စစ်ကိုင်းတိုင်း ကသာမြို့နယ် ရွှေလီမြစ်ကမ်းတလျှောက် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၁၁ ရက်မှ ဝင်ရောက်ကာ စ၍ မီးရှို့မှုကြောင့် လူ၃ထောင်ကျော် ထွက်ပြေးနေရသည်။
မီးရှို့ခံရသည့် ရွာများမှာကသာမြိုနယ် အင်းကြီးကျေးရွာအုပ်စုရှိ အင်းကြီး၊ လှေဘို၊ ဘုရားတောင်၊ အင်းမ၊ မယ်ငို(မယ်ညို)၊ သာယာကုန်း၊ တက်တူလယ်စသည့်ကျေးရွာများ ဖြစ်ပြီး အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၂ ဦးနှင့် ဒေသခံ ၄ ဦး အသတ်ခံရကြောင်း သိရသည်။
ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက “မီးရှို့ခံရတာကတော့ ၈ ရွာပေါ့၊ ၁၁ ရက်နေ့က ထိတွေ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၇ ယောက်လောက် သေတာကို မျက်မြင်အတည်ပြုချက်တွေအရ သိရတယ်၊ မယ်ညို ပကဖတယောက် အောက်ပိုင်းကို ကျည်ထိတယ်၊ လူအင်အား၊ လက်နက်အင်အား မမျှလို့ နောက်ဆုတ်ပေးခဲ့ရတယ်၊ ထောက်ပို့ ၂ ယောက် လမ်းမှာ စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံလိုက်ရတယ်၊ လမ်းပြအဖြစ် ဖမ်းခေါ်လာတဲ့ ရွာသား ၄ ယောက်ကိုလည်း သတ်သွားကြတယ်၊ အလောင်းတွေကို အင်းမနဲ့ လှေဘိုရွာကြားမှာ တွေ့ရတာ”ဟု ပြောသည်။
အင်းမကျေးရွာနှင့် လှေဘိုကျေးရွာကြား၌ စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်ခဲ့သည့် အရပ်သား ၄ ဦးမှာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
အထက်ပါတာဝန်ရှိသူက “စစ်ကြောင်းစဝင်လာတဲ့အချိန်မှာ မယ်ညို ပကဖတွေနဲ့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့တယ်၊ ရွာ တွေကို မီးတိုက်တာကတော့ ၁၁ ရက်နေ့ကတည်းကပေါ့၊ ဒီနေ့အထိဆိုရင် ၉ ရက်ရှိသွားပြီ၊ ကြားရက်တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတာရှိခဲ့တယ်၊ အဲဒီလိုတွေကြောင့် ရွာတွေကို မဝင်ခင် ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမလို လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးမှ မီးရှို့တာတွေ လုပ်နေကြတာ၊ ပြီးတော့ ရွှေလီမြစ်ဘေး ငါးအိုးအထိုင်တပ်ထဲကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ ရှိတယ်”ဟု ပြောသည်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ အချို့နေရာများတွင် ဖုန်းလိုင်း ၊အင်တာနက်လိုင်းများ ပြတ်တောက်နေသောကြောင့် စစ်ကြောင်းဝင်လာမည့် သတင်းအား ကြိုမရလိုက်ကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “သူတို့ဝင်လာတာကို ကြိုပြီး မသိရတော့ အချို့ဆို ကိုယ်လွတ်ရုန်းပြေးကြရတာ၊ ကသာနယ်ထဲမှာ ဖုန်းလိုင်း တွေက ရတချက် မရတချက်နဲ့ဆိုတော့ ဘာသတင်းမှ မကြားခဲ့ရပါဘူး၊ သူတို့ အင်းကြီးရောက်ပြီး မီးရှို့တော့မှ သိရတာ၊ အခုတခါ သူတို့လာကြတာက အရင်ကလိုမျိုး မဟုတ်ဘဲ အမြောက်တွေနဲ့ပါ ပစ်တာဗျ၊ ရွာထဲကို တန်းမဝင်ဘဲ တအုန်းအုန်း နဲ့ ၄၊ ၅ ချက်ထက်မနည်း အမြောက်တွေနဲ့ ပစ်တာ၊ ပြီးမှ ရွာတွေကို ဝင်ကြတာ”ဟု ပြောသည်။
ကသာမြို့နယ် ရွှေလီမြစ်ကမ်းတလျှောက်သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ငါးအိုးအခြေစိုက် ခလရ ၁၂၁ နှင့် တပ်မ ၃၃ လက်အောက်ခံတပ်ဖွဲ့ဝင်များက စစ်ကြောင်း ထိုးနေခြင်းဖြစ်ကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် မြေမြှုပ်မိုင်းများကိုလည်း ထောင်ထားခဲ့ကြကြောင်း၊ မြေမြှုပ်မိုင်းများကြောင့် အင်းမကျေးရွာဒေသခံ အမျိုးသားတဦးနှင့် နွားတကောင် ထိခိုက်ဒဏ်ရာရခဲ့သလို လှေဘိုကျေးရွာရှိ အော်ရီဒူးဖုန်းတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရွှေလီမြစ်ကမ်းဘေးရှိ အင်းကြီးကျေးရွာ မီးရှို့ခံရမှုဖြစ်စဉ်တွင် ဘုန်းကြီးကျောင်း၊ တိုက်နယ်ဆေးရုံတို့သာ ချန်ခဲ့ပြီး စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တဦးက “မီးရှို့ခံရတာက ရွာကြီးတွေဆိုတော့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ ကျနော်တို့အဖွဲ့တွေက နောက်ဆုတ်ပေးလိုက်ရတာ၊ ၆၀ မမ၊ ၈၀ မမလို့ ပြောတာကတော့ ပေါက်ကွဲတဲ့ အသံရယ်၊ ပစ်တဲ့အကွာအဝေးတွေကို ခန့်မှန်းတွက်ချက်ပြီးမှ သိရတာမျိုးပေါ့၊ လက်ရှိ မြေပြင်အခြေအနေမှာ ဒီကောင်တွေက သာလွန်အင်အားနဲ့မှ တိုက်ရဲတာမျိုး ဖြစ်နေပြီ၊ အဲဒီလို သာလွန် အင်အားနဲ့ လာတာတောင် အထိနာလာပြီဆိုတာနဲ့ ရွာသားတွေကို ဓားစားခံအနေနဲ့ လူသားဒိုင်း လုပ်မယ်၊ လေကြောင်း ပစ်ကူ တောင်းပြီး ဖောက်ထွက်မယ်၊ ဒါမျိုးပဲ လုပ်တတ်တော့တာကို တွေ့ရတယ်”ဟု ပြောသည်။
ကသာမြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာပေါင်း ၁၄၃ ရွာရှိကာ လူဦးရေ ၁သိန်း၆သောင်းကျော် နေထိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသော ဒေသတခုလည်း ဖြစ်သည်။ ဇန်နဝါရီလအတွင်းကလည်း ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ကုန်း ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှုးအဆင့် အရာရှိတဦးအပါအဝင် သေဆုံး ဒဏ်ရာရရှိသူ များရှိခဲ့သည်။
ထိုသို့အထိနာခဲ့သဖြင့် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်ကောင်စီက တိုက်ကုန်းကျေးရွာအနီးရှိ မိုးတာလေးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အဆိုပါတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲတိုက်ခိုက်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကို လေ့လာစောင့်ကြည့်နေသည့် သုတေသနအဖွဲ့တခု ဖြစ်သော Data for Myanmar၏ စာရင်းများအရ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၄၃၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
You may also like these stories:
ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး
ကသာ မိုးတားတိုက်နယ်ရှိ ရွာများ မီးရှို့ခံနေရ