စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်ပြီး ကျေးရွာများ မီးတိုက်ရှို့သဖြင့် ဒေသခံ သောင်းချီ စစ်ဘေးရှောင် နေရကြောင်း သတင်းရရှိသည်။
ခင်ဦးမြို့နယ်ရှိ သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကန်ကြီး၊ လက်ပံလှ၊ လောင်းရှည်စသည့် ရွာ ၆ ရွာမှ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖာ်ဝါရီ ၁၁ ရက်နေ့မှ စ၍ ၄ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လာရောက် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပါက ခဏတာဖြစ်ပြီးနောက် ဆုတ်ခွာ ရှောင်သွားခြင်းမျိုး ရှိသော်လည်း ယခုအခါ လက်နက်ကြီး လက်နက်ငယ်များကို အဆက်မပြတ် အသုံးပြုကာ စီးနင်းတိုက်ခိုက်မှုများကို နယ်မြေထိန်းချုပ်နိုင်ရေးအတွက် ပိုမို လုပ်ဆောင်လာကြောင်း ဒေသတွင်း အခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “မာရှယ်လော နောက်ပိုင်းက လက်နက် သာလွန်အင်အားနဲ့ ဝင်လာတာဆိုတော့ ကာကွယ်ရေးတပ်တွေက မကပ်နိုင်တော့ ကိုယ့်ရှိတဲ့ မိုင်းကွင်းထဲ ဝင်ရင် မိုင်းဆွဲ၊ ဒီလောက်ပဲပေါ့။ ကျနော်တို့ဘက်က နည်းနည်းလှုပ်လိုက်တာနဲ့ လက်နက်ကြီးနဲ့ စက်လက်တွေက မိုးသီးမိုးပေါက်လို အတင်းကျ တော့တာပဲ “ ဟု ပြောသည်။
စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့မှုများကြောင့် ဖေဖော်ရီ ၁၁ ရက်နေ့တွင် သနပ်စိန်ရွာမှ ၂ အိမ်၊ စောကြီးရွာတွင် ၁၁ အိမ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကွမ်းတိုင်းရွာမှ ၁ အိမ်၊ မင်းကန်ကြီးရွာတွင် ၃၃ အိမ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ပံလှကျေးရွာမှ အိမ်ခြေ ၂၀၀ ကျော်အပြင် အိမ်ခြေ ၆၀၀ကျော် ရှိသည့် လောင်းရှည်ရွာလည်း မီးရှို့ခံရပြီး ပျက်စီးမှုအရေအတွက် မသိရသေးကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ က စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား ထုတ်ပြန်ထားသည်။
ထို့ပြင် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် အကြမ်းဖက်မှုများကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး အကြမ်းဖက်မှုများ လျော့ပါးအောင် ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
သို့သော် ခင်ဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ဒီနယ်မြေတွေကို ထိန်းချုပ် လို့တော့ မရနိုင်ဘူး။ သူတို့ (စစ်ကောင်စီ) မီးရှို့လည်း ရသလိုနည်းနဲ့ ကျနော်တို့ကတော့ တော်လှန်နေမှာပဲ။ သူတို့ရဲ့ အလုပ်ကတော့ မီးပဲ ပတ်ရှို့နေတာပဲ။ ဒီရွာတွေရှိလို့ ထောက်ပံ့နေတယ် ဆိုတဲ့ အနေအထားမျိုးနဲ့ မီးရှို့တာကိုပဲ တော်တော်လေး အသားပေးထားတယ်” ဟု ဆိုသည်။
ယခုအခါ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းဝင်ရောက် မီးရှို့ဖျက်ဆီးမှုများတွင် ရွာအတွင်းရှိ နေအိမ်များကိုသာမက စစ်ရှောင်ရန် ပြင်ဆင်ထားသည့် ရွာအပြင်မှ စစ်ရှောင်တဲများကိုပါ လိုက်လံ မီးရှို့မှုများ ရှိနေခြင်းကြောင့် ပြည်သူများ နေထိုင်စားသောက်ရေး ပိုမို ခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။
စစ်ရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍ ဒေသခံ တဦးက “နီးစပ်ရာ မပြေးရတဲ့ ရွာတွေက ထမင်းထုပ်တွေ ဝေရတာပေါ့။ ပြီးရင်တော့ အိမ်ပြန်ရမှာပေါ့။ အိမ်ပြန်ရမယ် ဆိုပေမယ့် နေစရာ အိမ်လည်း မရှိတော့ဘူး၊ ပြာပုံထဲပဲ။ အခုကတော့ နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ မှာ စုနေရတယ်။ အဲ့ဒီနေရာတွေမှာ မဆန့်လို့ လယ်ထဲယာထဲက ကန်သင်းရိုးပေါ် အိပ်ရတယ်။ ရိုးပြတ်တွေကြားထဲ နေရတယ်။ ချောင်းဖျား၊ မြောင်းဖျားမှာ ပြေးရတယ်” ဟု ပြောသည်။
ထိုကဲ့သို့ စစ်ရှောင်နေစဉ်တွင်ပင် ဖေဖော်ဝါရီ ၁၃ရက် ညပိုင်း၌ လမ်းဘေးရှိ မြောင်းထဲတွင် စစ်ရှောင်အမျိုးသမီး ၁ ဦး ကလေးမီးဖွားခဲ့ရပြီး အတူတူစစ်ရှောင်နေကြသူများက ဝိုင်းဝန်း ကူညီခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကိုသိသည့် ဒေသခံ တဦးက “မြောင်းထဲတင် မွေးသွားတာ ယောကျာ်းလေး။ စစ်ပြေးနေရတဲ့ အချိန် ဓာတ်မီးကလည်း ထိုးမရတော့ မီးတွေကို လက်လေးနဲ့ အုပ်ပြီး မြောင်းကြား၊ ချောင်းကြားမယ် ကုပ်ကုပ်နဲ့ လုပ်ရတာပါဗျာ။ အဝတ်ရှာတဲ့လူကရှာ။ အခုမီးရှို့သွားတဲ့ ရွာဆိုရင် မွေးခါနီး ဖွားခါနီး အမျိုးသမီးတွေအတွက် လုံချည်တွေတောင် မကျန်ခဲ့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ရေဦးမြို့နယ်ဘက်မှ ခင်ဦးသို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ပျူစောထီး လက်နက်ကိုင်များ ပူးပေါင်းပြီး အင်အား ၁၀၀ ခန့်ပါသော အဖွဲ့သည် ယနေ့အထိ ခင်ဦးတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုစစ်ကြောင်းကြောင့် သနပ်စိန်၊ စောကြီး၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည်၊ မန်ကျည်းတုံ၊ ချောင်းဆုံ၊ သံဘိုး၊ လက်ပံကြီး၊ ရသန်း၊ ကျီးကန်နှင့် ရေအေးကုန်း အစရှိသည့် ကျေးရွာာ ၁၀ ရွာကျော်မှ ဒေသခံ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတဝှမ်းက နေအိမ်ပေါင်း ၅၅,၄၈၄ မီးလောင်ကျွမ်းမှုတွင် စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၄၃,၂၉၂ ကျော်ဖြင့် အများဆုံးမီးရှို့ခံရကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။
You may also like these stories:
ခင်ဦးတွင် အရပ်သားများကိုပါ စစ်ကောင်စီက ဆက်တိုက်သတ်ဖြတ်နေ
၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ
ခင်ဦးမြို့နယ်တွင် ၅ ရက် ဒေသခံ ၅ ဦး သတ်ဖြတ်ခံရ
ခင်ဦးတွင် စစ်တပ်က ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်
စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ