အမည်ဆိုးကျော်ကြားသည့် လက်နက်မှောင်ခိုတဦး ပိုင်ဆိုင်ပြီး အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားသည့် ထူးအုပ်စုကို စစ်ကောင်စီက အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်းတန်ဖိုးရှိ စားအုန်းဆီများ လစဉ် တင်သွင်းခွင့်ပြုလိုက်ကြောင်း စားအုန်းဆီလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
မြန်မာစစ်တပ်သို့ လက်နက်ထောက်ပံ့နေသောကြောင့် လွန်ခဲ့သောနှစ်တွင် အမေရိကန် ပြည်ထောင်စုက အရေးယူထားသည့် စစ်တပ်ခရိုနီ ဦးတေဇက ထူးကုမ္ပဏီများအုပ်စုကို ပိုင်ဆိုင်သည်။ ထိုကုမ္ပဏီများအုပ်စုကို အမေရိကန် ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူထားသည့် သူ၏သားများက လက်ရှိအချိန်တွင် ဦးဆောင်နေသည်။
အထက်ပါလုပ်ငန်းစုမှ ထူးကုန်သွယ်ရေးကုမ္ပဏီသည် လွန်ခဲ့သောလမှ စတင်ပြီး စားအုန်းဆီ တင်သွင်းနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အတည်ပြုသည်။
စစ်ကောင်စီက ထိုကုမ္ပဏီကို စားအုန်းဆီ အနည်းဆုံး တန် ၁၅,၀၀၀ လစဉ် တင်သွင်းခွင့် ပြုခဲ့ပြီး အခြားတင်သွင်းသူများကို ကန့်သတ်ချက်များ ချမှတ်ခဲ့ကြောင်း ရန်ကုန်မှ စားအုန်းဆီ ကုန်သည်တဦးက ပြောသည်။
အခြားတင်သွင်းသူများအတွက် ကန့်သတ်ချက်များတွင် တင်သွင်းခွင့် ပမာဏနှင့် လက်ရှိ သိုလှောင်ထားသည့် စားအုန်းဆီ ရောင်းချခွင့်ကို ကန့်သတ်ခြင်းလည်း ပါဝင်သည်။
တင်သွင်းသူများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကန့်သတ်ထားသော နိုင်ငံခြားသုံးအရန်ငွေနှင့် ပတ်သက်သည့် ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။
စားအုန်းဆီကို စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စီမံခန့်ခွဲနေသည်။
စားအုန်းဆီလက်ကျန် လျော့နည်းလာသောကြောင့် လွန်ခဲ့သော နှစ်လယ်မှစတင်ပြီး မြန်မာပြည်သူများသည် စားအုန်းဆီ ဈေးနှုန်းမြင့်မားမှုကို ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ၏ စာရင်းများအရ ပုဂ္ဂလိက ကဏ္ဍတွင် စားအုန်းဆီ ၁၈၀,၀၀၀ တန်သာ ရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဈေးကွက်အတွင်းသို့ စားအုန်းဆီဖြန့်ချိသည့် ပမာဏကိုလည်း ကန့်သတ်လိုက်ပြီး စားအုန်းဆီ တင်သွင်းမှုနှင့်ဖြန့်ချိမှုတွင် ကုန်သည်များအတွက် အခက်အခဲများ ပိုမိုဖြစ်စေခဲ့ကြောင်း သိရသည်။
“စီးပွားရေးက လက်ဝါးကြီးအုပ်စနစ်ကို ပြန်သွားနေပြီ။ အခု ပွင့်လင်းမြင်သာမှုတို့၊ တရားမျှတစွာ ယှဉ်ပြိုင်မှုတို့ မရှိတော့ဘူး။ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဈေးကွက်ကို ချယ်လှယ်နိုင်တယ်” ဟု စားအုန်းဆီ ကုန်သည်တဦးက ပြောသည်။
အာဏာသိမ်းပြီး နှစ်လခန့်ကြာသောအခါ စစ်ကောင်စီသည် နိုင်ငံခြားငွေ လိုငွေပြမှုကို ထိန်းချုပ်ရန် စားအုန်းဆီနှင့် အခြားကုန်စည်များ တင်သွင်းမှုကို ထိန်းချုပ်လိုက်သည်။
“အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စားအုန်းဆီတင်သွင်းခွင့်ကို လျှော့ချလိုက်တယ်။ အရင်က လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရှိပေမယ့် အခုတော့ တန်ချိန် ၅,၀၀၀ ပဲ ကန့်သတ်လိုက်တယ်။ ဒါကြောင့် တင်သွင်းသူတွေက ပိုမိုကျဉ်းမြောင်းတဲ့ဈေးကွက်မှာ ယှဉ်ပြိုင်လာရတယ်” ဟု ဆီကုန်သည်တဦးက ပြောသည်။
စစ်ကောင်စီသည် ထူးကုန်သွယ်ရေး ကုမ္ပဏီကို လစဉ် စားအုန်းဆီတန်ချိန် ၁၅,၀၀၀ တင်သွင်းရန် အခွင့်ထူးပေးပြီး အခြားကုန်သည် ရာပေါင်းများစွာအတွက် ပိုမိုကျဉ်းမြောင်းသော ဈေးကွက်တွင် ရုန်းကန်ရအောင် လုပ်လိုက်ကြောင်း ၎င်းကရှင်းပြသည်။
တင်သွင်း ဖြန့်ချိမှုကို စစ်ကောင်စီက ထိန်းချုပ်လိုက်သောကြောင့် စားအုန်းဆီဈေးသည် လွန်ခဲ့သောနှစ် ဇူလိုင်လက တပိသာလျှင် ၇,၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။
ပြည်တွင်းစားသုံးဆီ စားသုံးမှုမှာ တနှစ်လျှင် တန်ချိန် ၁ သန်းခန့် ရှိသည်။ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် လေးသိန်းခန့်သာ ရှိသည်။ ပြည်တွင်းဈေးကွက်တွင် ဆီဖူလုံမှုရရှိရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းလျက်ရှိသည်။
စစ်အာဏာသိမ်းပြီး တနှစ်ကြာသော၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးသည် စစ်ကောင်စီခရိုနီ ဦးတေဇနှင့် သူ၏ သားနှစ်ယောက်ဖြစ်သော ကိုပြည့်ဖြိုးတေဇနှင့် ကိုထူးထက်တေဇတို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သည်။ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဦးတေဇ၏ သမီး မထူးထွေးတေဇအပေါ် အရေးယူပိတ်ဆို့မှု ချမှတ်သည်။
၂၀၂၁ ခုနှစ်၊ မေလတွင် ဦးတေဇသည် စစ်ကောင်စီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အခြား အဆင့်မြင့်ခေါင်းဆောင်များနှင့်အတူ ရုရှားသို့သွားပြီး စစ်လက်နက်ပစ္စည်းများ ဝယ်ယူသည်။
ယခင်စစ်အုပ်စုခေတ်က ဦးတေဇ၏ ထူးကုန်သွယ်ရေး ကုမ္ပဏီသည် သစ်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေတည်ဆောက်ရေး၊ စားအုန်းဆီ ထုတ်လုပ်ရေးနှင့် စစ်လက်နက်ရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ကိုင်သည်။
စစ်ကောင်စီခရိုနီ ဦးတေဇသည် ယခင်စစ်အုပ်စုဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သို့ သူ၏ကုမ္ပဏီဖြစ်သော Myanmar Avia Export မှ လေယာဉ်အစိတ်အပိုင်းများ ပေးသွင်းသည့် လုပ်ငန်းကို မတိုးချဲ့မီက သစ်လုပ်ငန်းလုပ်ကိုင်သည်။ ထိုကုမ္ပဏီသည် Russia’s Export Military Industrial Group (MAPO) နှင့် ရုရှား ရဟတ်ယာဉ် ကုမ္ပဏီ Rostvertol ၏ မြန်မာနိုင်ငံဆိုင်ရာ တဦးတည်းကိုယ်စားလှယ် ဖြစ်သည်။
စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်များဝယ်ယူခြင်း အပါအဝင် စစ်ကောင်စီကို အထောက်အပံ့ ပေးသောကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးတေဇကို အထူးသတ်မှတ်ထားသော နိုင်ငံသားများစာရင်း (SDNs) တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်းအရေးယူခဲ့ကြောင်း ထိုစဉ်ကထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။ ဝါရှင်တန်၏ အရေးယူမှုကို ၂၀၀၇ ခုနှစ်တွင် ပေါက်ကြားလာသည့် အမေရိကန် သံတမန်ရေး ကြေးနန်းတွင် ပိုမိုအသေးစိတ် ဖော်ပြထားပြီး သူသည် လက်နက်ခဲယမ်းများ၊ အထောက်အပံ့များ၊ MI-17 ရဟတ်ယာဉ်များနှင့် MiG-29 ဂျက်တိုက်လေယာဉ်များ ရောင်းချရာမှ ကော်မရှင် အမြောက်အမြားရရှိကြောင်း ဖော်ပြထားသည်။
ဦးတေဇက ရုရှားလုပ် Mi-17 ရဟတ်ယာဉ်များ ရောင်းချခြင်းကို ဝန်ခံပြီး မြန်မာစစ်တပ်သို့ ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများ ပေးသွင်းရန် ကန်ထရိုက်ကို ဆက်လက်လုပ်ကိုင်နေသည်။
You may also like these stories:
အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး
စစ်ကောင်စီ လွတ်လပ်ရေးနေ့ပါတီပွဲသို့ ခရိုနီများတက်ရောက်
မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး
မြန်မာလေတပ်ဦးစီးချုပ် ရုရှားသွားရောက်