် ကမာ္ဘ့နိုင်ငံများ၌ အချိန်အကြာဆုံး အင်တာနက် ကန့်သတ်ပိတ်ပင်ခံထားရသည့် နိုင်ငံတခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင်လည်း အင်တာနက်ဖြတ်တောက်ထားမှုကြောင့် စီးပွားရေးဆုံးရှုံးမှုတွင် အဆင့် ၄ နေရာတွင်ရှိနေကြောင်း အင် တာနက် လုံခြုံရေးနှင့် VPN သုံးသပ်ရေးဆိုင်ရာ Top10 VPN အဖွဲ့၏ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံသည့် အင်တာနက်ပြတ်တောက်မှုကြောင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ဆုံးရှုံးမှုနိုင်ငံများစာရင်းတွင် အဆင့် ၁ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ၂ ဒသမ ၈ ဘီလီယံအထိ ဆုံးရှုံးခဲ့ကြောင်း ဆိုထားသည်။
You may also like these stories:
လူမှုကွန်ရက် အသုံးပြုသူများကို စစ်ကောင်စီ ပိုမို ခြိမ်းခြောက်လာ
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်
စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI