စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးသည့်နောက် စစ်အာဏာရှင် တိုက်ထုတ်လိုသည့် လူထု လက်နက်ကိုင် တော်လှန်မှုများသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ တိုက်ပွဲများသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကိုပါ လွှမ်းမိုးခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိုပါ ဆိုးဆိုးဝါးဝါးကျဆင်းသွားသည် အထိ ရိုက်ခတ်သွားခဲ့သည်။
တော်လှန်ရေးအင်အားစုများက ထိုလမ်းကြောင်းများမှတဆင့် လက်နက်နှင့် အခြား ဖောက်ခွဲတိုက်ခိုက်ရေး ပစ္စည်းများ နယ်စပ်မှတဆင့် တင်သွင်းမှုများ သိရှိလာပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ရန် ကန့်သတ်လိုက်သည်။ ထိုကန့်သတ်ချက်များသည် ကုန်သွယ်ရေးကိုပါအထိနာခဲ့သည်။
စစ်ကောင်စီ အာဏာ မသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများမှ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၉၃၄ ဒသမ ၅၁၅ သန်း ရှိခဲ့ရာမှ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ်တွင် ဒေါ်လာ ၃၅၆၀ ဒသမ ၉၀၃ သန်း ရှိသောကြောင့် ကုန်သွယ်မှု ဒေါ်လာ ၃၇၃ ဒသမ ၆၁၂ သန်း ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများ အရ သိရသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် ယခင်က မဲဆောက်တွင်ရှိသည့် ကုန်ပစ္စည်းများကို မြဝတီတွင် အချိန်မရွေး ဝယ်ယူ၍ ရသော်လည်း ယခုအခါ ဝယ်၍ မရတော့ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းမှာ နယ်စပ်ကုန်သွယ်ရေးတွင် Export ရှိမှ Import တင်သွင်းခွင့်ရမည်ဆိုသော စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည် တဦးက ပြောသည်။
၎င်းက “ကျနော်ဆို ဓာတ်မြေဩဇာ တင်သွင်းဖို့ ရှိတာ စာရွက်စာတမ်းစုံပြီ။ ဘာကြောင့် သွင်းမရလဲဆိုရင် လိုနေတာက ဘတ် ၄ သိန်းလောက်လိုတယ်။ အဲ့ပမာဏလောက် ကျနော်တို့က အိတ်စပို့မထွက်ထားဘူး။ တခြားသူဆီ သွားဝယ်ပြန်တော့လည်း မရှိဘူး။ အဲ့ဒီတော့ ဒါကြီးက ကြန့်ကြာ နေတာ။ ဒီလိုဖြစ်နေတာတွေက အခု ကုန်သွယ်ရေးမှာ အများကြီးပဲ”ဟု လက်ရှိ ကုန်သွယ်ရေး အခြေအနေကို ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်ရငွေ နှင့် ညီမျှသည့် ပမာဏအတိုင်းသာ သွင်းကုန်ကို တင်သွင်းခွင့်ပေးခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များ ကန့်သတ်ကာ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန) ထောက်ခံချက်များ တောင်းခံလာခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး ငွေပေးချေမှုများကို ဒေါ်လာ (သို့မဟုတ်) ဘတ်ဖြင့်သာ ပေးချေခိုင်းခြင်း၊ ဘဏ်စနစ်ဖြင့်သာ ခွင့်ပြုခြင်းတို့ဖြင့် ကန့်သတ်ထားသည်။
စစ်ကောင်စီကန့်သတ်မှုများအပြင် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ လမ်းတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် လမ်းခရီးတွင် ကြန့်ကြာနှောင့်နှေးခြင်း၊ နယ်မြေ လုံခြုံမှု မရှိခြင်း၊ လမ်းခရီးတလျှောက် ပေးဆောင်ရသည့် အခွန်အခ များပြားခြင်းစသည့် အခက်အခဲများ ဖြစ်ပေါ်နေရပြီး ထိုကဲ့သို့သော အခြေအနေအရပ်ရပ်တို့ကြောင့် ကုန်သွယ်ရေး ကျဆင်းနေခြင်း ဖြစ်ကြောင်း အထက်ပါ ကုန်သည်က သုံးသပ်ပြောဆိုသည်။
၎င်းက “ကုန်သည်ကတော့ ကုန်သည်အလုပ် လုပ်ရတာပဲလေ။ တိုက်ပွဲဖြစ်ရင် ရောက်တဲ့နေရာ ရပ်၊ တိုက်ပွဲပြီးရင် ဆက်သွား အဲ့လိုတော့ လုပ်ရတာပဲ။ အခုကာလမှာက အရင်းအနှီးလည်း ကြီးတယ်။ ဒါပေမယ့်လည်း မရ ရတဲ့နည်းနဲ့တော့ လုပ်နေကြတာပဲ”ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက တနင်္သာရီတိုင်း၊ ထားဝယ်- ထီးခီး လမ်းပိုင်းရှိ အချက်အချာကျသည့် ပကာရီ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးသည့် နောက်ပိုင်းမှစကာ စစ်ကောင်စီဘက်မှ ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် (မြန်မာဘက်ခြမ်း) ကို ပိတ်ထားသည်မှာ ယနေ့ အထိ ဖြစ်သည်။
အဆိုပါ ထီးခီးကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ဖူနန်ပရွမ်ရွာနှင့် နယ်နိမိတ် ထိစပ်ပြီး ယင်း ကုန်သွယ်ရေးစခန်း မှ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့်တို့ကို တင်ပို့ကာ မြန်မာဘက်သို့ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန် ပစ္စည်းများကို ပုံမှန် တင်သွင်းနေခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းရှိ နယ်စပ်ကုန်သည်ကြီး တဦးက “ထီးခီးကလည်း လက်ရှိ မဖွင့်သေးဘူး။ ကုန်သွယ်ရေးထိခိုက်မှုရှိလား ဆိုရင်တော့ လုံးလုံးပိတ်ထားတော့ အသွားအလာက မရှိတော့ဘူး။ တချို့ကလည်း မောတောင် ကော့သောင်းဘက် သွားတာတွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ထီးခီးနယ်စပ်ကုန်သွယ်ရေးတွင် အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ဒေါ်လာ ၂၀၅၀ ဒသမ ၉၇၉ သန်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၆၉၁ ဒသမ ၅၁၉ သန်း၊ ၂၀၂၁-၂၀၂၂ တွင် ၁၀၈၄ ဒသမ ၈၀၄ သန်းနှင့် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ ၁၇၄၁ ဒသမ ၄၃၆ သန်း ကုန်သွယ်မှု ပြုလုပ်ထားသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနက ဖော်ပြထားသည်။
ယင်းကဲ့သို့ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားသော်လည်း ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်း ဖော်ပြနေခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မီးဖိုဆောင်သုံးဂက်စ် တင်သွင်းရောင်းချမှုကို အဆိုပါဂိတ်၏ ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်နိုင်ကြောင်း နယ်စပ် ကုန်သည်က ပြောသည်။
၎င်းက “Gas တွေ ဘာတွေလည်း သူတို့ ထီးခီးကပဲ စာရင်းတင်တာ တူတယ်။ တခါ ကျနော်တို့ သိရတာတော့ ထီးခီးစခန်းက Gas ရောင်းရတဲ့ငွေကို စာရင်းမှာထည့်တာ။ သေချာတော့ မပြောတတ်ဘူးဗျ။ မောတောင်တို့ ကော့သောင်းတို့လဲ အရင်ထက်တော့ ကုန်စည်စီးဆင်းမှုက အသွား အလာ နည်းသွားတယ်။ အခုကတော့ ကုန်သွယ်ရေးက မျှော်လင့်စရာမရှိဘူး။ ကုန်သွယ်ရေး က နဂိုလိုဖြစ်ဖို့ မမှန်းနိုင်ဘူး။ လုံခြုံရေးကလည်း သွားသတိ လာသတိ လုပ်နေရတယ် ”ဟု လက်ရှိအခြေအနေကို ပြောသည်။
ထို့အတူ မောတောနယ်စပ် ကုန်သွယ်ရေးမှာလည်း ယခု ဘဏ္ဏာနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ကုန်သွယ်မှုမှာ ဒေါ်လာ ၇ ဒသမ ၇၈၃ သန်းသာရှိပြီး မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ ကုန်သွယ်မှုစာရင်း ဖော်ပြနိုင်ခြင်း မရှိပေ။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နှင့် မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းများရှိပြီး လက်ရှိတွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နှင့် မောတောင်စခန်းများတွင်သာ ကုန်သွယ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကုန်ပစ္စည်းတင်သွင်းရာတွင် ဓာတ်မြေဩဇာ၊ စားသောက်ကုန်ကဲ့သို့သော ကုန်စည်များ တင်သွင်းခြင်းကို ပိုမိုတင်းကျပ်ထားပြီး လက်ရှိတွင် မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်များကို တင်သွင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။
ထို့ပြင် ယခုလမှစ၍ နယ်စပ်ကုန်သွယ်ရေးတွင် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုအတွက် သယ်ဆောင်ခွင့်( QR code)ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပို့ကုန်ယာဉ်များသည် လမ်းတလျှောက်ရှိ ကုန်စည်စစ်ဆေးရေးဂိတ်များတွင် အဆိုပါ QR Code ကိုပြသရမည်ဖြစ်ပြီး ယင်း QR Code မပါ ပါက ဆက်လက်ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်း၊ အဆိုပါစနစ်ကို စမ်းသပ်ကာလအဖြစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်နေ့အထိ မြဝတီ၊မူဆယ်၊ ချင်းရွှေဟော်ဂိတ်များတွင် အသုံးပြုနေကြောင်း သိရသည်။
ယခင်က ကုန်စည်တင်သွင်းရာတွင် အခွန်ဆောင်ပြီးမှ ကုန်ပစ္စည်းများကို စိစစ်ခြင်း ဖြစ်သော်လည်း ယခုအခါ ကုန်ပစ္စည်းစာရင်းကို အရင်တင်ပြကာ မျှောစာ( QR Code)ရမှသာ ကုန်သွယ်ခွင့် ရမည်ဖြစ်သည်။
အာဏာမသိမ်းမီ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလကပင် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဖြစ်သော မြဝတီနယ်စပ် ကုန်သွယ်ရေးမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ CMP (လက်ခစားစနစ်) သုံးကုန်ကြမ်း ပစ္စည်းများ အစရှိသည်တို့ကို တင်သွင်းပြီး မြန်မာဘက်မှလည်း လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ပြောင်း အစရှိသည့် ကုန်စည်များကို တင်ပို့မှုများ ရှိခဲ့သည်။
You may also like these stories:
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ