ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့မြောက်ဘက်ရှိ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်စီးစဉ်က ဒေသခံများအား လူသားဒိုင်း အဖြစ် အသုံးပြုသည်ဆိုသော စွပ်စွဲချက်များမှာ မမှန်ကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
ဂျာယန်ပြည်သူ့စစ်မှ ဒေသခံ တအောင်းလူမျိုးများကို လူသစ်စုဆောင်းသဖြင့် မိသားစုဝင်များက TNLA ထံတိုင်ကြား လာသောကြောင့် ဖေဖေါ်ဝါရီ ၄ရက်က TNLA တပ်မဟာ ၇ မှ အင်အား ၅၀၀ ကျော်ဖြင့် ဂျာယန်ရွာရှိ ပြည်သူ့စစ်စခန်း ကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဂျာယန်ပြည်သူ့စစ်စခန်း စီးနင်းမှုတွင် ဒေသခံများကို ရှေ့မှတင်ကာ လူသားဒိုင်းအဖြစ် အသုံးချသဖြင့် ဂျာယန် ပြည်သူ့စစ်က ပစ်ခတ်ခြင်း မရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း Facebook လူမှုကွန်ရက် တွင် ရေးသားမှုများ ရှိနေသည်။
TNLA ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က “ကျနော်တို့ သွားကယ်တဲ့အချိန်မှာ ဘယ်သူမှ မပါဘူး။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေပဲ ပါတယ်။ ကလေးမိဘတွေ ကိုလည်း ခေါ်သွားတာ မရှိပါဘူး။ စွပ်စွဲချက်တွေက မမှန်ကန် ပါဘူး” ဟု ဆိုသည်။
ဂျာယန်ပြည်သူ့စစ်သည် ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၄ မှ ခွဲထွက်လာသော ဦးမထုနော် ဦးဆောင် သည့် ကချင် တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေး တပ်မတော် (KDA) လက်အောက်ခံ ပြည်သူ့စစ် ၉ ဖွဲ့ထဲမှ တဖွဲ့ ဖြစ်သည်။
ဂျာယန်ပြည်သူ့စစ်သည် စစ်ကောင်စီ၏ လက်အောက်ခံဖြစ်ပြီး ပလောင် (တအန်း) လူမျိုး ၁၂၇ ဦးကို တပ်သားအဖြစ် စုဆောင်းသွားခြင်းဖြစ်ကြောင်း၊ ဂျာယန်ပြည်သူ့စစ်က ခေါ်ဆောင်သွားသည့် ပလောင်လူမျိုးများထဲတွင် အမျိုးသမီး များနှင့် အသက်မပြည့်သေးသော ကလေးငယ်များ ပါဝင်ကြောင်း ရှင်းပြသည်။
၎င်းက “ဖမ်းဆီးခံရတဲ့သူတွေက တချို့ကတော့ ၁ လကျော်၊ တချို့ကတော့ ၃၊ ၄ လကျော်လောက်ရှိပြီပေါ့။ အများစုက တော့ ဂျာယန်၊ နမ့်မုံး၊ မန်ကောင်းကျေးရွာက ကလေးတွေ ဖြစ်တယ်။ မိန်းကလေးတွေလည်းပါတယ်။ မိန်းကလေး က ၁၅ ယောက်လောက် ပါတယ်။ ၉၀ လောက်ကတော့ အသက်ပြည့်ပြီးပြီပေါ့။ အသက်မပြည့်သေးတဲ့ ကလေးတွေ လည်း ပါပါတယ်” ဟု ဆိုသည်။
အဆိုပါ စခန်းအား TNLA က စီးနင်းခဲ့စဉ်တွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ကလေးငယ်များကို မိဘများထံ အပ်နှံရေး လုပ်ဆောင်နေကြောင်း TNLA ဘက်က ဆိုသည်။
လားရှိုးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတခုမှ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးကမူ TNLA တပ်ဖွဲ့ဝင်များသည် ဂျာယန်ရွာမှ ဒေသခံအမျိုးသမီးများကို လူသားဒိုင်းအဖြစ်သုံးကာ ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းခဲ့ကြောင်း ပြောသည်။
၎င်းက “သူတို့က ကျေးရွာက အရပ်သားတွေကို ခြိမ်းခြောက်ပြီး ဆွဲခေါ်ပြီးမှ ကလေးတွေရော အမျိုးသမီးတွေရော ပါ တယ်။ သူတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့မှ KDA တပ်မဟာ၂ (ဂျာယန် ပြည်သူ့စစ်) ရဲ့ စခန်းထဲကို လူသား ဒိုင်းအဖြစ် သုံးပြီး ထိုးဝင်သွားတာ။ ဟိုဘက်ကလည်း ပြန်လည် ပစ်ခတ်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ရောက်သွားတော့ ဟိုဘက်က လက်နက်ချလိုက်တာ” ဟု ဆိုသည်။
ယင်းနောက် TNLA သည် ဂျာယန်ပြည်သူ့စစ်စခန်းထဲမှ ပလောင်လူမျိုးများကို ခေါ်ဆောင်ကာ နမ့်ဆန်မြို့နယ်ဘက် ခေါ်ဆောင်သွားကြောင်း အဆိုပါ အမည်မဖော်လိုသူက ပြောသည်။
၎င်းက “အဲဒီ တအာင်း (တအန်း) မျိုးနွယ်စုတွေကို နမ့်ဆန်ဘက်ကို သယ်ဆောင်သွားတယ်လို့ ကျနော်တို့ သတင်း ရပါတယ်။ သူတို့ ခေါ်ဆောင်သွားတဲ့ တအာင်းလူမျိုး KDA တပ်ဖွဲ့ဝင်တွေထဲက လမ်းမှာ ထွက်ပြေး လွတ်မြောက်လာ တာတွေလည်း ရှိတယ်” ဟု ရှင်းပြသည်။
လားရှိုးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတခုမှ သတင်းရင်းမြစ်တဦးက ဒေသခံများကို TNLA တပ်ဖွဲ့ဝင်များက လူသားဒိုင်း အဖြစ် သုံးကာ ဂျာယန်ပြည်သူ့စစ်စခန်းထဲ စီးနင်းခဲ့သည်မှာ မဖြစ်သင့်ကြောင်း၊ ယင်းလုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် ဖောက်ဖျက်မှုသာ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ အခြားသော သတင်းရင်းမြစ်များကလည်း ဂျာယန်ပြည်သူ့စစ်စခန်း စီးနင်းခံရမှုဖြစ်စဉ်တွင် ကချင်နှင့် ပလောင်တိုင်းရင်းသားများကြား အငြင်းပွား စွပ်စွဲမှုများဖြစ်နေပြီး အပြန်အလှန် စွပ်စွဲမှုများနှင့်ပတ်သက်၍ အမှန်အမှား ပြောရန်ခက်သည့် အခြေအနေ ဖြစ်နေကြောင်း ဆိုသည်။
သို့သော်လည်း စွပ်စွဲငြင်းခုံမှုများသည် လူမျိုးရေး ပဋိပက္ခအဖြစ် ကျယ်ပြန့်လာနိုင်ဖွယ်မရှိကြောင်း အဆိုပါဒေသမှ သတင်းရင်းမြစ်တဦးက သုံးသပ်ပြောဆိုသည်။
“ဂျာယန်စခန်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖြစ်တဲ့အတွက် ကချင်တွေနဲ့ ပလောင်တွေအကြား ပဋိပက္ခဖြစ်တဲ့အထိတော့ ပြဿနာ မကြီးနိုင်ပါဘူး။ KIA နဲ့ ဖြစ်ရင်တော့ ပြဿနာ ကြီးကောင်းကြီးနိုင်တာပေါ့။ လော လောဆယ်တော့ KIA နဲ့ TNLA ကြားကြီးကြီးမားမား ပြဿနာတော့ မတွေ့ရပါဘူး” ဟု ၎င်းကဆိုသည်။
TNLA ၏ ထုတ်ပြန်ချက်တွင်မူ ဂျာယန်ပြည်သူ့စစ် ခေါ်ဆောင်သွားသည့် တအန်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ ကြောင်း၊ ထိုအထဲတွင် ကျောင်းနေရွယ်ကလေးများနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
တိုက်ပွဲကြောင့် ရွှေပြည်အေး မြို့လုံးကျွတ် ထွက်ပြေး