အာဏာသိမ်း စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သစ် ပြဋ္ဌာန်းအပြီး နှစ်ပတ်အတွင်း ပါတီမှတ်ပုံတင် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄ ပါတီ ရှိကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပါတီပေါင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုအခါ စစ်တပ် ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တဖြစ်လည်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ (FDP)၊ မြန်မာပြည် သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရက်စီပါတီ (UDP) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့သာ မှတ်ပုံတင် ပြန်လည် လျှောက်ထားကြသေးကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီသည် အာဏာသိမ်းစစ်တပ်၏ လက်ဝေခံပါတီတခုဖြစ်ပြီး မကြာသေးမီက ပါတီတွင်းအကွဲအပြဲများ ဖြစ် ပြီးနောက် ဦးခင်ရီက ပါတီဥက္ကဋ္ဌနေရာ ရယူကာ စစ်တပ်မှ အငြိမ်းစားပေးလိုက်သည့် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုဗိုလ်ချုပ်ကြီး အောင်စိုးတို့လည်း ပါတီထိပ်ပိုင်းရာထူးများတွင် ပါဝင်လာခဲ့သည်။
ပါတီဥက္ကဋ္ဌ ဖြစ်လာသူ ဦးခင်ရီသည် စစ်အာဏာရှင် ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ် အဆင့်ဖြင့် ရဲချုပ်တာဝန်ယူခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၂ ဩဂုတ်လတွင်မှ နုတ်ထွက်ကာ ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဦးခင်ရီသည် အာဏာရှင်များ၏ လက်စွဲတော် လက်မရွံ့ အမာခံတဦးအဖြစ် ထင်ရှားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အစိုးရအပေါ် ပုတ်ခတ်သည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများအား နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ကာ ဦးဆောင်ခဲ့သူတဦး ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ဖွင့်ချရေးသားခဲ့သည်။
ရွေးကောက်ပွဲ သမိုင်းတွင် ကြံ့ခိုင်ရေးပါတီသည် NLD ပါတီ မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲ၌သာ အနိုင်ရဖူးပြီး ကျန်ရွေးကောက်ပွဲများတွင် ပြိုင်ဘက်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ချည်းသာ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်း ၁,၀၈၇ ဦး ဝင်ပြိုင်ခဲ့ရာ ၇၅ နေရာသာ အနိုင်ရခဲ့ပြီး လက်ရှိ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီမှာလည်း ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြိုင် ဘက် NLD ပါတီမှ ဦးတင်ထွန်းနိုင် (လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ် နှံမှု ဝန်ကြီး) အား မဲ ၇,၀၀၀ ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့သော် ကြံ့ခိုင်ရေးပါတီ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု အဆင့် နိုင်ငံတဝှမ်း ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိပြန်သည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ (FDP)မှာ ယခင်က ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ (ကွယ်လွန်) ဦးဆောင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အား အမည်ပြောင်းပြီး ပြန်လည် မှတ်ပုံတင်ခဲ့သည့်ပါတီ ဖြစ်သည်။
လက်ရှိ ပါတီဥက္ကဋ္ဌမှာ ယခင် ပါတီအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဒေါ်သန်းသန်းနုဖြစ်ပြီး ၎င်းသည် ဝန်ကြီး ချုပ်ဟောင်း ဦးနု၏သမီး ဖြစ်ကာ ၎င်းအနေဖြင့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ဖူးသော် လည်း အနိုင်ရခြင်း မရှိခဲ့ပေ။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်း ၃၂ ဦး ယှဉ်ပြိုင်ခဲ့ပြီး တနေရာမှ အနိုင်မရရှိခဲ့ပေ။ ယခု စစ်ကောင်စီ လက်အောက်တွင်မူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ (FDP) အဖြစ် အမည် ပြောင်းလဲ မှတ်ပုံတင်ထားသည်။
FDP သည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပဲခူးတိုင်းအခြေစိုက်ပါတီ အနေဖြင့်သာ အဆင့်လျှော့ချ ရပ်တည် ရန် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် လျာထား ကြိုးပမ်းနေကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးရန်နိုင်ဝင်းက ပြောသည်။
၎င်းက “ဒီမိုကရေစီစနစ် ဖြစ်ဖို့ဆိုတာက ရွေးကောက်ပွဲသည် အခြေခံအကျဆုံး ဖြစ်နေတယ်။ ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီစနစ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်မလို့ ကျနော်တို့က ရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်း၊ ဝင်လုပ်ခြင်း ဖြစ်ပါတယ်။ ဒါက ပါတီရဲ့ ရည်ရွယ်ချက်ပါ” ဟု ဆိုသည်။
မှတ်ပုံပြန်တင်သည့် အခြားပါတီတခု ဖြစ်သော မြန်မာ့ပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) သည် ရန်ကုန်တိုင်းအခြေစိုက် ပါတီတခုဖြစ်ပြီး စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်တွင် တိုင်းအဆင့် ပါတီအနေဖြင့်သာ ပြန်လည် မှတ်ပုံတင်ထားခြင်း ဖြစ်သည်။
အမျိုးဘာသာ၊ သာသနာအရေးနှင့် အမျိုးသားနိုင်ငံရေး ဦးထိပ်ထားကြောင်း ကြေညာထားသည့် MPD ပါတီဥက္ကဋ္ဌမှာ ဦးဌေးကျော်ဆိုသူ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
၎င်းပါတီသည် ၂၀၂၀ ရွေးကောက်တွင် သတ်မှတ်ချက်ပြည့်မီရုံ ကိုယ်စားလှယ်လောင်း ၃ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ ပြီး တနေရာမှ အနိုင်မရခဲ့ပေ။
စစ်ကောင်စီ လက်အောက်တွင် အစောဆုံး အနေဖြင့် မှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့သည့် အထက်ပါ ၃ ပါတီသည် NLD အပြတ်အသတ် အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ သွားရောက် တွေ့ဆုံခဲ့သည့် ၃၄ ပါတီထဲ ပါဝင်ခဲ့သော ပါတီများဖြစ်ပြီး ယင်းလုပ်ရပ်အပေါ် စစ်တပ် အာဏာ သိမ်းရန် တိုက်တွန်းသည့် လုပ်ရပ်အဖြစ် ပြည်သူများက နားလည်ထားကြသည်။
ဖေဖော်ဝါရီ ၉ ရက်က လျှောက်ထားခဲ့သည့် ပါတီမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party-UDP) ဖြစ်ပြီး ယင်းမှာ နှင်းဆီပါတီဟု လူသိများသည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party-UDP) ကို အမည်ပြောင်း ထားခြင်း ဖြစ်သည်။
နှင်းဆီပါတီ ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် (ခ) မိုက်ကယ်ဟွားဟူသည် ၁၉၉၉ ခုနှစ်တွင် မန္တလေးထောင်မှ ထွက်ပြေးလွတ် မြောက်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ ပါတီအား စတင် အခြေတည်ခဲ့ကာ မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက် ပွဲ မတိုင်မီ မှတ်ပုံတင်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့သော်လည်း တနေရာမှ အနိုင်ရခြင်း မရှိခဲ့ပေ။
ထိုသို့ ထောင်ပြေးမှု၊ ကျပ်ဘီလီယံဆယ်ချီသည့် ငွေကြေးတရားမဝင် လွှဲပြောင်းမှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံရသည့် ပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးကျော်မြင့်မှာ လက်ရှိတွင် အင်းစိန်ထောင်တွင်း အကျဉ်းချခံထားရဆဲဖြစ်ပြီး ပါတီမှတ်ပုံပြန်တင် ရာတွင် ဦးဆောင်အဖွဲ့ဝင် ၂၅ ဦး ပါဝင်သော်လည်း ဥက္ကဋ္ဌအဖြစ် မည်သူဦးဆောင်မည်ကို တရားဝင် ထုတ်ပြန်ကြေညာထား ခြင်း မရှိသေးပေ။
နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပြီးလျှင် ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံးပါတီ အနေဖြင့် ၁,၁၄၃ ဦး ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ရာဇဝတ်မှုများကြောင့် ပါတီမှာ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဖျက်သိမ်းခံခဲ့ရပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့သည်။
ရှမ်းပြည်နယ်အခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အားကောင်းသည့်ပါတီ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၉ ဦး အနိုင်ရခဲ့သည်။
PNO ၏ ဥက္ကဋ္ဌမှာ ခွန်စံလွင် ဖြစ်ပြီး မကြာသေးမီက ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
ကောင်စီတွင် ပါဝင်ရန် စစ်ကောင်စီဘက်က ကမ်းလှမ်းလာရာ ပါတီတာဝန်ရှိသူများက လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေသစ်အရ ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့သော်လည်း စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် ပါတီမှတ်ပုံတင်ရေးဥပဒေသစ်ကြောင့် တိုင်းရင်းသားပါတီများ အနေဖြင့် များစွာနစ်နာမှု ရှိနေကြောင်းလည်း ပါတီတာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အခြားသောပါတီများ ဖြစ်သည့် ဒေါက်တာ အေးမောင် ဦးဆောင် သော ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့လည်း ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ဒေါက်တာ အေးမောင်သည် ဦးကျော်မြင့် ဦးဆောင်သည့် နှင်းဆီပါတီ ပြန်လည်ထူထောင်ရပ်တည်ရေး တွေ့ဆုံအကြံပေးခဲ့ သူဖြစ်ပြီး ၎င်း၏ ပါတီကိုလည်း ရခိုင်ပြည်နယ်အခြေစိုက် ပါတီအဖြစ်သာ မှတ်ပုံတင်မည် ဖြစ်သော်လည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပလက်ဝကဲ့သို့ ဒေသများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “နိုင်ငံရေးအားဖြင့် ပြောနိုင်ဆိုနိုင်တဲ့ နိုင်ငံရေးပလက်ဖောင်းတခု လိုအပ်တယ်။ မိမိတို့ အမျိုးသား များရဲ့ Identity ကို တင်ပြဖို့၊ ပြည်ထောင်စုသားအားလုံး သိအောင်၊ ကိုယ့်လူမျိုးတွေလည်း နားလည်အောင် အဲဒီသဘော အရ မှတ်ပုံပြန်တင်ရန် လိုအပ်တယ်လို့ ဆုံးဖြတ်တယ်” ဟု ဆိုသည်။
စစ်ကောင်စီက PR စနစ်ဖြင့် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအား မူလက ယခုနှစ် ဩဂုတ်လတွင် ကျင်းပရန် ကြွေးကြော်ခဲ့သော်လည်း အာဏာသိမ်းထားသည့် နှစ်နှစ်အတွင်း တိုင်းပြည်အား တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘဲ အရေးပေါ်ကာလဖြင့် စစ်အုပ်ချုပ်ရေးအား ၆ လ ထပ်မံ သက်တမ်း တိုးထားရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအား တရားမဝင် အတုအယောင် ရွေးကောက်ပွဲအဖြစ် ကြေညာထားပြီး နေရာအနှံ့တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခင်းအကျင်းမှာ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုထားသည်။
You may also like these stories:
တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်
တိုင်းရင်းသားပါတီတွေ ပြည်ထောင်စုအဆင့်မှာ ရပ်တည်မရအောင် တင်းကျပ်လိုက်တာ
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
ဥက္ကဌ အဖမ်းခံရသည့် နှင်းဆီပါတီ ဘယ်လို ဆက်ရပ်တည်မလဲ
နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ