အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းပါဗိုလ်ချုပ်များသည် မလွတ်လပ် မမျှတသည့် ရွေးကောက်ပွဲအတွက် အီလက်ထရွန်းနစ် မဲပေးစက် အသစ်များကို လွန်ခဲ့သောအပတ်က ကြည့်ရှုကြသည်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် (UEC) မှ အရာရှိများက မဲပေးစက်များ မည်သို့အလုပ်လုပ်သည်ကို ဗိုလ်ချုပ်များအား ရှင်းပြကြသည်။
ဘီယာနှင့် လက်ဖက်ခြောက်မှလွဲပြီး မည်သည်မျှ ကောင်းစွာ မထုတ်လုပ်တတ်သော စစ်တပ်က ထိုမဲပေးစက်အသစ်များကို ၎င်းတို့တီထွင်ထားခြင်းဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီကို လက်နက်ရောင်းနေသည့် ရုရှားက ထိုစက်များကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း လေ့လာသူအများစုက ပြောသည်။ သို့သော် နေပြည်တော်မှသတင်းရင်းမြစ်တခုက ထိုကိစ္စတွင် မြန်မာ၏ အိမ်နီးချင်း ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယလည်း ပါဝင်ပတ်သက်နေကြောင်းပြောသည်။
“အဲဒီစက်တွေကို အိန္ဒိယကနေ တင်သွင်းပြီး ရုရှားက လိုသလိုပြုပြင်ပေးတာ” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ထိုစက်များသည် ၎င်းတို့မျှော်မှန်းသည့်အတိုင်း အလုပ်လုပ်ပါက မဲပုံးများနေရာတွင် အစားထိုးမည့်စက်များဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဇော်မင်းထွန်းက သတင်းထောက်များကိုပြောသည်။
စစ်ကောင်စီသည် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု အကြိမ်ကြိမ်ပြောနေသော်လည်း အချိန်အတိအကျ မပြောနိုင်ဖြစ်နေသည်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက ထိုရွေးကောက်ပွဲသည် စစ်တပ်၏အာဏာခိုင်မာစေမည့် အတုအယောင်ဖြစ်ကြောင်း ရှုတ်ချကြသည်။
မဲပေးစက်တွင် ထိန်းချုပ်စနစ်တခု၊ မဲပေးစနစ်တခုနှင့် အတည်ပြုသည့် စနစ်တခု ပါဝင်သည်။ ထိုစနစ် အားလုံးကို ၁၂ ဗို့ဘက်ထရီဖြင့် ဓာတ်အားပေးကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တခုက ဖေါ်ပြသည်။ ပရင်တာ ပုံနှိပ်ကိရိယာနှင့်လည်း ဆက်သွယ်နိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှ ပေါက်ကြားလာသော သတင်းများအရ မဲဆန္ဒရှင်အဖြစ် သရုပ်ဆောင်သူ ၂၀၀၀ ဖြင့် ထိုစက်ကို မဲရုံတခုတွင် စမ်းသပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့လုပ်နေသောကြောင့် စစ်ကောင်စီသည် စက်ဖြင့်မဲပေးသည့် စနစ်ကို မည်သည့်အတွက် သုံးလိုသနည်းဆိုသည့် မေးခွန်းပေါ်ပေါက်လာစေသည်။
တနိုင်ငံလုံးတွင် တိုက်ပွဲများဖြစ်နေသောကြောင့် မဲရုံများတည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် မဲပေးစက်များဖြင့် အွန်လိုင်းမှ မဲပေးရန် စစ်ကောင်စီ စီစဉ်နေကြောင်း လေ့လာသူများက ပြောသည်။
“မဲဆန္ဒရှင်တွေ မဲရုံတွေသွားရင် စက်သုံးတာနဲ့ မသုံးတာ ဘာမှမကွာဘူး။ သူတို့ အဲဒီစက်တွေနဲ့ အွန်လိုင်းက မဲပေးဖို့ လုပ်နေတာ သေချာတယ်” ဟု ရွေးကောက်ပွဲလေ့လာသူတဦးက ပြောသည်။
နိုင်ငံတဝန်း မြို့နယ် ၃၃၀ အနက် တရာကျော်တွင် တည်ငြိမ်မှု မရှိကြောင်းနှင့် ထိုမြို့နယ်များမှ ပြည်သူများ မဲပေးနိုင်ရန် စက်များသုံးမည်ဟု စစ်ကောင်စီက မကြာသေးမီက ကြေညာသည်ဟု ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
စက်များ သုံးရခြင်းနောက်ကွယ်တွင် စစ်ကောင်စီ၏ အခြားအကြံတခုလည်း ရှိနိုင်သည်။ ဒစ်ဂျစ်တယ် နည်းပညာသုံး မဲပေးခြင်းသည် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကို ပိုမိုထိရောက်စွာ မဲလိမ်နိုင်စေသည်။
အီလက်ထရွန်းနစ် မဲပေးသည့် စနစ်အတွက် အဓိက စိန်ခေါ်မှုမှာ ဟက်ကာ များဖြစ်ကြောင်း ပညာရှင်တဦးက ပြောသည်။ “ဒါပေမယ့် စစ်ကောင်စီကို ရုရှားက ကူညီနေတော့ သူတို့အတွက် ပွဲကြီးပွဲကောင်းပေါ့” ဟုလည်း သူပြောသည်။
မဲပေးစက်၏ အားသာချက်တခုမှာ ပယ်မဲ နည်းခြင်းဖြစ်သည်။ အဓိက အားနည်းချက်မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်ကို ပြောင်းလဲနိုင်ခြင်းဖြစ်သည်။
မဲပေးစက်သည် မြန်မာလွှတ်တော် ၂ ရပ်တွင် သုံးသည့် အီလက်ထရွန်းနစ် မဲပေးစနစ်ကို အခြေခံသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးပြောသည်။ ထိုစနစ်တွင် လွှတ်တော်ဥက္ကဌသည် မဲရလဒ်ကို သိနေသည်။ မဲပေးစက်တွင်မူ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက မဲရလဒ်ကို သိနေမည်ဖြစ်သည်။
“အဓိက ပြဿနာက UEC ဥက္ကဌပဲ” ဟုလည်း သူပြောသည်။
လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ သိန်းစိုးသည် ၂၀၁၀ ခုနှစ်ကရွေးကောက်ပွဲတွင် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများကို စီစဉ်ပေးသူဖြစ်သည်။ ယခုအခါ အီလက်ထရွန်းနစ်မဲပေးစက်များဖြင့် ထိုအတိုင်းလုပ်နိုင်ကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောသည်။
“၂၀၁၀ တုန်းက သိန်းစိုးက ကြံ့ခိုင်ရေး အနိုင်ရဖို့ တာဝန်ယူရတယ်။ အခု ၁၃ နှစ်ကြာတော့လည်း သူ့ကို ဒီတာဝန်ပဲပြန်ပေးထားပြီ” ဟုလည်း အထက်ပါလွှတ်တော်ကိုယ်စားလှယ်ပြောသည်။
You may also like these stories :
တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်
ရွေးကောက်ပွဲအတုကျင်းပရေး စစ်ခေါင်းဆောင် တွန်းအားဆက်ပေးနေ
မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်