၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တီး ကပ်ရောဂါတို့ကြောင့် မြန်မာ့ပန်းချီဈေးကွက်သည် ရုန်းကန်နေရသော်လည်း ၂၀၂၂ ခုနှစ်၏ နောက်ဆုံးလများတွင် မကြာခဏဆိုသလို ပန်းချီပြပွဲများကို မြင်တွေ့ခဲ့ရသည်။ ထို့အတူ ပန်းချီကားအတု အမြောက်အမြားလည်း နိုင်ငံအတွင်း ထပ်မံပေါ်ပေါက် ပျံ့နှံ့စေခဲ့သည်။
နာမည်ကြီး အနုပညာရှင်များ၏ လက်ရာ အတုအပ တော်တော်များများက ဈေးကွက်ကို လွှမ်းမိုးလာခဲ့သည်။ အတုလုပ်ခံထားရသော နာမည်ကြီး အနုပညာရှင်တွေထဲ ဝင်းဖေ၊ ကြီးမြင့်စော၊ ရာဟုလာ၊ ငြိမ်းချမ်းဆု၊ ဝင်းဖေမြင့်တို့အပြင် ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြိုက်ဆုံး ရေဆေးပန်းချီဆရာ မန္တလေးက ဦးမာလာလည်း ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးမာလာ၏ ပန်းချီပြပွဲကို ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပန်းချီဆရာများ၏ ပန်းချီကား အစစ်များသည် လက်ရှိပေါက်ဈေးအရ ငွေလဲနှုန်းတွင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ကြား သို့မဟုတ် အမေရိကန်ဒေါ်လာ ၅၂၀၀ မှ ၇၀၀၀ ဝန်းကျင် ရှိသည်။ ပန်းချီကားအတုများသည်လည်း ဈေးနှုန်းအတူတူပင် ဖြစ်ကြောင်း ဧရာဝတီက လေ့လာသိရှိရသည်။
၂၀၂၁ ခုနှစ်က ကိုဗစ်နိုင်တီးဖြင့် ကွယ်လွန်ခဲ့သော ဦးမာလာ၏ ဆွေမျိုးများက ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပန်းချီဆရာ၏ လက်ရာများကို သီးသန့်စုဆောင်းသူများအား ရန်ကုန်မြို့သို့ ဖိတ်ကြားကာ ပန်းချီကားများ၏ စစ်မှန်မှုကို ပုံဖော်ရန် ပန်းချီကားများတွင် ကုဒ်နှင့် ၎င်းတို့၏ လက်မှတ်များကို ထည့်သွင်းခဲ့သည်။ မိသားစုဝင်များသည် ဦးမာလာ၏ လက်ရာများအား အတုလုပ်သူများကို တရားဥပဒေအရ အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။
အလားတူ မန္တလေးမြို့မှ ကွယ်လွန်သူ ခေတ်သစ်ပန်းချီဆရာ ရာဟုလာ၏ ဆွေမျိုးသားချင်းများကလည်း ပန်းချီကား စုဆောင်းသူများကို အတုအပများ ပျံ့နှံ့နေကြောင်း သတိပေးထားသည်။

အသက် ၈၆ နှစ်ရှိ မော်ဒန်ပန်းချီဆရာကြီး ဦးဝင်းဖေကလည်း အာဏာမသိမ်းမီကပင် သူ၏ လက်ရာကို အတုမလုပ်ရန် ဆိုရှယ်မီဒီယာမှ တဆင့် သတိပေးခဲ့သည်။ “မင်းကြိုက်ရင် ငါ့ပန်းချီကားတွေကို ကူးယူနိုင်တယ်၊ ဒါပေမယ့် ငါ့ရဲ့လက်မှတ်ကို အတုမထိုးပြီး မရောင်းနဲ့” ဟု ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည့် ဗီဒီယိုတခု၌ ပြောကြားခဲ့သည်။
သို့သော် ပန်းချီကား အတုများသည် မြန်မာ့အနုပညာလောကတွင် နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့သည်။ “ခင်ဗျား ပန်းချီကား အတုမဝယ်မိဖို့ စုံထောက်တယောက်လို ဖြစ်နေရမယ်” ဆိုသည့် စကားပင် ရှိသည်။
အတုလုပ် ရောင်းခံရသူများတွင် ယနေ့ခေတ် ထင်ရှားကျော်ကြားသော အနုပညာရှင်များသာ မကပါ။ ကုန်းဘောင်မင်းဆက်နှောင်းပိုင်းနှင့် ကိုလိုနီခေတ်မှ ကျော်ကြားသော ပန်းချီဆရာများဖြစ်သည့် ၁၉၂၁ ခုနှစ်တွင် လန်ဒန်တော်ဝင်အနုပညာကောလိပ်သို့ ပထမဆုံး တက်ရောက်သူ မြန်မာပန်းချီဆရာ ဆရာချုံနှင့် ဦးဘဉာဏ်တို့၏ လက်ရာများကိုလည်း အတု ပြုလုပ်ကြသည်။
မြန်မာ့ခေတ်သစ်အနုပညာလှုပ်ရှားမှုကို ဦးဆောင်သူ ပန်းချီဆရာတဦးဖြစ်သည့် ခင်မောင်ရင်၏ လက်ရာ အတုများသည် ၂၀၁၄ ခုနှစ်တွင် သူ ကွယ်လွန်ပြီးနောက် ဈေးကွက်ထဲ အလုံးအရင်း ဝင်လာသည်။

“ပန်းချီဝါသနာရှင်တွေက ပန်းချီကားတွေကို စုဆောင်းနေသလို တချို့ကလည်း မြန်မာငွေတန်ဖိုးက မခိုင်တော့ ပန်းချီကားတွေ ဝယ်စုကြတယ်။ မော်တော်ကား၊ အိမ်ခြံမြေနဲ့ ရွှေကို ဝယ်ရောင်းလုပ်သလို အခု ပန်းချီကားတွေဆီ ရောက်လာကြတာ။ ဒီကိစ္စ လူတွေ သတိထားမိလာတာကလည်း ပန်းချီကားအတုတွေ အများကြီး ဝယ်ထားမိသူ ရှိလာလို့ပါ” ဟု ရန်ကုန်မြို့ပြခန်းပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်အခြေစိုက် ပန်းချီ ဖန်တီးသူတဦးကလည်း “စီးပွားရေးသမားတချို့က ပန်းချီကားအမြောက်အမြား အတုလုပ်ပြီး ငွေမည်းတွေကို ခဝါချတာကြောင့် ပန်းချီအတုတွေ ဈေးကွက်မှာ ပြည့်နေတာ” ဟု ပြောသည်။
မြစ်ကြီးနားမြို့မှ ပန်းချီဝေဖန်ရေးဆရာ Kotaunay က ယခင်က ပန်းချီကားအတုများကို မှားယွင်းဝယ်ယူခဲ့ဖူးကြောင်း သူ့ ဖေ့စ်ဘွတ်ခ်တွင် “ရန်ကုန်နဲ့ မန္တလေးက စုဆောင်းသူ တော်တော်များများက အတုတွေကို ဝယ်မိနေတာ ကြာပါပြီ။ တချို့က ရှက်လို့ နှုတ်ပိတ်နေကြတယ်။ တချို့ကတော့ အတုကို တတိယဝယ်လက်ဆီ ရောင်းဖို့ ကြိုးစားကြပါတယ်” ဟု ရေးသားခဲ့သည်။
အချို့နာမည်ကြီး အနုပညာရှင်များသည်ပင် အတုအပ လုပ်ငန်းတွင် ကိုယ်တိုင် ပါဝင်လုပ်ကိုင်နေကြသည်ဟု အမည်မဖော်လိုသူ ပြခန်းပိုင်ရှင် တဦးက ပြောသည်။ “ကြီးကြီးမားမား စုဆောင်းသူတွေ လှည့်စားခံရပြီး အနုပညာလောကကို စိတ်ပျက်သွားမှာ စိုးတယ်” ဟုလည်း ပြောသည်။
You may also like these stories:
ကျမတို့ အမွေအနှစ်တွေက တဖြည်းဖြည်း လုံးပါးပါးမှာပဲ
တောင်သမန် ကျောက်ခေတ်နှောင်း အမွေအနှစ်နေရာကို စစ်ကောင်စီ ဖျက်ဆီး
အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး