မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိုးဘိုအကျဉ်းထောင်တွင် အမျိုးသမီးအိပ်ဆောင်အတွင်း ထောင်ဝန်ထမ်းများက ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေး အကျဉ်းသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂၀ ကျော် ဒဏ်ရာပြင်းထန်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။
အမျိုးသမီး အကျဉ်းသူ တချို့ စကားများ ရန်ဖြစ်သည်ကို ထောင်အာဏာပိုင်များက ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘဲ ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် အမျိုးသမီး အိပ်ဆောင် ၁ နှင့် အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းများနှင့် စည်းကမ်းထိန်း အကျဉ်းသား အမျိုးသား ၁၅၀ ခန့်က ဝင်ရောက် အကြမ်းဖက် ရိုက်နှက်မှုကြောင့် နိုင်ငံရေး အကျဉ်းသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက “ရိုက်နှက်ခံရတဲ့ ဖြစ်စဥ်က ဟုတ်တယ်။ အမျိုးသမီးဆောင်မှာ ဖြစ်တာဆိုတော့ သမဂ္ဂ ကျောင်းသူတချို့ ပါတယ်လို့လည်း သိရတယ်။ တိုက်ပိတ်ထားတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရိုက်နှက်ခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရသူများတွင် ဦးခေါင်းကွဲ ဒဏ်ရာရရှိသူ ၆ ဦး၊ နားရွက်ပြတ်ရှ ဒဏ်ရာရသူ ၂ ဦး၊ လက်ကျိုးသူ ၁ ဦး၊ မျက်လုံးအနီး လေးခွမှန်သူ ၃ ဦး နှင့် မျက်လုံးထဲ မှန်စဝင်သူ ၁ ဦးတို့ ဖြစ်ကြောင်း ၊ ထိုသို့ ဝင်ရောက်ရိုက်နှက်မှုတွင် သံတုတ်၊ ဝါးဆစ်ပိတ်၊ လောက်လေးခွ၊ ကွန်ကရစ်လောက်စာလုံး နှင့် ကျင်စက်များကို အသုံးပြုကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု ကောင်းစွာမပေးသည့်အပြင် နိုင်ငံရေး အကျဉ်းသူ ၇၀ ကျော်ကို အစားအစာ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်ခွင့် မပြုဘဲ ပြစ်ဒဏ်တိုက်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထောင်ဝင်စာ ပေးပို့မှုကိုလည်း ၁ လ ပိတ်ပင်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုမင်းခန့်ကျော်လင်းကလည်း “ထောင်ထဲမှာ ရှိတဲ့လူတွေက လက်နက်လည်း ရှိတာမဟုတ်ဘူး။ ဘာမှ ခုခံနိုင်တဲ့ လူတွေ မဟုတ်တာတောင်မှ ဒီလိုမျိုး ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လုပ်တဲ့ ကိစ္စတွေမှာတော့ တော်တော်လေးကို စိတ်ထိခိုက်ရတယ်။ နောက်ဆက်တွဲ တိုက်ပိတ်တာတွေ လုပ်တယ်လို့ ကြားသိရတဲ့ အတွက် အတော်လေးကို စိတ်မကောင်းဖြစ်ရတယ်။ မန္တလေးက ရဲဘော်တွေနဲ့ အတူ ရပ်တည်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသူများကို ရိုက်နှက်ရုံသာမက၊ ဝတ်ထားသော အင်္ကျီများကို ဆွဲဖြဲခြင်း၊ ပုဆိုးလှန်ပြခြင်း၊ လေးခွဖြင့် ပစ်ခြင်း၊ ရေနွေးပူဖြင့် ပက်ခြင်း၊ အစားအသောက်နှင့် ပစ္စည်းများကို ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ ပြောဆိုချက် နှင့် NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုမင်းခန့်ကျော်လင်းက “နိုင်ငံရေး အကျဉ်သားတွေကို ပိုပိုသာသာ ဖိနှိပ်မှုကတော့ ရှိတယ်။ အဓိက အမျိုးသားတွေဘက်မှာ နိုင်ကျဉ်းသီးသန့် မထားတော့ဘူး။ ရာဇဝတ်သားတွေနဲ့ ထားတယ်။ ရာဇဝတ်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ခိုင်းတယ်။ အမျိုးသမီးဆောင်မှာလည်း အကြမ်းဖက် ကျူးလွန်မှုတွေ တဖြည်းဖြည်း များလာတယ်။ ထောင်ဝင်စာတွေကို ဖြတ်ပြီးတော့ ယူတဲ့ ကိစ္စတွေ။ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ပြီး လုပ်နေတယ် ဆိုတာကတော့ အချက်အလက်တွေ အရ သိရတယ် ဒါက ဘာကိုပြနေလဲဆိုရင် သူတို့တွေက မနိုင် နိုင်ရာ မဲနေတယ်လို့ မြင်ပါတယ်” ဟု သုံးသပ်သည်။
ထိုသို့ အကျဉ်သားများအပေါ် အကြမ်းဖက် နှိပ်စက်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသမီးအရေး လှုပ်ရှားသူများက အပြင်းအထန် ရှုံ့ချကြသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ရဲ့ အကြံပေး ဒေါ်တင်တင်ညိုက အမျိုးသမီးများ၏ အဝတ်အစားများကို စုတ်ဖြဲဖျက်ဆီးခြင်းသည် အင်မတန်ဆိုးရွားသော လုပ်ရပ်ဖြစ်သလို အဆင့်အတန်းမဲ့သည့် အကြမ်းဖက်မှုဖြစ်ကြောင်း ပြောသည်။
၎င်းက “ ဒီလုပ်ရပ်က တော်တော်လေးကို ဆိုးရွားပြီးတော့ အနိမ့်ဆုံး ၊ အဆင့်အတန်းမရှိဆုံး အကြမ်းဖက်မှု တရပ်ဖြစ်တယ်။ လူတွေမှာ ထောင်ကျသွားတယ် ဆိုပေမယ့် နိုင်ငံသား အခွင့်အရေး လူ့အခွင့်အရေးဆိုတာ ရှိတယ်။ ဒါက တကယ့် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ ကျမတို့ အနေနဲ့က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမှာ ဖြစ်တယ်။ ထောင်ဆိုတာ အခုလို အကြမ်းဖက် နှိပ်စက်ရမယ့် နေရာမဟုတ်ဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိုးဘိုးထောင်အာဏာပိုင်ထံသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အိုးဘို အကျဉ်းထောင်သည် ယခင်ကတည်းကပင် နိုင်ငံရေးအမှုများဖြင့် အကျဉ်းကျသည့် အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိသည့် အကျဉ်းထောင် တခုဖြစ်သည်။
အမှုရင်ဆိုင်နေရဆဲ အကျဉ်းသား၊ အကျဉ်းသူများကို ထောင်တွင် ထားရှိရာတွင် အလုပ်များ ခိုင်းစေခြင်း မပြုရဟု အကျဉ်းထောင် လက်စွဲတွင်လည်း ပြဋ္ဌာန်းထားသော်လည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေး ဗဟို အကျဉ်းထောင် (အိုးဘို)၌ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းကလည်း အမှုရင်ဆိုင်ဆဲ အကျဉ်းသူများကိုလည်း ပန်းရံလုပ်ခိုင်းခြင်း၊ ဘိလပ်မြေ အိတ်များ သယ်ခိုင်းခြင်း၊ အဆောင်များကို ထုံးသုတ် ဆေးသုတ်ခိုင်းခြင်း၊ ကျောက်ပြားများ သယ်ခိုင်းခြင်း၊ ထုံးရေဖျော်ပုံးများ သယ်ခိုင်းခြင်း စသည့် ခိုင်းစေမှုများ ရှိခဲ့သည်။
အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသော အမျိုးသမီး စုစုပေါင်း ၂၇၇၈ ဦးရှိပြီး ရန်ကုန်တိုင်းတွင် ၇၅၈ ဦးဖြင့် အများဆုံးဖြစ်ကြောင်း၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျမ်းမျှအားဖြင့် တိုင်း ၁ခုတွင် ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂမှ စုစည်းထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။
You may also like these stories:
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို
စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ