စစ်အာဏာသိမ်းထားသောမြန်မာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် အားထုတ်မှုများသည် အရာမရောက်သောကြောင့် တည်ငြိမ်မှုရရှိရေး ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထိုင်းနိုင်ငံကို ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
အန်ဝါသည် လွန်ခဲ့သောနှစ် နှောင်းပိုင်းက အာဏာရလာပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။
ထိုင်းအစိုးရသည် မြန်မာစစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေး ထိန်သိမ်းထားခြင်းဖြင့် စစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်မှုများကို အလေးမထားခြင်းကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ခံနေရသည်။
“ဒီ မြန်မာစစ်ကောင်စီနဲ့ အပြုသဘော ထိတွေ့ဆက်ဆံရေးကို ဆက်လုပ်နေတာက လွဲလို့ ကျနော်တို့ လုပ်နိုင်တာ နည်းနည်းပဲရှိတယ်” ဟု အန်ဝါက သတင်းထောက်များကို ပြောသည်။
“ဒါပေမယ့် ဝန်ကြီးချုပ်အနေနဲ့ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖေါ်ပြဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထား ရှိတယ်လို့ ကျနော်ယုံကြည်တယ်” ဟူ သူပြောသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်သော မြန်မာနိုင်ငံ၌ အပြင်းအထန် ဖိနှိပ်ခံရသည့် မွတ်ဆလင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် မကြာသေးမီ နှစ်များအတွင်း မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိရေး အန္တရာယ်များသည့် ပင်လယ်တွင်လှေဖြင့် စွန်စားရသည့် ခရီးကို ပိုမိုကြိုးစားလာကြသည်။
ရိုဟင်ဂျာ တသန်း နီးပါးသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခံရ ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်နေကြသည်။
ဒုက္ခသည် ၂ သိန်းနီးပါးကို သူ၏ နိုင်ငံတွင် လက်ခံထားရခြင်းသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း အန်ဝါ ပြောသည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး တပ်များက အာဏာသိမ်း စစ်ကောင်စီအား ပုန်ကန်တိုက်ခိုက်နေသည့် မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများကို ဖြေရှင်းရေး လက်ရှိအချိန်အထိ အောင်မြင်မှုမရှိသေးသည့် သံတမန်ရေးအားထုတ်မှုများကို ဦးဆောင်နေသည်။
၂၀၂၁ ဧပြီလတွင် စစ်ကောင်စီနှင့် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေး အစီအစဉ်သည် တိုးတက်မှု မရသလောက်ပင်ဖြစ်ပြီး ထိုဘုံသဘောတူညီချက်များတွင် အကြမ်းဖက်မှု ရပ်စဲရန်နှင့် စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုအကြား တွေ့ဆုံဆွေးနွေးရေး ပါဝင်သည်။
လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကို အလွတ်သဘောဆွေးနွေးပွဲသို့ ဖိတ်ခေါ်ပြီး ထိုအစည်းအဝေးတွင် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ပါဝင်ပြီး စစ်ကောင်စီကို ဝေဖန်သော နိုင်ငံများမပါသောကြောင့် အများမျက်ခုံးပင့်စရာဖြစ်ခဲ့သည်။
ASEAN ၏ငြိမ်းချမ်းရေး အစီအစဉ် တိုးတက်မှုမရှိသောကြောင့် စစ်ကောင်စီကို အဖွဲ့၏ ထိပ်တန်း အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံရပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ထိုသို့ ASEAN နိုင်ငံခြားရေး ဝန်ကြီးများနှင့် လူကိုယ်တိုင် တွေ့ဆုံခွင့်ရခြင်းမှာ တနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ASEAN သည် “ရှေ့နောက်ညီညွတ် တက်ညီလက်ညီ အရေးယူမှု” လိုအပ်သည်ဟု အန်ဝါ ပြောသည်။
လွန်ခဲ့သောအပတ်က ဂျကာတွင် ကျင်းပသည့်ဆွေးနွေးပွဲတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ASEAN နိုင်ငံများအနေဖြင့် အထက်ပါငြိမ်းချမ်းရေး အစီအစဉ်အကောင်အထည်ဖေါ်ရေးအတွက် ညီညွတ်ရမည် ဖြစ်ကြောင်းပြောသည်။
You may also like these stories:
မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်
မြန်မာ့စစ်မီး ဟပ်ခံရတဲ့ ထိုင်းနယ်စပ်ရွာလေး
ASEAN ၏ မြန်မာဆိုင်ရာ ခြေလှမ်းသစ်
မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား